ယူကရိန်းအစိုးရ တဖက်သတ် အပစ်ရပ်

ဓာတ်ပုံ ရင်းမြစ်, AFP
ယူကရိန်း နိုင်ငံ အရှေ့ဘက်ခြမ်း မှာ ရှိနေတဲ့ အစိုးရ တပ်ဖွဲ့တွေ အနေနဲ့၊ ၇-ရက်တိတိ တစ်ဖက်သတ် အပစ်အခတ် ရပ်စဲထားဖို့၊ ယူကရိန်း အစိုးရက အမိန့် ထုတ် လိုက်ပါတယ်။
ဒီလို တစ်ဖက်သတ် အပစ် အခတ် ရပ်စဲ ပေးတာဟာ အဲဒီ ဒေသမှာ ရှိကြတဲ့ ရုရှား လိုလားသူ ခွဲထွက်ရေး ဝါဒီတွေ လက်နက်ချ လာဖို့ အတွက် ကမ်းလှမ်း လိုက်တဲ့ သဘော ဘဲ ဆိုပြီး ယူကရိန်း ပြည်ထဲရေး ဝန်ကြီးဌာနက ဆိုပါတယ်။
ဒီလို အပစ်အခတ် ရပ်စဲပေးတဲ့ အပေါ် နှစ်ဘက်စလုံးက လိုက်နာ ကြဖို့ မျှော့်လင့် ပါတယ် ဆိုပြီး၊ ယူကရိန်း သမ္မတ ပက်ထရို ပိုရိုရှန် ကိုက ပြောပါတယ်။
ဒါပေမယ့် အပစ်ရပ် ကာလ အတွင်း ခွဲထွက်ရေး ဝါဒီတွေက တိုက်ခိုက် လာရင်တော့၊ အစိုးရ တပ်တွေ အနေနဲ့ ပြန်လည် ပစ်ခတ်မှာ ဖြစ်တယ် လို့လည်း မစ္စတာ ပိုရိုရှန်ကို က ပြောပါတယ်။
ယူကရိန်း အရှေ့ပိုင်းမှာ ရှိတဲ့ သူပုန် ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဗလာရီ ဘိုလိုတော့ဗ် ကတော့၊ သူတို့ပိုင်တဲ့ မြေကနေ အစိုးရ တပ်တွေ ဆုတ်ခွာ သွားမှ လက်နက်ကို စွန့်နိုင်မယ် ဆိုပြီး တုံ့ပြန် လိုက်ပါတယ်။
ယူကရိန်း အစိုးရက အခုလို အပစ်အခတ် ရပ်စဲ ပြတာဟာ တစ်ဘက်က သူတို့ တောင်းဆို တာကို လက်မခံရင်၊ အပြင်းထန်ဆုံး အရေးယူ လာတော့မယ် ဆိုပြီး ပြောလိုက်တဲ့ သဘောပဲ လို့ ရုရှား အစိုးရက ပြောပါတယ်။
အမေရိကန် ပြည်ထောင်စု ကတော့ ယူကရိန်း နယ်မြေတွေ အတွင်း ရုရှားတပ်တွေ ပါ၀င် ပတ်သက်မှုကို၊ လုံးဝ လက်ခံမှာ မဟုတ်ဘူး ဆိုပြီး ပြောထားပါတယ်။
ယူကရိန်း နယ်စပ်မှာ ရုရှားတပ်တွေ အင်အား တိုးမြင့် ချနေတဲ့ အပေါ်လည်း၊ စိုးရိမ်ကြောင်း အမေရိကန် အစိုးရက ပြောထားပါတယ်။








