မြောက်ကိုးရီးယားကိုအကြမ်းဖက်စာရင်းသွင်းဘွယ်ရှိ

north_korea_obama_
ဓာတ်ပုံ ပုံစာ, အမေရိကန် သမ္မတ အိုဘားမား

ဆိုနီရုပ်ရှင် ကုမ္ပဏီ ကို ဆိုက်ဘာ တိုက်ခိုက်မှု ပြုတဲ့ အတွက် မြောက်ကိုးရီးယား ကို အကြမ်းဖက် မှု အားပေးတဲ့ စါရင်းထဲ ပြန်လည်ထည့်သွင်း ဖို့ သမ္မတ အိုဘားမား က စဉ်းစားနေတဲ့ အကြောင်း ကို ဘီဘီစီ သတင်းထောက် ချားလ်စ် စကင်လင် က သတင်းပေးပို့ လိုက်ပါတယ်။

မြောက်ကိုးရီးယား အစိုးရ ဘက် ကလည်း သူတို့ မလုပ်ပါဘူး လို့ ပြောတဲ့ အပြင်၊ ဒီ ဆိုက်ဘာ တိုက်ခိုက်မှု ပြုတဲ့ သူတွေ ကို အမေရိကန် နဲ့ ပူးပေါင်း ဖေါ်ထုတ်မယ် လို့ ကမ်းလှမ်းပေမဲ့ အမေရိကန် ကလည်း လက်မခံပါဘူး။ စီအင်အင် နဲ့ သမ္မတ အိုဘားမား တွေ့ဆုံမေးမြန်းခန်းမှာ ဒီ လုပ်ရပ် ဟာ အင်တာနက် က တဆင့် ဖျက်လိုဖျက်ဆီး ပြုလုပ်တဲ့ အတွက် မြောက်ကိုးရီးယား ကို ဆိုက်ဘာ အကြမ်းဖက်မှု စါရင်းဝင် အဖြစ်ပြန်ထည့်သွင်း ဖို့ သူ့အစိုးရ အနေနဲ့ သုံးသပ်နေတဲ့ အကြောင်း ဖြေသွားတာပါ။

တန်ပြန် အရေးယူတဲ့ အခါမှာလည်း စနစ်တကျ တုန့်ပြန်မဲ့ အကြောင်း၊ အမေရိကန် အနေနဲ့ ဒီဂျစ်တယ် ထွန်းကားတဲ့ ကမ္ဘာသစ် ထဲ မှာ နိုင်ငံ အစိုးရ တွေ အနေနဲ့ ရော၊ အစိုးရ မဟုတ်တဲ့ အဖွဲ့တွေ အနေနဲ့ပါ လူသားတွေ ရဲ့ ခေတ်မီ နည်းပညာ တွေ ကို ခိုးယူ ထိုးဖေါက်မှု တွေ ကို ကျူးလွန်တာ ကိုအကာအကွယ် ပေးရမှာပါ လို့ သမ္မတ အိုဘားမား က ပြောသွားတာပါ။

မြောက်ကိုးရီးယား ကို အကြမ်းဖက်မှု ကျူးလွန်တဲ့ နိုင်ငံ စါရင်းထဲ မှာ နှစ်၂၀ ကြာ ထည့်သွင်းထားရာ က ၂၀၀၈ ခုနှစ် ကမှ ပယ်ဖျက်ပေးခဲ့တာပါ။ ဒါကလည်း မြောက်ကိုးရီးယား ရဲ့ နျူကလိယားစွမ်းအင် ထုတ်လုပ်တဲ့ စခန်းတွေ ဘက် ကြည့်ရှု စစ်ဆေးခွင့် ပြုဖို့ သဘောတူခဲ့လို့ ဖြစ်ပါတယ်။

မြောက်ကိုးရီးယား ဟာ ဆိုနီ ကုမ္ပဏီ ရဲ့ The Interview ရုပ်ရှင် ကား ပြသမှု ရုပ်သိမ်းအောင် ခြိမ်းခြောက်မှု တွေ လုပ်ခြင်းဟာ လွပ်လပ်စွာ ထုတ်ဖေါ်ခွင့်ကို ဟန့်တား တာနဲ့ တူနေ တာရယ်၊ ဒီလို ဆိုက်ဘာ တိုက်ခိုက်မှု ကို အလျှော့ပေးခဲ့ရင် နောင်မှာလည်း အလားတူ အင်တာနက် မှ တဆင့် ဖျက်လိုဖျက်ဆီး ပြုမှုတွေ များလာ မှာ စိုးလို့ အမေရိကန် အစိုးရ က အလေးအနက်ထား အရေးယူဖို့ ဖြစ်လာတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် ချားလ်စ် စကင်လင် က ပြောတာပါ။