IS တွေ ခရစ်ယာန်တွေကို ဖမ်းဆီးသွား

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ခရစ်ယာန်ရွာတွေကနေ လူအတော်များများကို IS အစ္စလာမ် နိုင်ငံ အဖွဲ့ လက်နက်ကိုင်တွေက ဖမ်းဆီးသွားခဲ့ပါတယ်။
မနက်လင်းအားကြီးအချိန်မှာ အဲဒီ ရွာတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့အပြီးမှာ အခုလို ဖမ်းဆီး သွားခဲ့တာပါ။
အဲဒီ ရွာသားတွေကို ဖမ်းဆီးခဲ့တာကို ဘာသာရေး စစ်ပွဲတွင်းက ခရစ်ယာန်တွေကို မိခဲ့တဲ့ ပုံစံမျိုး IS လက်နက်ကိုင် တဦးက ရည်ညွှန်း ပြောနေတာကို ရေဒီယို ကြားဖြတ် နားထောင်ရာက ကြားခဲ့ရပါတယ်။
အဲဒီ ဒေသမှာ ဟိုးအစဉ်အဆက်ကတည်းက နေထိုင်လာခဲ့တဲ့ လူနည်းစု ခရစ်ယာန်ဘာသာဝင်တွေဟာ IS အဖွဲ့ကို ဆန့်ကျင်တိုက်နေကြတဲ့ ဒေသခံ ကာ့ဒ်စ် တပ်ဖွဲ့ဝင်တွေနဲ့ မဟာမိတ်ပြုထားကြတာ ဖြစ်ပါတယ်။
ကာ့ဒ်စ်နဲ့ တခြား လက်နက်ကိုင် အဖွဲ့တွေက IS တွေကို တူရကီ နယ်စပ်ကနေ တောင်ဘက်ပိုင်းကို တိုက်ထုတ်နေတဲ့အတွက် IS လက်နက်ကိုင်တွေ ဖိအားတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အခုလို ခရစ်ယာန်တွေ ကို ပြန်ပေးဆွဲ ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။




