အကြမ်းဖက်အဖွဲ့တွေအရေး ကုလမှာ ဆုံးဖြတ်

united_nations

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, အကြမ်းဖက်အဖွဲ့တွေ အရေး လုံခြုံရေး ကောင်စီမှာ ဆုံးဖြတ်နေပုံ

အစွန်းရောက် အကြမ်းဖက် အဖွဲ့တွေ အတွက် လူသစ် စုဆောင်းပေး တဲ့၊ ငွေကြေးနဲ့ လက်နက် ထောက်ပံ့တဲ့၊ လူပုဂ္ဂိုလ် တစ်ဦးချင်းစီ အပေါ် ပစ်မှတ်ထား ကန့်သတ် အပြစ် ယူမှုတွေ ပြုလုပ်ဖို့ ဆုံးဖြတ်ချက် ကို၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ၊ တခဲနက် ထောက်ခံ အတည်ပြု လိုက်ပါတယ်။

ဒီ ဆုံးဖြတ်ချက် ရရှိလာဖို့၊ အဆို မူကြမ်းကို၊ ဗြိတိန် နိုင်ငံက ရေးဆွဲခဲ့တာ ဖြစ်ပြီး၊ အီရတ်နဲ့ ဆီးရီးယား မှာ၊ ထကြွနေကြတဲ့၊ အစ္စလာမ်မစ် နိုင်ငံတော် ဆွန်နီ အစွန်းရောက် လက်နက်တွေ ကို၊ အင်အား ချိနဲ့သွားအောင် ရည်ရွယ်တာ ဖြစ်တယ် လို့၊ သတင်းထောက်တွေ က သုံးသပ်နေပါတယ်။

အဲဒီ ဆွန်နီသူပုန်တွေ ဟာ၊ ပြင်ပက ဝင်ရောက်လာ တဲ့ ဘဏ္ဍာရေး အထောက်အပံ့တွေ အပေါ် မှီခိုနေတာ ဖြစ်နိုင်ကြောင်း၊ ဗြိတိန်က ယူဆနေပါတယ်။

လုံခြုံရေး ကောင်စီက၊ အခု ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ထဲ မှာ၊ အစ္စလာမ်မစ် နိုင်ငံတော် အဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ အပါအဝင်၊ လူ ၆ ဦး နာမည်ကို ဖော်ပြထားပြီး၊ သူတို့ အပေါ် နိုင်ငံတကာကို ခရီးသွားလာခွင့် ပိတ်ပင်တာ၊ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတာနဲ့ လက်နက်တင်ပို့မှုကို တားမြစ်တာတွေ လုပ်ဆောင် ထားပါတယ်။

လူ ၆ ဦး အပေါ် ပိတ်ဆို့မှုတွေ လုပ်တာကို ကြည့်ရင်၊ လုံခြုံရေးကောင်စီ အနေနဲ့ လက်နက် ကိုင်ထားသူတွေ ကိုရော၊ ထောက်ပံ့ နေသူတွေကိုပါ အရေးယူဖို့ အလေးအနက် သဘောထား နေကြောင်း သိနိုင်ပါတယ် လို့၊ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် Samantha Power ကလည်း ပြောပါတယ်။

ဒါ့အပြင်၊ အယ်ကိုင်းဒါး အဖွဲ့နဲ့ အဆက်အစပ်ရှိတဲ့ အဖွဲ့အားလုံး၊ လက်နက်တွေ စွန့်လွှတ်ပြီး အဖွဲ့တွေ ဖျက်သိမ်းရမယ် ဆိုပြီးတော့လည်း၊ အခု ချမှတ်လိုက်တဲ့ လုံခြုံရေးကောင်စီ အဆုံးအဖြတ်က၊ တောင်းဆိုထားပါတယ်။