အီရန် အရေး ရုရှားကို အမေရိကန် ကန့်ကွက်

ဓာတ်ပုံ ရင်းမြစ်, AP
ရုရှားရဲ့ အဆင့်မြင့် ဒုံးကျည် ကာကွယ်ရေး နည်းပညာ အီရန် နိုင်ငံ ဆီ မရောက် ဖို့ ပိတ်ပင် ထားမှုကို ရုရှား အစိုးရ က ဖယ်ရှား ပေး လိုက်တဲ့ အတွက် အမေရိကန် က ကန့်ကွက် လိုက် ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆဂေး လက်ဗရော့ဗ် ကို ဖုန်း နဲ့ ဆက်သွယ်ပြီး ကန့်ကွက် စကား ပြောခဲ့ တာပါ။
အီရန် နျူကလီယာ အစီအစဉ် နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ လ က နိုင်ငံတကာ ရဲ့ အခြေခံ သဘောတူ မှု ရရှိ ခဲ့တဲ့ နောက် အီရန် အပေါ် ၂၀၁၀ ကတည်းက ရုရှား အစိုးရ ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက် နဲ့ ပိတ်ပင် ခဲ့တဲ့ အဲဒီ့ ဒုံးကျည် ကာကွယ်ရေး နည်းပညာ ကို အခု ဆက်လက် ပိတ်ပင် ထားဖို့ မလို တော့ဘူး လို့ မစ္စတာ လက်ဗရော့ဗ် ကလည်း တုန့်ပြန် ခဲ့ပါတယ်။
အမေရိကန် ရဲ့ အမြင် မှာတော့ အဲဒီ့ ပိတ်ပင် မှု ဟာ ကုလသမဂ္ဂ က အီရန် အပေါ် ချမှတ် ခဲ့တဲ့ ကန့်သတ်ချက် တွေ ရဲ့ အစိတ် အပိုင်း အနေနဲ့ ဆောင်ရွက် ခဲ့တာ ဖြစ်တဲ့ အတွက်၊ အီရန် နျူကလီ ယာ အစီအစဉ် နဲ့ ပတ်သက်ပြီး လာမယ့် ဂျွန်လ မှာ အဆုံးသတ် သဘောတူ မှု ထွက်ပေါ် မလာမချင်း ရုရှား အနေနဲ့ မရုတ် သိမ်း သင့်ဘူး လို့ ရှု့မြင် နေတာ ဖြစ်ပါတယ်။
ရုရှားရဲ့ ဆုံးဖြတ်ချက် ဟာ ဒေသတွင်း တည်ငြိမ်ရေး နဲ့ လုံခြုံရေး ရှိဖို့ အထောက် အကူ ပြုစေမှာ ဖြစ်တယ် လို့ အီရန် ကာကွယ်ရေး ဝန်ကြီး ဟူစိန် ဒယ်ဂန် က တော့ ပြောပါတယ်။




