Charlie Hebdo အရောင်းတွင်ကျယ်မှု နဲ့ ဂယက်

charlie_hebdo

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, Charlie Hebdo မဂ္ဂဇင်း အရောင်းတွင်

ပါရီ မြို့မှာ Charlie Hebdo မဂ္ဂဇင်း တိုက်၊ တိုက်ခိုက်မှု ခံရအပြီး မနေ့ က ပထမဆုံး ထုတ်ဝေ Charlie Hebdo မဂ္ဂဇင်း ကို ထုတ်ဝေ ရာမှာ နာရီပိုင်း အတွင်း စာအုပ်ဆိုင် တွေ မှာ ကုန်သွားတာ ကို ဘီဘီစီ သတင်းထောက် ခရစ်မောရစ္စ က ပါရီ က သတင်း ပေးပို့လိုက်ပါတယ်။

ပါရီ မြို့ရှိ စာနယ်ဇင်း အရောင်းဆိုင် က ဆိုရင် သူ့ဆိုင်ရှေ့မှာ မိုးလင်းတာနဲ့ လူတွေ အများကြီး တန်းစီနေတာ တွေ့လိုက်တာနဲ့ လန့်သွားတဲ့ အကြောင်း ပြောပါတယ်။ စာဖတ်သူတွေ ဘက်ကလည်း ဒီတပတ် ထုတ်ဝေတာ ကို မရမှာစိုးလို့ မနက်မိုးမလင်းခင် ကတည်းက လာစောင့်နေတာတွေ ကို ပြောကြ ပါတယ်။

စောင်ရေ အရ လည်း ၅ သန်း ထုတ်ဝေ တာပါ။ တချို့ က ဆိုရင် ဆိုင်တွေ မှာ မရ မှာ စိုးလို့ ကြိုမှာထားသူတွေ လည်း ရှိကြပါတယ် လို့ ပြောကြပါတယ်။

မျက်နှာဖုံးကိုလည်း တမန်တော် မိုဟာမက် ရုပ်ပုံ နဲ့ ပဲ ထုတ်ဝေတဲ့ အတွက် အစ္စလာမ် ဘာသာဝင် နိုင်ငံ တွေ က ကန့်ကွက်ကြပါတယ်။ တူရကီနိုင်ငံ မှာ ဆိုရင် ဒီတပတ် ထုတ် Charlie Hebdo မဂ္ဂဇင်း ရဲ့ မျက်နှာဖုံးပုံ ပါတဲ့ ဝက်ဘ်ဆိုက်တွေ ကို ပိတ်ဆို့လိုက်ပါတယ်။ အာရေဗျ ကျွန်းဆွယ်ဘက်ရှိ အယ်လ်ကိုင်ဒါ ခေါင်းဆောင် က ပါရီ က တိုက်ခိုက်မှု အပေါ် မှာ သူတို့ အဖွဲ့ ရဲ့ ညွှန်ကြားချက် လို့ ဗီဒီယို ရုပ်သံ ထုတ်ပြန် လိုက်ပါတယ်။ ဒီသတင်း ထုတ်ပြန်ချက် မှန်ကန်တယ် ဆိုတဲ့ အတည်ပြုချက် အနေ နဲ့တော့ ထွက်မလာ သေးပါဘူး။ ဒီအကြမ်းဖက် သမားတွေ ကို သူတို့ က ငွေကြေး အကုန်အကျ ခံပြီး၊ ပါရီ ကို ပစ်မှတ်ထား တိုက်ခိုက်စေကြောင်း ပြောသွားတာပါ။

Charlie Hebdo မဂ္ဂဇင်း ကို ဝယ်ယူအားပေးသူတွေ ဘက်ကလည်း လွတ်လပ်စွာ ထုတ်ဖေါ်ခွင့် ကို အကြမ်းဖက် တိုက်ခိုက်မှု နဲ့ တုံ့ပြန်တာ ကို လက်မခံဘူး ဆိုတာ ကို သက်သေထူကြတဲ့ အကြောင်း ပြောပါတယ်။ ဗြိတိန်နိုင်ငံ မှာတော့ စောင်ရေ ၂၀၀၀ ရောင်းဖို့ ခွဲတမ်းရကြောင်း သိရပါတယ်။ လန်ဒန်မြို့ အရှေ့ပိုင်း ဘရစ်လိန်းလမ်းမ ရှိ စာနယ်ဇင်း ဆိုင် ကိုတော့ ဒီမဂ္ဂဇင်း တင်ရောင်းရပါ့ မလား ဆိုပြီး ဆိုင်ကို ဖျက်ဆီးမယ် လို့ ခြိမ်းခြောက် ခံရပုံ ကြားရပါတယ်။