တရုတ် ထောင်အတွင်း တိဘက် ဘုန်းတော်ကြီး ပျံလွန်

ဓာတ်ပုံ ရင်းမြစ်, Reuters
တရုတ် နိုင်ငံမှာ အကျဉ်းထောင် အတွင်း ၁၃ နှစ်ကြာ အကျဉ်းချ ခံထားရတဲ့ တိဘက် ဘုန်းတော်ကြီး တစ်ပါး ထောင်ထဲမှာပဲ ပျံလွန်တော်မူ သွားပါတယ်။
သက်တော် ၆၅ နှစ် ရှိပြီ ဖြစ်တဲ့ ဘုန်းတော်ကြီး Tenzin Delek Rinpoche ဟာ ဗုံးတွေ ခွဲမှုမှာ ပတ်သက်တယ် ဆိုပြီး ၂၀၀၂ ခုနှစ်က တရုတ် အစိုးရရဲ့ သေဒဏ် ချမှတ်တာကို ခံခဲ့ရပြီး၊ နောက်တော့ ထောင်ဒဏ် ၂၅ နှစ်အထိ လျှော့ပေးတာ ခံခဲ့ရပါတယ်။
ဘုန်းတော်ကြီးဟာ ထောင်ထဲမှာ ကျန်းမာရေး ဆိုးရွား နေခဲ့တယ်လို့ ယူဆရပါတယ်။
သူ့ကို ထောင်ချတာဟာ တရုတ် အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့လို့ ဖြစ်နိုင်တယ်လို့ ဘုန်းတော်ကြီးကို ထောက်ခံ သူတွေက ယူဆကြပါတယ်။
သူ့ကို ပြန်လွှတ်ပေးဖို့ တိဘက်လူမျိုး ထောင်သောင်း ချီပြီး လက်မှတ်တွေ ရေးထိုး တောင်းဆို ခဲ့ကြသလို၊ နိုင်ငံတကာကလည်း တရုတ်အစိုးရကို တောင်းဆို နေခဲ့တာ ဖြစ်ပါတယ်။




