အဓမ္မမှုနဲ့ လူသတ်မှု အတွက် လူ ၈ ဦးကို အိန္ဒိယ ဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, manoj dhaka
အိန္ဒိယ နိုင်ငံမှာ စိတ်ဝေဒနာသည် နီပေါ အမျိုးသမီး တစ်ယောက် အဓမ္မ ပြုကျင့်ပြီး သတ်ဖြတ် ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး မသင်္ကာသူ လူ ၈ ယောက်ကို ဖမ်းဆီး လိုက်ပြီလို့ ရဲတွေက ပြောပါတယ်။
အဲဒီ စိတ်ဝေဒနာသည် အမျိုးသမီးဟာ ဟာယာနာ ပြည်နယ်၊ ရိုတက် မြို့မှာ ဆေးကုသမှု ခံယူနေစဉ် ဖေဖော်ဝါရီ ၁ ရက်နေ့က ပျောက်ဆုံး သွားခဲ့ပြီး ရက်အနည်းငယ် အကြာ ပြီးခဲ့တဲ့ သီတင်းပတ် မှာတော့ အပိုင်းပိုင်း ဖြတ်ခံထားရတဲ့ သူမရဲ့ ခန္ဓာကိုယ် အစိတ် အပိုင်းတွေကို လယ်ကွင်း တစ်ခုထဲမှာ ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အမျိုးသမီး စတင် ပျောက်သွားတဲ့ အချိန်ကတည်းက ရဲတွေ အနေနဲ့ အရေးယူ ဆောင်ရွက်ဖို့ ပျက်ကွက် ခဲ့တယ်လို့ သူမရဲ့ မိသားစုတွေက စွပ်စွဲ ပြောဆိုပါတယ်။
စိတ်ဆိုး နေကြတဲ့ ဆန္ဒပြသူတွေက မနေ့က တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ အဝေးပြေး လမ်းမကြီးတစ်ခုကို ပိတ်ဆို့ ဆန္ဒပြပြီး မိသားစု အတွက် တရားမျှတမှု ရှိအောင် ဆောင်ရွက်ပေးဖို့ တောင်းဆို ခဲ့ကြပါတယ်။
သီးခြား ဖြစ်ရပ် အနေနဲ့ အိန္ဒိယ အနောက်မြောက်ပိုင်းက ရာဂျာစ်သန် ပြည်နယ်မှာလည်း ဂျပန် ကျောင်းသူ တစ်ယောက်ကို ဒေသခံ တစ်ဦးက အဓမ္မပြုကျင့်မှု တနင်္ဂနွေနေ့က ဖြစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။




