အီရန် နျူ ဆွေးနွေးမှု နောက်ဆုံးအချိန် နီးကပ်လာ

ဓာတ်ပုံ ရင်းမြစ်, Reuters
အီရန် နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး နောက်ဆုံး သတ်မှတ်ရက် ဖြစ်တဲ့ မနက်ဖြန် အင်္ဂါနေ့ အမီ သဘောတူညီချက် ရဖို့ ဆွစ်ဇာလန် နိုင်ငံ၊ လိုဇန်း မြို့မှာ အကြိတ်အနယ် ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ် နေပါတယ်။
အင်အားကြီး ၆ နိုင်ငံ ဖြစ်တဲ့ အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ တရုတ်၊ ရုရှားနဲ့ ဂျာမနီ တို့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ အီရန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဆွေးနွေး နေတာ ဖြစ်ပြီး ၁၈ လ ကြာခဲ့ပြီ ဖြစ်တဲ့ ညှိနှိုင်းမှုတွေကို သဘောတူညီချက် တစ်ခုနဲ့ အဆုံးသတ် လိုက်နိုင်ဖို့ မျှော်လင့် နေကြပါတယ်။
အီရန်ကို အနုမြူ လက်နက် ထုတ်လုပ် နိုင်ခြင်း မရှိအောင် သူ့ရဲ့ နျူကလီးယား အစီအစဉ်ကို အင်အားကြီး နိုင်ငံတွေက ကန့်သတ်မှုတွေ ထားရှိဖို့အတွက် ဆွေးနွေး နေတာ ဖြစ်ပြီး အပြန်အလှန် အားဖြင့် အီရန် အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ပယ်ဖျက်ပေးဖို့ ဖြစ်ပါတယ်။
သဘောတူညီချက် ရဖို့က ဖြစ်နိုင်ပေမယ့် အချို့ ကိစ္စတွေအတွက် ပြေလည်အောင် ညှိနှိုင်းဖို့ လိုနေသေးတယ်လို့ အရာရှိတွေက ပြောပါတယ်။
နျူ အစီအစဉ်ရဲ့ မူဝါဒပိုင်း သဘော တူညီချက်ကို အင်္ဂါနေ့ည မတိုင်မီ ရရှိဖို့ မျှော်မှန်း ထားကြတာ ဖြစ်ပြီး၊ အဲဒီလို သဘော တူညီချက် ရခဲ့မယ် ဆိုရင်တော့ နည်းပညာပိုင်း သဘောတူညီချက် အတွက် ဇွန်လ ၃၀ ရက် နောက်ဆုံး ထားပြီး ဆက်လက် ဆွေနွေး ကြမှာ ဖြစ်ပါတယ်။




