ဗဟိုအာဖရိကကို ပြင်သစ်တပ်တွေ ထပ်လွှတ်မည်

ဗဟိုအာဖရိက သမ္မတနိုင်ငံ လုံးဝဥသုံ ပြိုကျတော့မယ့် အခြေအနေကနေ ကယ်တင်နိုင်ဖို့ အတွက် တပ်ဖွဲ့ဝင် ရာနဲ့ချီပြီး နောက်ထပ် စေလွှတ်ဖို့ ပြင်ဆင်နေတယ်လို့ ပြင်သစ်နိုင်ငံက ပြောကြားလိုက်ပါတယ်။
ရှိနှင့်ပြီး တပ်ဖွဲ့တွေကို အင်အားထပ်ဖြည့် သွားမှာဖြစ်ပြီး ရှေ့သီတင်းပတ်မှာ ထွက်ပေါ်လာမယ့် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို အခု စောင့်နေတာ ဖြစ်တယ် လို့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး လောရန့် ဖက်ဗျူးစ် က ပြောသွားပါတယ်။
ဗဟို အာဖရိက သမ္မတ နိုင်ငံမှာ သူပုန်တွေနဲ့ စစ်သွေးကြွတွေကို ခုခံဖို့အတွက် ကြားဖြတ်အစိုးရဟာ အာဏာမရှိတော့ဘဲ၊ နိုင်ငံဟာ ကသောင်းကနင်း ဖြစ်နေပြီလို့ မျက်မြင် အခြေအနေတွေကို ကိုးကားပြီး ကုလသမဂ္ဂ အရာရှိတွေက ပြောပါတယ်။
လူမျိုးတုန်း သတ်ဖြတ်မှုတွေ ဖြစ်လာနိုင်တယ် လို့လည်း တချို့ အရာရှိတွေက သတိပေးနေကြပြီ ဖြစ်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ နိုင်ငံတကာ တုန့်ပြန်မှု တခု အနေနဲ့ လက်ရှိ အာဖရိက သမဂ္ဂ တပ်ဖွဲ့ဝင် အရေအတွက်ကို အလုံးအရင်းနဲ့ ထပ်တိုးပြီး အပြင်းအထန် ဆောင်ရွက်ဖို့ကို ပြင်သစ်တို့က အလိုရှိနေပါတယ်။
ဗဟိုအာဖရိက သမ္မတ နိုင်ငံ က ပြည်သူတွေဟာ ဘယ်လိုမှ တွေးထင် မထားတဲ့ ဒုက္ခ သုက္ခတွေကို ခံစားနေကြရတာ ဖြစ်တယ်လို့ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမျူးချုပ် ယန် အလီယာဆွန် Jan Eliasson က ပြောပါတယ်။




