OSCE အဖွဲ့ဝင် ၄ ဦး ထပ်မံ ပျောက်ဆုံးနေ

ဓာတ်ပုံ ရင်းမြစ်, AP
ယူကရိန်း အရှေ့ပိုင်းမှာ စစ်ရေး လေ့လာ စောင့်ကြည့်နေတဲ့ နိုင်ငံတကာ စောင့်ကြည့် လေ့လာသူတွေထဲက နောက်ထပ် ၄ ဦးနဲ့ ထပ်မံ အဆက်အသွယ် ပြတ်သွားတယ်လို့ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်း ဆောင်ရွက် အဖွဲ့ OSCE က ပြောကြားလိုက်ပါတယ်။
လေ့လာ စောင့်ကြည့်သူတွေနဲ့ သူတို့အတွက် ဘာသာ ပြန်ပေးနေသူတို့ဟာ ဆာဗရို ဒေါ်ညက်စ် မြို့မှာ မနေ့က လက်နက်ကိုင် အဖွဲ့ရဲ့ တားမြစ်တာကိုလည်း ခံခဲ့ရတယ်လို့ သြစတီးယား နိုင်ငံ ဗီယင်နာ မြို့မှာ အခြေစိုက်တဲ့ ဒီ OSCE အဖွဲ့ က ပြောပါတယ်။
နောက်ထပ် အဖွဲ့ဝင် လေးဦးကတော့ အခု သီတင်းပတ် အစောတုန်းက ဒွန်းညက်စ်မြို့မှာ ရုရှား လိုလားသူ ခွဲထွက်ရေး သမားတွေရဲ့ ဖမ်းဆီး ထိန်းသိမ်းတာကို ခံခဲ့ရပြီးနောက် ပျောက်ဆုံး နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။
ယူကရိန်း အစိုးရက နိုင်ငံ အရှေ့ပိုင်းမှာ တည်ငြိမ် အေးချမ်းမှု ပြန်လည် ရရှိသည်အထိ ရုရှားလိုလားသူ သူပုန်တွေအပေါ် စစ်ဆင်မှုတွေကို အရှိန်မြှင့် ဆောင်ရွက် သွားမယ်လို့ အစောပိုင်းက ပြောကြားထားပါတယ်။




