ကိုရီးယား လေကြောင်း လက်ထောက် အကြီးအကဲ နှုတ်ထွက်

ကိုရီးယား လေကြောင်းလိုင်းရဲ့ လက်ထောက် အကြီးအကဲ Heather Cho

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ကိုရီးယား လေကြောင်းလိုင်းရဲ့ လက်ထောက် အကြီးအကဲ Heather Cho

ကိုရီးယား လေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်မှာ လေယာဉ်မယ်ရဲ့ လုပ်ဆောင်ပုံကို မကျေနပ်လို့ လေယာဉ် ခရီးစဉ်ကို နှောင့်နှေး စေခဲ့တဲ့ လေကြောင်းလိုင်း လက်ထောက် အကြီးအကဲဟာ ရာထူးကနေ နှုတ်ထွက် လိုက်ပါတယ်။

ကိုရီးယား လေကြောင်းလိုင်း ဥက္ကဋ္ဌရဲ့ သမီးလည်း ဖြစ်၊ လေကြောင်းလိုင်းရဲ့ လက်ထောက် အကြီးအကဲလည်း ဖြစ်တဲ့ Heather Cho ဟာ ပြီးခဲ့တဲ့ သောကြာနေ့က နယူးယောက် ကနေ အင်ချွန်းကို ထွက်ခွာတဲ့ လေယာဉ်ပေါ်မှာ လေယာဉ်မယ်က မြေပဲကို ပန်းကန်နဲ့ ထည့်မပေးဘဲ အိတ်နဲ့ ချပေးတဲ့ အတွက် လေယာဉ် ဝန်ထမ်း အကြီးအကဲကို လေယာဉ်ပေါ်ကနေ ချထားခဲ့ဖို့ တောင်းဆို ခဲ့တာပါ။

လေယာဉ်မယ်ရဲ့ ဆောင်ရွက်ပုံနဲ့ ပတ်သက်ပြီး လေယာဉ် ဝန်ထမ်း အကြီးအကဲကို ခေါ်ယူ မေးမြန်းပြီးနောက် အဲဒီ ဝန်ထမ်း အကြီးအကဲကို လေဆိပ်မှာ ပြန်ချထားဖို့ မစ္စက် Cho က လေယာဉ်မှူးတွေကို ညွှန်ကြား ခဲ့တာပါ။

လေယာဉ်ဟာ JFK လေဆိပ် အဆောက်အအုံ ကနေ ဘီးလှိမ့် ထွက်ခွာ လာပြီးမှ ဂိတ်ရှိရာကို ပြန်လှည့် ခဲ့ရတဲ့အတွက် သတ်မှတ် ချိန်ထက် ၁၁ မိနစ် နောက်ကျ ခဲ့ပါတယ်။

ဝန်ထမ်းတွေရဲ့ ဆောင်ရွက်မှုကို အကဲဖြတ် စစ်ဆေးတာဟာ မစ္စက် Cho ရဲ့ တာဝန် တစ်ခု ဖြစ်ကြောင်းနဲ့၊ ဒီဖြစ်ရပ်အတွက် တောင်းပန်ကြောင်း လေကြောင်း ကုမ္ပဏီက ပြောခဲ့ပါတယ်။