ရိုဟင်ဂျာက မွေးတဲ့ကလေးကို ဒုက္ခသည်အဖြစ် အသိအမှတ်မပြု

ဓာတ်ပုံ ရင်းမြစ်, Reuters
သြစတြေးလျနိုင်ငံကို မြန်မာနိုင်ငံကနေလှေစီး ဒုက္ခသည် ဖြစ်ရောက်ရှိလာတဲ့ ရိုဟင်ဂျာမိဘက မွေးတဲ့ကလေးတယောက်ကို ဒုက္ခသည်အဖြစ်အကျုံးမဝင်ဘူးလို့ သြစတြေးလျ ဖယ်ဒရယ်တရားရုံးက ဆုံးဖြတ်ပါတယ်။
သြစတြေးလျနိုင်ငံကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာတုန်းက လှေစီးရောက်ရှိလာတဲ့ ဖရွတ်ဆိုသူရဲ့ မိဘတွေကို Nauru ကျွန်းပေါ်မှာထိမ်းသိမ်း ခံထားရပါတယ်။ သူ့မိခင်ကိုတော့ ကိုယ်ဝန်ရှိတဲ့အတွက် ဘရစ်ဘိန်းဆေးရုံကို ပို့ခဲ့ပြီး အဲဒီမှာ ဖရွတ်ကို လမပြည့်ဘဲ မွေးခဲ့ပါတယ်။ အသက်၁၁လအရွယ် ဖရွတ်ဟာ ပင်လယ်ပြင်ကနေ တရားမဝင် လာတယ်ဆိုပြီး လူဝင်မှု ကြီးကြပ်ရေးဌာနက မူလကဗီဇာ ငြင်းဆန်ခဲ့ပါတယ်။
လှေနဲ့ထွက်ပြေးရောက်ရှိလာသူတွေက မွေးတဲ့ကလေးတွေကို သြစတြေးလျနိုင်ငံကျမှ မွေးသည်ဖြစ်စေ တရားမဝင်ဘူးလို့ လူဝင်မှုဥပဒေကို အစိုးရက ပြင်ဖို့လုပ်နေပါတယ်။ ဒီဥပဒေပြင်ဆင်ချက် ထွက်လာရင်တော့ သြစတြေလျမှာ ခိုလှုံခွင့် လျှောက်ထားတဲ့ မိဘက မွေးတဲကလေး၁၀၀ကို ကျွန်းပေါ်က စခန်းကို ပြန်ပို့မှာဖြစ်ပါတယ်။
အခုအခါ ဒါဝင်ထိန်းသိမ်းရေး စခန်းမှာရောက်နေတဲ့ ဖရွတ်မိဘတွေကို အယူခံဝင်ဘို့ သူတို့ရဲ့ရှေ့နေ မူရေးဝိုင်ရပ်က ပြောပါတယ်။
ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံမှာ နိုင်ငံသား အဖြစ်အသိအမှတ် မပြုတဲ့အတွက် ဖရွတ်ကိုသူ့မိဘတွေက နိုင်ငံမဲ့အဖြစ် သြစတြေလျ နိုင်ငံသား လျှောက်ထားစဉ်ဖေါ်ပြပါတယ်။ သြစတြေးလျနိုင်ငံမှာ နိုင်ငံသား မဟုတ်တဲ့ မိဘတွေကမွေးရင် အချိန်ကြာ တောက်လျှောက်နေလာရင် ၁၀နှစ်သားမှာ နိုင်ငံသားအလိုလို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်ပင်လယ်ကနေတဆင့် ခိုးဝင်လာသူတွေကို ဒုက္ခသည် အဖြစ်အသိအမှတ် မပြုဖို့ သြစတြေးလျနိုင်ငံက ပြင်းပြင်းထန်ထန် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။




