အမေရိကန်က မြန်မာအပေါ်ပိတ်ဆို့မှု ၁နှစ်သက်တမ်းတိုး

ဓာတ်ပုံ ရင်းမြစ်, AP
မြန်မာ နိုင်ငံ ပေါ် ထားရှိ တဲ့ အမေရိကန် ရဲ့ ဒဏ်ခတ် ပိတ်ဆို့ မှု တွေ ကို အမေရိကန် သမ္မတ အိုဘားမား က တစ်နှစ် သက်တမ်း တိုးမြှင့် လိုက်ပါတယ်။
ဒီ ဆုံးဖြတ် ချက် ကို ကွန်ကရက်စ် လွှတ်တော် ထံ ကို အကြောင်း ကြားခဲ့တာ မှာ မြန်မာ နိုင်ငံ အတွင်း သိသာ ထင်ရှားတဲ့ တိုးတက် မှု တွေ ရှိလာ ပေမယ့် ရခိုင် ပြည်နယ် အပါအဝင် လူမျိုးစု ဒေသ တွေ မှာ ရှိနေဆဲ ဖြစ်တဲ့ ပဋိပက္ခ တွေ နဲ့ လူ့ အခွင့်အရေး ချိုးဖောက်မှု တွေ အပေါ် စိုးရိမ်ရဆဲ ဖြစ်တယ် လို့ ပြောထားပါတယ်။
ဒီ အချိန်မှာပဲ ရိုဟင်ဂျာ လှေစီး ဒုက္ခသည် တွေ အရေးနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ အနေနဲ့ ယာယီ နေရာ ထိုင်ခင်း ပေးဖို့ အမေရိကန် က တိုက်တွန်း နေသလို ဒီပြင့် ဒေသတွင်း နိုင်ငံတွေ ကိုလည်း ဒီလို လှေမျိုးတွေ ဆိုက်ကပ်လာရင် ပင်လယ်ထဲ ပြန်လည် စေလွှတ်တာ မျိုး မလုပ် ကြဖို့ ဆော်ဩ နေပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ နဲ့ ထိုင်း နိုင်ငံခြားရေး ဝန်ကြီး တို့ ရိုဟင်ဂျာ ဒုက္ခသည် အရေး ဆွေးနွေး ခဲ့တာမှာ ရွှေ့ပြောင်း ဝင်ရောက် သူ တွေ ကို ထပ်ပြီး လက်ခံ ပေး နေရမယ် ဆိုရင် ထိုင်း နိုင်ငံသား တွေ ရဲ့ အလုပ်အကိုင် အခွင့်အလမ်း တွေ ဆုံးရှုံး သွားမှာ ကို စိုးရိမ် နေတယ် လို့ ထိုင်းဘက် က ဆိုပါတယ်။
အင်ဒိုနီးရှား စစ်တပ် အကြီးအကဲ ကလည်း ရွှေ့ပြောင်း ဝင်ရောက် သူတွေ ကြောင့် လူမှုအဖွဲ့ အစည်း အတွင်း မလိုလား အပ်တဲ့ ပြဿနာ တွေ ဖြစ်ပေါ် လာနိုင် တယ် ဆိုပြီး သတိပေး နေပါ တယ်။
မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေ က ထွက်ခွာ လာ ကြသူ လှေစီး ဒုက္ခသည် တွေ ဟာ ဒေသတွင်း နိုင်ငံ တွေ က ဆိုက်ကပ်ခွင့် မပေးတဲ့ အတွက် လူတွေ ထောင်နဲ့ ချီပြီး လှေတွေ ပေါ်မှာ သောင်တင် နေကြရပါတယ်။




