သန်းနဲ့ချီတဲ့ လူတွေ မဲလာပေးတဲ့ အတွက် ဂုဏ်ယူ ဝမ်းမြောက်

အာဖဂန် နစ္စတန် သမ္မတ ရွေးကောက်ပွဲမှာ အကြမ်းဖက် တိုက်ခိုက်မယ်လို့ တာလီဘန်တွေရဲ့ ခြိမ်းခြောက်မှု ရှိနေတဲ့ ကြားက သန်းနဲ့ချီတဲ့ လူတွေ မဲလာပေးတဲ့ အတွက် ဂုဏ်ယူ ဝမ်းမြောက်မိတယ်လို့ ရာထူးက စွန့်ခွာတော့မယ့် သမ္မတ ဟာမစ်ခါဇိုင်းက ပြောပါတယ်။
မစ္စတာ ခါဇိုင်းနေရာမှာ သမ္မတသစ် တယောက် အစားထိုးမယ့် ဒီရွေးကောက်ပွဲဟာ အရေးပါတဲ့ သမိုင်း မှတ်တိုင် တခု ဖြစ်တယ်လို့ အမေရိကန် သမ္မတ အိုဘားမားက ပြောကြားလိုက်ပါတယ်။
အခု မဲပေးပွဲဟာ တာလီဘန်တွေနဲ့ ပတ်သက်လို့ လူထုဆန္ဒခံယူပွဲ သဖွယ် မြင်ရတယ်လို့ ကာဘူးမြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
အာဖဂန် ပြည်သူတွေဟာ တာလီဘန်တွေရဲ့ အကြမ်းဖက်မှုကို အန်တုတဲ့ အနေနဲ့ မင်ပေနေတဲ့ လက်ချောင်းလေးတွေကို ပြပြီး ဂုဏ်ယူ အောင်ပွဲခံနေကြတာကို မြင်တွေ့ရပါတယ်။
တချို့ဆိုရင် ကာဘူးလ် မြို့က လမ်းတွေပေါ်မှာ ကခုန် မြူးတူး နေကြပါတယ်။
တရားဝင် ထုတ်ပြန်ချက်တွေ အရ မဲလာပေးသူ ၅၈ ရာခိုင်နှုန်း ရှိခဲ့ပြီး ဒါဟာ အရင်ရွေးကောက်ပွဲထက် မဲလာပေးသူ အကြီးအကျယ် တိုးလာတာ ဖြစ်ပါတယ်။




