အစုရှယ်ယာစျေးတွေ ကျဆင်းမှု တရုတ် စုံစမ်းမယ်

တရုတ် အစုရှယ်ယာ စျေးကွက်မှာ တသီးပုဂ္ဂလ ရင်းနှီးမြှုပ်နှံသူ သန်း ၉၀ ရှိ။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, တရုတ် အစုရှယ်ယာ စျေးကွက်မှာ တသီးပုဂ္ဂလ ရင်းနှီးမြှုပ်နှံသူ သန်း ၉၀ ရှိ။

တရုတ် နိုင်ငံမှာ အခု ရက်ပိုင်း အတွင်း အစုရှယ်ယာ စျေးနှုန်းတွေ အကြီးအကျယ် ဆက်လက် ကျဆင်းနေတဲ့ အတွက် မသင်္ကာဖွယ်ရာ အစုရှယ်ယာ စျေးကစားမှုတွေကို စုံစမ်း ဖော်ထုတ် သွားမယ်လို့ တရုတ်ပိုင် ဆင်ဟွာ သတင်းဌာနက ဖော်ပြပါတယ်။

ငွေကြေး အရင်းအနှီးတွေ၊ အစုရှယ်ယာ တွေကို မှားယွင်း ရောင်းချတာတွေ ရှိမရှိ ဆိုတာကိုလည်း စုံစမ်း စစ်ဆေး သွားမယ်လို့ တရုတ် အစိုးရက ပြောပါတယ်။

အစုရှယ်ယာ စျေးတွေ ပြန်တက် လာအောင် အစိုးရပိုင် ကုမ္ပဏီတွေက ရှယ်ယာတွေ ဝယ်ယူ နေခဲ့တဲ့ ကြားက အစုရှယ်ယာ စျေးနှုန်းတွေ ဆက်လက် ကျဆင်းနေတာပါ။

ဒီကနေ့ သောကြာနေ့မှာ ရှန်ဟိုင်း အစုရှယ်ယာ ညွှန်းကိန်းဟာ ၆ ရာခိုင်နှုန်း နီးပါး ကျဆင်းပြီး စျေးပိတ် သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ လဆန်းပိုင်း အထိတော့ တရုတ် အစုရှယ်ယာ စျေးနှုန်းတွေက တစ်နှစ် အတွင်း နှစ်ဆကျော် တက်သွား ခဲ့တာပါ။

ဒါပေမယ့် အခုတော့ အရေအတွက် သန်း ၉၀ ရှိတဲ့ တသီးပုဂ္ဂလ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ ရှယ်ယာ စျေးနှုန်းတွေ ကျဆင်းမှုအပေါ် ဘယ်လို တုံ့ပြန်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ပေါ်ပေါက် နေပါတယ်။