ရူပဗေဒ နိုဘယ်ဆု ဟစ်ဘိုဇွန် သီအိုရီ ရရှိ

၂၀၁၃ ခုနှစ် အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို ဟစ်ဘိုဇွန် ဆိုတဲ့ သီအိုရီနဲ့ ဘယ်လ်ဂျီယံ သိပ္ပံ ပညာရှင် ဖရန်ဆွာ အန်ဂလာ့တ်နဲ့ ဗြိတိန် သိပ္ပံ ပညာရှင် ပီတာ ဟစ်ခ်စ် တို့ကို ပူးတွဲ ချီးမြှင့်လိုက်ပါတယ်။
သူတို့နှစ်ဦးဟာ အက်တမ်အောက်အမှုန် ဖြစ်တဲ့ အဓိကကျတဲ့ အခြေခံ ဒြပ်မှုန် တစ်မျိုး တည်ရှိနေမှုကို ခန့်မှန်းဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဟစ်ဘိုဇွန် သက်သေပြချက်ကို ဖော်ထုတ်ဖို့အတွက် ရာစုနှစ် တစ်ဝက်လောက်ပဲ ကြာခဲ့ပြီး Large Hardron Collider ဆိုတဲ့ အက်တမ်တွေကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်စေခဲ့တဲ့ စမ်းသပ်မှုကနေ သက်သေပြနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆွီဒင်နိုင်ငံက တော်ဝင် သိပ္ပံ ပညာရပ်ဆိုင်ရာ အဖွဲ့ အစည်းကလည်း ဒီ သိပ္ပံပညာရှင် ၂ ဦးအတွက် ဂုဏ်ယူကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
သူတို့နှစ်ဦးဟာ အက်တမ်ထက် သေးငယ်တဲ့ ဒြပ်မှုန်တွေရဲ့ မူလအစနဲ့ ပတ်သက်ပြီး ကျွန်ုပ်တို့ နားလည်နိုင်မယ့် ဖွဲ့စည်းတည်ဆောက်ပုံတစ်ခုကို သီအိုရီ နည်းကျကျ ရှာဖွေနိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဟစ်ဇ်ဘိုဇွန် သီအိုရီ အရ ကျွန်ုပ်တို့ စကြဝဠာရဲ့ အဓိက သွင်ပြင် လက္ခဏာရပ် များစွာကို ရှင်းပြနိုင်ကြောင်း၊ ဥပမာအားဖြင့် ဘာကြောင့် တခြား ဒြပ်မှုန်တွေမှာ အလေးချိန် ရှိသလဲ ဆိုတာမျိုးတွေကို ရှင်းပြနိုင်မှာ ဖြစ်တဲ့အပြင် ဒီလေ့လာ တွေ့ရှိမှုကနေ တခြား သိပ္ပံ ပညာရပ် နယ်ပယ်အများအပြားအတွက် အကျိုးသက်ရောက်မှု ရှိစေမှာ ဖြစ်ကြောင်း သိရပါတယ်။




