တရုတ် စတော့ စျေးနှုန်းတွေ ပြန်ခုန်တက်

ဓာတ်ပုံ ရင်းမြစ်, AFP
တရုတ် နိုင်ငံမှာ စတော့ စျေးကွက် တည်ငြိမ်အောင် ထိန်းသိမ်းမှုတွေ ထပ်မံ ပြုလုပ်ခဲ့ပြီးနောက် ဆက်တိုက် ကျဆင်းနေခဲ့တဲ့ အစု ရှယ်ယာ တန်ဖိုးတွေဟာ ကြာသပတေးနေ့မှာ ပြန်လည် ခုန်တက် ခဲ့ပါတယ်။
ရှန်ဟိုင်း အစုရှယ်ယာ စျေးကွက် အညွှန်းကိန်းဟာ ၆ နှစ် အတွင်း အမြင့်ဆုံး အဖြစ် ၆ ရာခိုင်နှုန်း နီးပါး ခုန်တက်ပြီး စျေးပိတ် သွားပါတယ်။
ဟောင်ကောင်က ဟန်ဆင်း ညွှန်းကိန်းဟာလည်း ၄ ရာခိုင်နှုန်း တက်ခဲ့ပါတယ်။
ကုမ္ပဏီ တစ်ခုရဲ့ ရှယ်ယာ ၅ ရာခိုင်နှုန်းထက် ပိုကိုင်ထားသူတွေ နောက် ၆ လ အတွင်း ရှယ်ယာတွေ ထုတ်မရောင်းရဘူးလို့ တရုတ် အစိုးရက တားမြစ် လိုက်ပြီးနောက် အခုလို စျေးနှုန်းတွေ ခုန်တက်ခဲ့တာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ အစုရှယ်ယာ တွေကို ကာလတို အတွင်း ရောင်းချပြီး စျေးကစားသူတွေကို ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေး နေတယ်လို့ တရုတ်ပိုင် ဆင်ဟွာ သတင်းဌာနက ပြောပါတယ်။




