ကင်ညာ တိုက်ခိုက်မှုမှာ နော်ဝေးနိုင်ငံသား ပါဝင်

နော်ဝေး နိုင်ငံသား ဟက်ဆန် အက်ဘ်ဒီ ဒူဟူလိုဟာ ဆိုမားလီးယားနိုင်ငံမှာ မွေးဖွားခဲ့
ဓာတ်ပုံ ပုံစာ, နော်ဝေး နိုင်ငံသား ဟက်ဆန် အက်ဘ်ဒီ ဒူဟူလိုဟာ ဆိုမားလီးယားနိုင်ငံမှာ မွေးဖွားခဲ့

ကင်ညာနိုင်ငံမှာ ပြီးခဲ့တဲ့လတုန်းက Westgate ကုန်ပဒေသာတိုက်ကြီးမှာ တိုက်ခိုက်မှုတွေ လုပ်ခဲ့သူလို့ ယူဆရသူတွေထဲက တဦးဟာ အသက်၂၃နှစ် အရွယ် နော်ဝေး နိုင်ငံသား ဖြစ်ကြောင်း ထုတ်ဖေါ် သိရှိရပါတယ်။

ဟက်ဆန် အက်ဘ်ဒီ ဒူဟူလို ဆိုတဲ့ အဲဒီလူဟာ ကုန်တိုက်ကြီးထဲက CCTV ကင်မရာတွေမှာ တွေ့ရတဲ့ သေနတ်သမား ၄ဦးထဲက တဦး ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ယူဆနေကြောင်း ဘီဘီစီက သိရပါတယ်။

သူ့ကို ဆိုမာလီးယား နိုင်ငံမှာ မွေးဖွားခဲ့တာ ဖြစ်ပေမယ့် အသက် ၉နှစ်အရွယ်မှာ သူ့မိသားစုနဲ့အတူ နော်ဝေးနိုင်ငံ လာဗစ်ခ် ကမ်းခြေမြို့ဆီ ထွက်ပြေး သွားခဲ့တာ ဖြစ်ပြီး အရွယ် ရောက်လာချိန်မှာ ဆိုမာလီးယားနိုင်ငံ မိုဂါဒစ်ရှူးမြို့ဆီ ပြန်လာခဲ့တာ ဖြစ်ပါတယ်။

နိုင်ရိုဘီမြို့မှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၆၇ဦးသေဆုံးခဲ့ပါတယ်။

အယ်လ် ရှာဘာ့ဘ် ဆိုမာလီ အစ္စလာမစ် အဖွဲ့က ဒီတိုက်ခိုက်မှုကို သူတို့ လုပ်တာလို့ ပြောပါတယ်။

သေနတ်သမားတွေ ပထမဆုံး ပစ်ခတ်ခဲ့ချိန်မှာ စျေးဝယ်သူတွေ ထိတ်လန့်တကြား ဖြစ်သွားခဲ့ကြပုံတွေကို အခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ CCTV ပုံတွေမှာ တွေ့ခဲ့ရပါတယ်။