ကနေဒါကနေ ရေနံပိုက်လမ်း သွယ်မယ့် စီမံကိန်းကို အမေရိကန် အောက်လွှတ်တော် အတည်ပြု

ဓာတ်ပုံ ရင်းမြစ်, Reuters
ကနေဒါ နိုင်ငံကနေ အမေရိကန် ပြည်ထောင်စုရဲ့ ပင်လယ်ကွေ့ ကမ်းရိုးတန်း ဆီကို ရေနံပိုက်လိုင်း သွယ်တန်းမယ် ဆိုတဲ့ အငြင်းပွားဖွယ်ရာ စီမံကိန်းကို အမေရိကန် အောက်လွှတ်တော် က အတည်ပြု ပေးလိုက်ပါတယ်။
ဒေါ်လာ သန်း ၈ ထောင် ကုန်ကျမယ့် Keystone XL လို့ နာမည် ပေးထားတဲ့ အဲဒီ့ စီမံကိန်း ကနေ တည်ဆောက်မယ့် ပိုက်လိုင်းကနေ တစ်နေ့ကို ရေနံစိမ်း စည်ပေါင်း ၈ သိန်းမက သယ်ဆောင် ပေးနိုင်မယ် လို့ ဆိုပါတယ်။
ရေနံတွေ ယိုဖိတ်နိုင်တဲ့ အန္တရာယ် ရှိလို့ ဆိုပြီး၊ ဒီ စီမံကိန်းကို သဘာဝ ထိန်းသိမ်းရေး အဖွဲ့တွေက အပြင်းအထန် ဝေဖန် ခဲ့ကြပါတယ်။
အမေရိကန် အထက်လွှတ်တော် ဖြစ်တဲ့ ဆီးနိတ်ထဲမှာ ဒီမိုကရက် အမတ်တွေက ဒီ စီမံကိန်းကို အရင်က သဘောမတူ ခဲ့ကြပေမယ့်၊ အခုတော့ မကန့်ကွက် တော့ဘူးလို့ ဆိုပါတယ်။
Keystone XL စီမံကိန်း နဲ့ ပတ်သက်ပြီး ဆီးနိတ် ထဲမှာ၊ လာမယ့် သီတင်းပတ်ထဲမှာ ဆုံးဖြတ်ကြ ပါလိမ့်မယ်။
လွှတ်တော် ၂ ရပ်ပေါင်း သဘောတူခဲ့ရင်တောင် နောက်ဆုံး သမ္မတ အိုဘားမားက ဗီတိုသုံးပြီး ငြင်းပယ်မလား၊ အတည်ပြုပေးမလား ဆိုတဲ့ အဆင့် ရှိပါသေးတယ်။




