MH17 အရာဝတ္ထု မျိုးစုံနဲ့ ဝင်ဆောင့် ခံခဲ့ရဟု ဆို

ဓာတ်ပုံ ရင်းမြစ်, Reuters
ဇူလိုင်လက ယူကရိန်းမှာ ပျက်ကျ ခဲ့တဲ့ မလေးရှား လေယာဉ် MH17 ဟာ အရာဝတ္ထု မျိုးစုံနဲ့ အရှိန် ပြင်းပြင်း ဝင်ဆောင့် ခံရလို့ လေထဲမှာ ပေါက်ကွဲ ခဲ့တာ ဖြစ်တယ်လို့ နယ်သာလန် စုံစမ်းရေး အဖွဲ့က ပြောကြား လိုက်ပါတယ်။
လေယာဉ် ပျံသန်းစဉ် စက်မှုပိုင်း ချို့ယွင်းချက် ဒါမှမဟုတ် လေယာဉ်မှူးဘက်က ချွတ်ယွင်းချက်တွေ မရှိခဲ့ဘူးလို့ နယ်သာလန် လေကြောင်း လုံခြုံရေး အရာရှိ တွေရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။
ဒါကြောင့် ဒီလေယာဉ်ဟာ ဒုံးကျည် ထိမှန် ပြီး ပျက်ကျ ခဲ့တယ် ဆိုတာ ဒီ အစီရင်ခံစာက အခိုင်အမာ ညွှန်ပြနေတယ်လို့ မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇက်က ပြောပါတယ်။
ယူကရိန်း အရှေ့ပိုင်းကို မလေးရှား စုံစမ်း စစ်ဆေးရေးအဖွဲ့ နောက်တဖွဲ့ ထပ်လွှတ်ထားပြီး MH17 ရဲ့ ဇာတ်လမ်းစုံကို သိရဖို့နဲ့ ခရီးသည်တွေရဲ့ ရုပ်ကြွင်းအားလုံးကို ပြန်ရဖို့ အတွက် လေယာဉ်ပျက်ရာ နေရာမှာ အဲဒီအဖွဲ့ကို အပြည့်အဝ စစ်ဆေးခွင့် ပေးဖို့ လိုအပ်ကြောင်း မစ္စတာ နာဂျစ်က ပြောကြား ခဲ့ပါတယ်။
MH17 လေယာဉ်ပေါ်မှာ လူ ၂၉၈ ယောက် လိုက်ပါသွားပြီး အားလုံး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။




