တရုတ် ကလေးငယ်တွေ အွန်လိုင်းကနေ ရောင်းစားခံနေရ

ဓာတ်ပုံ ရင်းမြစ်, AFP
တရုတ်နိုင်ငံမှာ ကလေးငယ်တွေကို အွန်လိုင်း ပေါ်ကနေ ကြော်ငြာပြီး အရောင်းအဝယ် လုပ်နေကြတဲ့ ပြဿနာကို ဘီဘီစီရဲ့ စုံစမ်း စစ်ဆေးမှု တစ်ခုက မီးမောင်း ထိုးပြ ထားပါတယ်။
အွန်းလိုင်း ပေါ်က ကြော်ငြာ တစ်ခုထဲမှာ ဆိုရင် ၈ လ သမီးအရွယ် ကလေးမလေးကို ဒေါ်လာ ၃သောင်းနဲ့ ရောင်းဖို့ ကြော်ငြာ ထားတာ တွေ့ရပါတယ်။
ကလေးတွေ မှောင်ခိုကူး ခံရမှုတွေကို တရုတ် ရဲတွေက တားဆီးဖို့ ကြိုးပမ်းနေတဲ့ ကြားက ကလေးတွေကို မွေးစားဟန် ပြပြီး တချို့က အခုလို အရောင်းအဝယ် လုပ်နေကြတာပါ။
တရုတ်နိုင်ငံမှာ ကလေးတွေကို မွေးစားဖို့ ကြော်ငြာတာကို တရားဝင် ခွင့်ပြု ထားပေမယ့် ရောင်းတာ ကိုတော့ ပိတ်ပင် ထားပါတယ်။
တရုတ်နိုင်ငံမှာ တစ်နှစ်ကို ကလေးငယ်ပေါင်း နှစ်သောင်းလောက် နှစ်စဉ် ပြန်ပေးဆွဲ ခံနေရတယ်လို့ ခန့်မှန်းရပြီး အတော်များများက ပြန်လည် ရောင်းစားတာ ခံနေကြရ ပါတယ်။
ကလေး လူမှောင်ခို ကူးသူတွေ အနေနဲ့ ကွပ်မျက် စီရင် အပြစ်ပေးမှုတွေ ခံရနိုင်ပေမယ့် ကလေးတွေကို ငွေပေး ဝယ်သူတွေ အပေါ်မှာလည်း တင်းကျပ်တဲ့ ပြစ်ဒဏ်တွေ ပေးသင့်တယ်လို့ ကလေး မှောင်ခိုကူးမှု ပပျောက်ရေး လှုပ်ရှားသူတွေက ပြောပါတယ်။




