ယူကရိန်းကို တိုက်နေတယ်လို့ ရုရှားကို နေတိုး စွပ်စွဲ

ဒီ နေတိုး အစည်းအဝေးဟာ ၁၀ စုနှစ် များစွာအတွင်း အရေးအကြီးဆုံးလို့ ဆို

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, ဒီ နေတိုး အစည်းအဝေးဟာ ၁၀ စုနှစ် များစွာအတွင်း အရေးအကြီးဆုံးလို့ ဆို

နေတိုး ထိပ်သီး ဆွေးနွေးပွဲကို ဝေလ ပြည်နယ်မှာ ဖွင့်လှစ်ခဲ့ရာမှာ အစည်းအဝေး တက်ရောက် ကြတဲ့ အနောက်နိုင်ငံ ခေါင်းဆောင်တွေက ယူကရိန်း အရှေ့ပိုင်း မတည်ငြိမ်မှုတွေ အတွက် ရုရှားမှာ တာဝန်ရှိကြောင်း ပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။

အခြေအနေ မထူးခြားသရွေ့ ရုရှားအပေါ် ပိတ်ဆို့မှုတွေကို ဆက်လက် တိုးမြှင့်ဖို့လည်း ပြောဆိုခဲ့ကြပါတယ်။

နေတိုး အတွင်းရေးမှူးချုပ် Anders Fogh Rasmussen ကလည်း ရုရှားဟာ ယူကရိန်းကို တိုက်ခိုက်နေကြောင်း စွပ်စွဲပါတယ်။

ယူကရိန်း အရှေ့ပိုင်းကို ရုရှားက ကျူးကျော်နေချိန်၊ အရှေ့အလယ်ပိုင်းက အစ္စလာမ္မစ် နိုင်ငံ IS အဖွဲ့ရဲ့ အန္တရာယ် ပေါ်ပေါက် နေချိန်တွေနဲ့ တိုက်ဆိုင်နေတာကြောင့် အခု ထိပ်သီး အစည်းအဝေးမှာ အလွန် အရေးကြီးတယ်လို့လည်း နေတိုး အတွင်းရေးမှူးချုပ်က ပြောပါတယ်။

နေတိုးက ယူကရိန်းကို အားပေး ထောက်ခံတဲ့ အနေနဲ့ ယူကရိန်း သမ္မတ Petro Poroshenko ကိုလည်း ဒီအစည်းအဝေးကို ဖိတ်ကြားခဲ့ပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov ကတော့ အမေရိကန်ဟာ ယူကရိန်း အရှေ့ပိုင်း ငြိမ်းချမ်းရေး ရဖို့ ကြိုးပမ်းနေတာတွေကို ဖျက်ဆီးနေတယ်လို့ ပြန်လည် စွပ်စွဲခဲ့ပါတယ်။