ရထားလမ်း ဖောက်ဖို့ တရုတ် ကုမ္ပဏီ ဆီက တင်ဒါ မက္ကဆီကို ပြန်ရုပ်

မက္ကဆီကိုက ကုန်ရထား တစ်စီး

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, မက္ကဆီကိုက ကုန်ရထား တစ်စီး

မက္ကဆီကို နိုင်ငံမှာ ပထမဆုံး ကျည်ဆန် ရထားလမ်း ဖောက်လုပ် ပြေးဆွဲဖို့ တရုတ် ဖက်စပ် ကုမ္ပဏီ တစ်ခုကို ဒေါ်လာ ဘီလျံပေါင်း များစွာ တန်တဲ့ တင်ဒါ ခွင့်ပြု ထားတာကို သမ္မတ Enrique Pena Nieto က ရုတ်တရက် ပြန်လည် ရုပ်သိမ်း လိုက်ပါတယ်။

မက္ကဆီကို မြို့တော်နဲ့ ကုန်ထုတ်လုပ်မှု အချက်အချာ နေရာ ဖြစ်တဲ့ ကာရက်တ် အာရို ပြည်နယ် အကြား ကီလိုမီတာ ၂၀၀ အရှည် ရှိတဲ့ အမြန် ရထားလမ်း တစ်ခု ဆောက်လုပ်ခွင့် ကန်ထရိုက်ကို အဲဒီ တရုတ် မီးရထားလမ်း ဆောက်လုပ်ရေး ကော်ပိုရေးရှင်း ကုမ္ပဏီကို တနင်္လာနေ့ ကမှ ချပေးခဲ့တာပါ။

ဒါပေမယ့် တင်ဒါ တင်ခွင့် နောက်ဆုံး သတ်မှတ်ထားတဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ အထိ ကုမ္ပဏီ တစ်ခုတည်းကပဲ တင်ဒါ လျှောက်ခဲ့တာကြောင့် ဥပဒေကြောင်းအရ အတည် ဖြစ် မဖြစ် သံသယတွေကို ရှောင်ရှားတဲ့ အနေနဲ့ အစကနေ တင်ဒါ ပြန်ခေါ်မယ်လို့ သမ္မတ Enrique Pena Nieto က ပြောခဲ့တာ ဖြစ်ပါတယ်။