တရုတ် ငလျင်ကြောင့် သေဆုံးသူ ၆၀၀ နီးပါး ရှိလာ

ဓာတ်ပုံ ရင်းမြစ်, Reuters
တရုတ် နိုင်ငံ အနောက်တောင်ပိုင်း ယူနန် ပြည်နယ်မှာ တနင်္ဂနွေနေ့က လှုပ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၅၈၉ ယောက် ရှိသွားပြီလို့ တရုတ် အာဏာပိုင်တွေက ပြောပါတယ်။
ငလျင်ဒဏ် ခံခဲ့ရတဲ့ ဒေသမှာ ပြိုကျလာတဲ့ မြေတွေက မြစ်တစ်ခုကို ပိတ်ဆို့ သွားတဲ့ အတွက် ဧရာမ ရေကန်ကြီး အသွင် ဖြစ်သွားခဲ့ပါတယ်။
အဲဒီ နေရာ ကျိုးပေါက်ပြီး ရေကြီး ရေလျှံမှု ဖြစ်လာမှာကိုလည်း နောက်ထပ် စိုးရိမ်နေကြပါတယ်။
ကျွမ်းကျင်သူတွေ ကတော့ အဲဒီ ကန်ကြီး မကြာခင် ကျိုးပေါက်ပြီး အနိမ့်ပိုင်း ဒေသကို ရေဖုံးလွှမ်း သွားနိုင်တယ်လို့ ပြောပါတယ်။
ထောင်နဲ့ချီတဲ့ လူတွေလည်း အဲဒီ နေရာကနေ ထွက်ခွာသွားခဲ့ကြပါပြီ။
မြေပြိုမှုတွေကြောင့် တောင်ပေါ် လမ်းတွေကို သွားလာရ ခက်ခဲစေပြီး ဝေးလံ ခေါင်ဖျား ဒေသက လူတွေဆီကို ကယ်ဆယ်ရေးတွေ ရောက်နိုင်ဖို့လည်း ခက်ခဲနေပါတယ်။
နောက်ဆက်တွဲ ငလျင်ငယ်တွေနဲ့ မိုးဆက်တိုက် ရွာသွန်းမှုတွေကြောင့် အသက်ရှင် ကျန်နေသေးသူတွေကို ပိုမို ဒုက္ခရောက်စေပါတယ်။




