အီဘိုလာကို ခုထက်ပို မြန်မြန် တုံ့ပြန်ဖို့ အိုဘားမားပြော

ဓာတ်ပုံ ရင်းမြစ်, APS
အမေရိကန် ပြည်ထောင်စုမှာ အီဘိုလာ ရောဂါ ဖြစ်ပွားမှုအပေါ် အခုထက် ပိုပြီး ပြင်းပြင်း ထန်ထန် တုန့်ပြန် ဆောင်ရွက်သင့်တယ်လို့ အမေရိကန် သမ္မတ အိုဘားမားက ပြောကြား လိုက်ပါတယ်။
လူတယောက်ယောက် အီဘိုလာ ရောဂါ ကူးစက်ခံရပြီ ဆိုတာနဲ့ ရောဂါ ထိန်းချုပ် ကာကွယ်ရေး ဌာနအနေနဲ့ အရေးပေါ် အဖွဲ့ကို ၂၄နာရီအတွင်း ချက်ချင်း လွှတ်ပေးစေလိုကြောင်း အိမ်ဖြူတော်မှာ ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေး ပြောဆိုခဲ့အပြီးမှာ သမ္မတ အိုဘားမားက ပြောကြား သွားပါတယ်။
ဒါ့အပြင် အီဘိုလာ ရောဂါ ထိန်းချုပ်နိုင်ဖို့ ကြိုးစား ရုန်းကန်နေရတဲ့ အာဖရိက နိုင်ငံတွေကို အကူအညီ ပေးရေးဟာလည်း သိပ်ကို အရေးပါတယ်လို့ သမ္မတ အိုဘားမားက ပြောသွားပါတယ်။
တက္ကဆက်စ်ပြည်နယ်မှာ အီဘိုလာ ရောဂါနဲ့ သေဆုံးသွားသူ လူနာကို ကုသခဲ့ရာကနေ ဒုတိယမြောက် သူနာပြု ဆရာမ တဦး ရောဂါ ကူးစက် ခံခဲ့ရကြောင်း အတည်ပြု ခဲ့အပြီးမှာပဲ သမ္မတ အိုဘားမားက အခုလို ပြောဆိုလိုက်တာပါ။
ရောဂါ ကူးစက်ခံရတဲ့ သူနာပြု ဆရာမနဲ့ လေယာဉ် တစင်းထဲ လိုက်ပါလာသူတွေ အားလုံးကို ဆေးစစ် တာတွေ လုပ်လိုကြောင်း အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။




