သတင်းသမား ခေါင်းဖြတ် အသတ်ခံရမှု စုံစမ်းဆဲ

ဓာတ်ပုံ ရင်းမြစ်, AFP
ဆီးရီးယား နိုင်ငံမှာ အမေရိကန် သတင်းထောက် တစ်ယောက်ကို Islamic State စစ်သွေးကြွ အဖွဲ့က ခေါင်းဖြတ် သတ်ခဲ့ပုံ ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ရှုတ်ချမှုတွေ ပေါ်ထွက် လာခဲ့ပါတယ်။
သတင်းထောက် James Foley ကို ခေါင်းဖြတ် သတ်နေပုံကို ဖော်ပြတဲ့ ဗီဒီယိုသာ တကယ် စစ်မှန်တယ် ဆိုရင်တော့ အမေရိကန် ပြည်ထောင်စု အနေနဲ့ တကယ့်ကို တုန်လှုပ် ခြောက်ခြား ရမှာပါလို့ အိမ်ဖြူတော်က ပြောပါတယ်။
ဒီကိစ္စအပေါ် သမ္မတ အိုဘားမားက မကြာခင်မှာ ကြေညာချက် ထုတ်ပြန်မယ်လို့ မျှော်လင့်ရ ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AP
မစ္စတာ Foley ကို သတ်ဖြတ်သူဟာ ဗြိတိသျှ လေယူလေသိမ်း ရှိပုံရပြီး အဲဒီလူကို ဖော်ထုတ်နိုင်ဖို့ ထောက်လှမ်းရေး ဌာနတွေက စုံစမ်း နေပါတယ်။
မျက်နှာဖုံး စွပ်ထားတဲ့ လူသတ်သမားက ပြောရာမှာ Islamic State အဖွဲ့ကို အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်မှု အတွက် လက်တုံ့ပြန်တဲ့ အနေနဲ့ James Foley ကို သတ်တာ ဖြစ်တယ်လို့ ပြောပါတယ်။
ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကမ်ရွန်းကလည်း သူ့ရဲ့ အားလပ်ရက် ခရီးကနေ လန်ဒန်ကို ချက်ချင်း ပြန်လာခဲ့ပါတယ်။
သတင်းထောက် James Foley ကို သတ်ဖြတ်မှု တကယ် မှန်တယ် ဆိုရင် ဒါဟာ တကယ့်ကို ထိတ်လန့် တုန်လှုပ်စရာ ကောင်းပြီး ယုတ်မာ ရက်စက်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ မစ္စတာ ကင်မရွန်းက ပြောပါတယ်။




