၂၀၂၀ တိုကျို အိုလံပစ်ကွင်း တည်ဆောက်မယ့် အစီအစဉ်တွေ ပယ်ဖျက်

2020 tokyo

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, မဆောက်ဖြစ်တော့တဲ့ အိုလံပစ်ကွင်း

၂၀၂၀ တိုကျို အိုလံပစ် အတွက် ပြိုင်ပွဲကျင်းပမယ့် အားကစားကွင်း တည်ဆောက်မယ့် အစီအစဉ်တွေကို ဂျပန် အစိုးရက ပယ်ဖျက်လိုက်ပါတယ်။

အဲဒီ အားကစား ကွင်းကြီး တည်ဆောက်ဖို့အတွက် ကုန်ကျ စားရိတ် များလွန်းတာကြောင့် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

အားကစားကွင်း အတွက် တည်ဆောက်စားရိတ် ဒေါ်လာ ၂ ဘီလျံလောက် ကုန်ကျလိမ့်မယ်လို့ ခန့်မှန်းထားတာပါ။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဒါနဲ့ပတ်သက်လို့ အသေအချာ ပြန်လည် သုံးသပ်ရမယ်လို့ ဆိုပါတယ်။

မစ္စတာအာဘေးက ဆောက်လုပ်စားရိတ်က သိပ်များနေလို့ ပြည်သူကရော၊ အားကစားလောက ကရော ဝေဖန်နေကြတဲ့ အကြောင်း ဒီပုံစံနဲ့ ဆိုရင် အားလုံး ပါဝင်ဆင်နွှဲကြတဲ့ ပြိုင်ပွဲကြီး တခုကျင်းပ သွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ သူယူဆတဲ့အကြောင်း ပြောသွားခဲ့ပါတယ်။

ဒီအားကစားကွင်းကို ပိသုကာ ဇာဟာ ဟာဒစ်က ဒီဇိုင်းဆွဲ ပုံစံ ထုတ်ခဲ့တာ ဖြစ်ပြီး သူက ဒီလောက် ကုန်ကျစားရိတ် များတာဟာ သူ့ဒီဇိုင်းကြောင့် ဖြစ်တယ်လို့ ပြောနေကြတာနဲ့ ပတ်သက်လို့ ငြင်းဆို လိုက်ပါတယ်။

ဇာဟာ ဟာဒစ်က ဒေသတွင်းမှာ တည်ဆောက်ရေး စားရိတ်တွေ တက်လာတာနဲ့ စီမံကိန်းပြီးစီးဖို့ ရက်အတိအကျ သတ်မှတ်ထားတာ တွေကြောင့် ဒီလိုဖြစ်ခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီအားကစားကွင်းကို လာမယ့် ၂၀၁၉ ရဂ်ဘီကမ္ဘာ့ဖလား ကျင်းပရင် ဖွင့်လှစ်ဖို့ ရည်မှန်းထားပေမယ့် အချိန်မှီ ပြီးစီးအောင် တည်ဆောက်နိုင်မှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။