ဆိုင်ဘာ တိုက်ခိုက်မှု မလုပ်ခဲ့ကြောင်း မြောက်ကိုရီးယား ပြောဆိုမှုကို အမေရိကန် ပယ်ချ

ဓာတ်ပုံ ရင်းမြစ်, AFP
ဆိုနီ ကုမ္ပဏီကို ဆိုင်ဘာ တိုက်ခိုက်မှု ပြုလုပ်ခဲ့တာနဲ့ မဆိုင်ဘူး ဆိုတဲ့ မြောက်ကိုရီးယားရဲ့ ပြောဆိုချက်ကို အမေရိကန်က ပယ်ချ လိုက်ပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းကို လုပ်ကြံ သတ်ဖြတ်ဖို့ ကြံစည်မှုကို ဇာတ်လမ်းလုပ် ရိုက်ကူးထားတဲ့ ဟာသရုပ်ရှင် ထုတ်လုပ်ခဲ့တဲ့ အတွက် ဆိုနီ ရဲ့ ကွန်ပြူတာစံနစ် အတိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။
အမေရိကန် ထောက်လှမ်းရေး FBI က၊ အဲဒီ တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ မြောက်ကိုရီးယား အစိုးရ ရှိနေတယ် ဆိုပြီး ပြောခဲ့သလို၊ အမျိုးသား လုံခြုံရေးနဲ့ နိုင်ငံခြားရေး ကိစ္စတွေကို ကိုင်တွယ်တဲ့ သမ္မတ အိုဘားမား ရဲ့ NSC ကောင်စီကလည်း FBI ပြောဆိုမှုကို သဘောတူ ခဲ့ပါတယ်။
အဲဒီ ဆိုင်ဘာ တိုက်ခိုက်မှု အပေါ် စုံစမ်း နေကြတာတွေ ထဲမှာ ပူးပေါင်း ကူညီမယ် ဆိုပြီး မြောက်ကိုရီးယားရဲ့ ကမ်းလှမ်းလာမှု ကို၊ အမေရိကန်က အခုလို ငြင်းပယ် လိုက်တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယား အနေနဲ့ တကယ်မှ ကူညီလိုတယ် ဆိုရင် ကျူးလွန်ခဲ့တယ် ဆိုတာ ဝန်ခံပြီး၊ ဆိုနီ နစ်နာ ဆုံးရှုံးခဲ့တာ တွေကို လျော်ကြေး ပေးရမယ် ဆိုပြီးတော့လည်း အမေရိကန်က ပြောပါတယ်။




