ကူမင်း တိုက်ခိုက်မှုအတွက် ၃ ဦးကို တရုတ် ကွပ်မျက်

ဓာတ်ပုံ ရင်းမြစ်, AFP
တရုတ်နိုင်ငံ၊ ကူမင်းမြို့ ဘူတာရုံမှာ မနှစ်က ဖြစ်ပွားခဲ့တဲ့ ဓားနဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သေဒဏ် ချမှတ် ခံထားရတဲ့ လူ ၃ ဦးကို အခု ကွပ်မျက် လိုက်ပြီလို့ တရုတ် တရားရုံးက ပြောပါတယ်။
အဲဒီ လူ ၃ ဦးဟာ တိုက်ခိုက်မှုမှာ ကိုယ်တိုင် မပါဝင် ခဲ့ပေမယ့် တိုက်ခိုက်သူ တွေကို လေ့ကျင့် ပေးခဲ့တယ်လို့ ဆိုပြီး လူသတ်မှု၊ အကြမ်းဖက်မှု စွဲချက်တွေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာမှာ သူတို့ကို သေဒဏ် ချမှတ် ခဲ့တာပါ။ အမျိုးသမီး တစ်ဦးကိုတော့ တစ်သက်တစ်ကျွန်း ချမှတ် ခဲ့ပါတယ်။
၂၀၁၄ မတ်လက ကူမင်းမြို့ ဘူတာရုံမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီ တိုက်ခိုက်မှု အတွင်း လူ ၃၁ ယောက် သေဆုံးပြီး ၁၄၀ ကျော် ဒဏ်ရာ ရခဲ့ပါတယ်။
တိုက်ခိုက်သူ ၄ ဦးကို ရဲက အသေ ဖမ်းမိခဲ့ပြီး၊ ဒီတိုက်ခိုက်မှုကြောင့် တရုတ် နိုင်ငံ တဝန်း အကြီးအကျယ် တုန်လှုပ် ခဲ့ရပါတယ်။
အခု ကွပ်မျက်လိုက်တဲ့ လူ ၃ ဦးကို အဲဒီ တိုက်ခိုက်မှု မဖြစ်ပွားခင် ၂ ရက် အလို ကတည်းက ဖမ်းမိ ခဲ့တာလို့ ဆိုပါတယ်။
တရုတ် အစိုးရကတော့ ဒီတိုက်ခိုက်မှုဟာ ရှင်ဂျန်း ပြည်နယ်က မွတ်ဆလင် အစွန်းရောက် တွေရဲ့ လက်ချက်လို့ ပြစ်တင် စွပ်စွဲ ခဲ့ပါတယ်။




