ဂျီဟာ့ဒ်တွေကို ချေမှုန်းပိုင်ခွင့် ရှိတယ်လို့ အိုဘားမားပြော

IS လက်နက်ကိုင်အဖွဲ့ကို ချေမှုန်းဖို့ အစီအစဉ်တွေကို သမ္မတ အိုဘားမား ချပြဖို့ ရှိ

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, IS လက်နက်ကိုင်အဖွဲ့ကို ချေမှုန်းဖို့ အစီအစဉ်တွေကို သမ္မတ အိုဘားမား ချပြဖို့ ရှိ

အမေရိကန် သမ္မတ အိုဘားမားက အီရတ်နဲ့ ဆီးရီးယားမှာ ရှိတဲ့ ဂျီဟာ့ဒ် ဝါဒီ လက်နက်ကိုင် တွေကို စစ်ရေးအရ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆင် တိုက်ခိုက်ဖို့ အခွင့်အာဏာ သူ့မှာ ရှိကြောင်း ပြတ်ပြတ်သားသား ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။

အမေရိကန် ကွန်ဂရက်စ် ခေါင်းဆောင်တွေနဲ့ Capitol Hillမှာ တွေ့ဆုံခဲ့စဉ် သမ္မတ အိုဘားမားက အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် IS အစ္စလာမစ် နိုင်ငံအဖွဲ့ကို ချေမှုန်းဖို့ကို အမေရိကန်နိုင်ငံအနေနဲ့ တညီတညွတ်ထဲ ရှိတယ် ဆိုတာကို ကမ္ဘာကို ပြဖို့ အမေရိကန် ကွန်ဂရက်စ် လွှတ်တော်ထံက တုန့်ပြန်ချက်တွေကိုလည်း ကြိုဆိုမှာ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောသွားကြောင်း သူ့ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

သမ္မတ အိုဘားမားဟာ သူ့ရဲ့ စီမံကိန်းတွေကို စက်တင်ဘာ ၁၁ရက် အမေရိကန်နိုင်ငံ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့ နှစ်ပတ်လည်နေ့မတိုင်ခင် နာရီပိုင်း အလို ဗုဒ္ဓဟူးနေ့ညမှာ ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်ဖော် ကြေညာဖို့ ရှိပါတယ်။

လတ်တလော စစ်တမ်း ကောက်ယူမှုတွေအရ အစ္စလာမစ် နိုင်ငံ အဖွဲ့အပေါ် စစ်ရေးအရ တိုက်ခိုက်မှုတွေကို အမေရိကန် နိုင်ငံသား ၃ပုံ ၁ပုံက ထောက်ခံတယ်လို့ သိရပါတယ်။