တောင်ကြီးမြို့ ပုဂ္ဂလိကကျောင်းက အဆောင်နေကျောင်းသူတစ်ဦးအဓမ္မပြုကျင့်ခံရမှုက စွပ်စွဲခံထားရသူ လူငယ်ဖမ်းဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့က အောင်မြေသစ်ကိုယ်ပိုင်အထက်တန်းကျောင်းမှာဖြစ်ခဲ့တဲ့ အဆောင်နေ ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်ခံရတယ်ဆိုတဲ့ဖြစ်စဥ်မှာ ကျူးလွန်သူအဖြစ်စွပ်စွဲခံထားရသူ လူငယ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီလို့ အမှုဖြစ်စဥ်ကိုသိထားတဲ့ မြို့ခံတချို့ကပြောပါတယ်။
ကနဦးအချက်အလက်တွေအရ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်မှာရှိတဲ့ အောင်မြေသစ်ကိုယ်ပိုင်အထက်တန်းကျောင်းမှာ အဆောင်နေပြီး ပညာသင်ကြားနေတဲ့ Grade-12 ကျောင်းသူတစ်ဦးကို ကျောင်းပိုင်ရှင်ရဲ့ သားဖြစ်သူ လူငယ်က အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ အမှုဖွင့် တိုင်ကြားချက်ကြောင့် ဇန်နဝါရီ ၁၈ ရက်မှာ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
''အဲဒီလူငယ်ကို သစ်တောရပ်ကွက်၊ အနောက်မြို့ပတ်လမ်းပေါ်မှာရှိတဲ့ ဟိုတယ်တစ်ခုအနီးမှာ ဖမ်းဆီးရမိခဲ့တာ'' လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ လက်ရှိမှာစွပ်စွဲခံထားရသူကို တောင်ကြီးမြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆ (မုဒိန်းမှု)နဲ့ နစ်နာတဲ့သူဘက်က အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ဖြစ်စဥ်အရ ဇန်နဝါရီ ၁၅ ရက် နေ့လယ်ပိုင်းမှာ နစ်နာသူ မိန်းကလေးဟာ နေမကောင်းတာကြောင့် စာသင်ခန်းကနေ အဆောင်မှာပြန်နားနေချိန်မှာပဲ စွပ်စွဲခံထားရသူ လူငယ်ရောက်လာပြီး အဓမ္မပြုကျင့်ခဲ့တာလို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒါအပြင် အဓမ္မပြုကျင့်ချိန်မှာ နစ်နာသူမိန်းကလေးကို မဖွယ်မရာဓာတ်ပုံတွေရိုက်ယူခဲ့ပြီး ကျပ်သိန်း ၂၀ ငွေညှစ်ခဲ့တယ်လို့လည်း ဖော်ပြထားကြပါတယ်။ ဒီအချက်အလက်အပါအဝင် အမှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ဖို့နဲ့ အသေးစိတ်သိရဖို့ ဘီဘီစီက တောင်ကြီးမြို့မရဲစခန်းကို ဆက်သွယ်နေပေမဲ့ ဖုန်းမကိုင်သေးတာကြောင့် မေးမြန်းလို့မရသေးပါဘူး။
ဒါအပြင် ဖမ်းဆီးခံထားရသူဟာ ကျောင်းပိုင်ရှင်ရဲ့သားဖြစ်တယ်ဆိုတဲ့အချက်ကိုလည်း သီးခြားအတည်ပြုနိုင်ဖို့ မေးမြန်းနေပါတယ်။ လက်ရှိ အောင်မြေသစ်ကျောင်းဟာ ဖွင့်ထားဆဲဖြစ်ပေမယ့် မြို့ခံ ကျောင်းသူ၊ ကျောင်းသားမိဘ တော်တော်များများကတော့ ကျောင်းသားတွေကို ကျောင်းအဆောင်မှာမထားတော့ဘဲ အိမ်ပြန်ခေါ်နေကြတယ်လို့ မြို့ခံတစ်ဦးက အတည်ပြုပါတယ်။
“နယ်ဝေးကနေလာတဲ့ ကျောင်းသားတွေတော့ ကျန်နေတာပေါ့” လို့ သူကဆိုပါတယ်။ အောင်မြေသစ်ကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသူတစ်ဦး မဖွယ်မရာကျူးလွန်ခံရမှုနဲ့ပတ်သက်လို့ ဘီဘီစီက ကျောင်းကို ဆက်သွယ်မေးမြန်းခဲ့ရာ ကျောင်းဘက်က ဖုန်းကိုင်ဖြေဆိုပေမဲ့ မေးခွန်းတွေမေးမြန်းချိန်မှာတော့ တစ်စုံတစ်ရာတုံ့ပြန်ဖြေကြားတာမရှိဘဲ ဖုန်းချသွားပါတယ်။
