ပြင်သစ် သတင်းထောက် နှစ်ယောက် မာလီမြောက်ပိုင်းမှာ အသတ်ခံရ

ပြန်ပေးဆွဲပြီး အသတ်ခံခဲ့ရတဲ့ သတင်းထောက်တွေ
ဓာတ်ပုံ ပုံစာ, ပြန်ပေးဆွဲပြီး အသတ်ခံခဲ့ရတဲ့ သတင်းထောက်တွေ

Radio France Internationale ရေဒီယို ဌာနက ပြင်သစ် သတင်းထောက် နှစ်ယောက် မာလီနိုင်ငံမြောက်ပိုင်းမှာ အသတ်ခံခဲ့ရတယ်လို့ ပြင်သစ် နိုင်ငံခြားရေး ဌာနက အတည်ပြု ပြောကြားလိုက်ပါတယ်။

ကီဒဲလ် မြို့မှာ အစောပိုင်းတုန်းက သေနတ်သမားတွေ ပြန်ပေးဆွဲတာ ခံခဲ့ရတဲ့ Ghislaine Dupont နဲ့ Claude Verlon တို့ရဲ့ အလောင်းတွေကို တွေ့ပြီလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြင်သစ် သမ္မတ ဖရန်ဆွာ အိုလွန်းက ဒါဟာ စက်ဆုပ် ရွံရှာဖွယ် ကောင်းတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဆိုပြီး ဒီဖြစ်ရပ်ဟာ လက်မခံနိုင်စရာဘဲ လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အခုလို နာကျင် ကြေကွဲဖွယ်ကောင်းတဲ့ ဖြစ်ရပ်အတွက် သက်ဆိုင်ရာ မိသားစုတွေ ၊ ပြင်သစ် အစိုးရ တို့နဲ့ ထပ်တူထပ်မျှ မာလီ အစိုးရကလည်း စိတ်မကောင်း ဖြစ်မိပါတယ်လို့ မာလီ အစိုးရ ပြောခွင့်ရသူက ဆိုပါတယ်။

အသတ်ခံရတဲ့ သတင်းထောက် နှစ်ယောက်ကို ထရပ်ကားပေါ်အတင်းတက်ခိုင်းပြီး သူတို့ကို အဲဒီကားနဲ့ သဲကန္တာရထဲကို အရှိန်ပြင်းပြင်း မောင်းနှင်ခေါ်ဆောင်သွားတာ တွေ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။