MH 370 ပျောက်ဆုံးမှု ၆ လ ပြည့်ပြီ

Yonghegong Lama ဘုရားကျောင်းမှာ မိသားစုဝင်တွေ စုရုံးခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, Yonghegong Lama ဘုရားကျောင်းမှာ မိသားစုဝင်တွေ စုရုံးခဲ့

မလေးရှား လေကြောင်းပိုင် MH370 လေယာဉ် ပျောက်ဆုံးခဲ့တာ ၆ လပြည့်တဲ့ အထိမ်း အမှတ် အဖြစ် လေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည် တွေရဲ့ မိသားစု အချို့ဟာ ဘေဂျင်း မြို့က ဘုရားကျောင်း တစ်ကျောင်းကို စုရုံး ရောက်ရှိခဲ့ကြ ပါတယ်။

မိသားစုဝင် အယောက် ၃၀ လောက်ဟာ Yonghegong Lama ဘုရားကျောင်းမှာ စုရုံး ခဲ့ကြတာ ဖြစ်ပြီး သူတို့ကို ဖယ်ရှားဖို့ ရဲတွေက ကြိုးပမ်းချိန်မှာ စိတ်ဆိုး ဒေါသထွက် ခဲ့ကြတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

MH370 မလေးရှား လေယာဉ်ဟာ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ မနက် စောစောက ကွာလာ လမ်ပူကနေ ဘေဂျင်း မြို့တော်ကို ထွက်ခွာလာစဉ် ရေဒါ အဆက် အသွယ် ပြတ်တောက် သွားခဲ့တာ ဖြစ်ပါတယ်။

လေယာဉ် ပေါ်မှာ ပါသွားခဲ့တဲ့ လူပေါင်း ၂၃၉ ယောက် အနက် ၁၅၃ ယောက်က တရုတ် နိုင်ငံက ဖြစ်ကြပါတယ်။

အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ လေယာဉ်ပျောက် ရှာဖွေရေး အကြီးအကျယ် လုပ်ခဲ့ပေမယ့် အစအန တစုံတရာ မတွေ့ ခဲ့ရပါဘူး။