ပါကစ္စတန်မှာ လူငယ် စုံတွဲ အသတ်ခံရမှု ၄၃ ဦးကို ဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, epa
ပါကစ္စတန် နိုင်ငံမှာ ခရစ်ယာန် ဘာသာဝင် စုံတွဲကို အသေ ရိုက်သတ် ခဲ့မှုနဲ့ ပတ်သက်ပြီး မွတ်ဆလင် ဒေသခံ ၄၃ ယောက်ကို ရဲတွေက ဖမ်းဆီး လိုက်ပါတယ်။
အင်္ဂါနေ့က လာဟိုး မြို့နဲ့ ကီလိုမီတာ ၆၀ လောက် ဝေးတဲ့ မြို့ငယ်လေးမှာ ကိုရမ် ကျမ်းစာကို စော်ကားတယ် ဆိုတဲ့ စွပ်စွဲမှုနဲ့ ခရစ်ယာန် လူငယ် စုံတွဲကို မွတ်ဆလင် ဒေသခံတွေက ဝိုင်းဝန်း ရိုက်သတ် ခဲ့ကြပြီး အုတ်ဖုတ်တဲ့ ဖိုမှာ မီးနဲ့ ရှို့ခဲ့ကြတာ ဖြစ်ပါတယ်။
ပါကစ္စတန် ဝန်ကြီးချုပ် နာဝပ်ဇ် ရှာရစ်ဖ်က ဒီလုပ်ရပ်ဟာ ရက်စက် ကြမ်းကြုတ်ပြီး လက်ခံနိုင်စရာ မရှိဘူးလို့ ပြောပါတယ်။
ဒီလို အုပ်စုဖွဲ့ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ဒေါသထွက်နေတဲ့ ခရစ်ယာန် ဘာသာဝင် နှစ်ရာလောက်က တင်းကျပ်တဲ့ ဘာသာရေး စော်ကားမှု ဆိုင်ရာ ဥပဒေတွေကို ပြင်ပေးဖို့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ လာဟိုးမြို့မှာ ကန့်ကွက် ဆန္ဒပြ ခဲ့ကြပါတယ်။




