အဂတိလိုက်စားမှု တိုက်ဖျက်ရေး APEC ပူးပေါင်းဆောင်ရွက်မယ်

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi

ဓာတ်ပုံ ရင်းမြစ်,

ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi

တရုတ် အမေရိကန်အပါအဝင် အာရှ ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ APEC အေပက်အဖွဲ့ဝင် နိုင်ငံတွေက အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာ ပိုပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ် တွေကို ကြေညာ လိုက်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး အာဏာပိုင်များနှင့် ဥပဒေ အကောင်အထည်ဖော်ရေး အေဂျင်စီများ ကွန်ယက် ACT-NET လို့ နာမည်ပေးထားတဲ့ အဖွဲ့ကို တရုတ်နိုင်ငံ ဘီဂျင်းမြို့မှာ တနင်္လာနေ့ စကျင်းပမယ့် အေပက်ထိပ်သီးဆွေးနွေးပွဲမှာ ဖွဲ့စည်းဖို့ အေပက်ခေါင်းဆောင်တွေ စီစဉ်နေတာ ဖြစ်ပါတယ်။

ပင်လယ်ရပ်ခြားကို တရားမဝင် ရွေ့ပြောင်းထားတဲ့ ပိုင်ဆိုင်မှုအဝဝကို ရှာဖွေ ဖေါ်ထုတ်နိုင်ဖို့ နိုင်ငံတွေ အတူတကွ ပူးပေါင်းဆောင်ရွက်ကြမှာ ဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောပါတယ်။

တရုတ်နိုင်ငံမှာ အဂတိလိုက်စားပြီး နိုင်ငံခြားကို ထွက်ပြေးနေကြတဲ့ တရုတ်အစိုးရအရာရှိတွေကို လိုက်လံ ဖေါ်ထုတ် အရေးယူတဲ့ Operation Fox Hunt စစ်ဆင်ရေးတရပ်ကို ဒီနှစ်ထဲ စတင် ဆောင်ရွက်နေပါတယ်။

တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှု မှတ်တမ်းနဲ့ စီးပွားရေးဆိုင်ရာ ရာဇဝတ်မှုတွေကို သေဒဏ် အပစ်ပေးလေ့ ရှိတာတွေကြောင့် စိုးရိမ်မှုတွေ ရှိနေတဲ့အတွက် အထူးသဖြင့် တရားခံ လွှဲပြောင်းရေးလို ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့ ခက်ခဲနိုင်တယ်လို့ သတင်းထောက် တွေက ပြောပါတယ်။