အမေရိကန် အထူးတပ်ဖွဲ့တွေ ဆိုမာလီနဲ့ လစ်ဗျားမှာ ဝင်ရောက် စီးနင်း

အမေရိကန် အထူး တပ်ဖွဲ့တွေဟာ အာဖရိက က အစ္စလာမ် ဝါဒီ စစ်သွေးကြွ ခေါင်းဆောင်တွေကို တိုက်ခိုက် စီးနင်းမှု နှစ်ခုကို သီးခြားစီ ပြုလုပ်ခဲ့တယ် ဆိုတဲ့ သတင်းတွေ ပိုပြီး သိသိသာသာ ထင်ရှားလာပါပြီ။
အဲဒီ တိုက်ခိုက်မှု နှစ်ခုကတော့ လစ်ဗျား နိုင်ငံ ထရစ်ပိုလီမြို့နဲ့ ဆိုမာလီ နိုင်ငံက ဆိပ်ကမ်း မြို့ဖြစ်တဲ့ ဘရာဝီ မှာ ဖြစ်ပါတယ်။
လစ်ဗျားက အယ်ကိုင်းဒါး ခေါင်းဆောင် Anas al Libiကို ထရစ်ပိုလီ မြို့မှာ ဖမ်းဆီး ရမိတယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။
အသက် ၄၉နှစ် ရှိပြီ ဖြစ်တဲ့ အနက်စ် လီဘီ ဟာ ၁၉၉၈ ခုနှစ်တုန်းက အရှေ့အာဖရိက အမေရိကန် သံရုံးတွေကို ဗုံးခွဲ တိုက်ခိုက်ခဲ့မှုမှာ ပါဝင် ပတ်သက်ခဲ့တယ် ဆိုပြီး အလိုရှိနေတာ ဖြစ်ပါတယ်။
သူ့ကို ဖမ်းဖို့ သတင်းပေးနိုင်တဲ့သူကို ဆုငွေ ဒေါ်လာ သန်းငါးရာ ပေးမယ်လို့ အမိန့်ထုတ်ထားတာ ဖြစ်ပါတယ်။
အခုလို ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ စစ်သွေးကြွ ခေါင်းဆောင်ရဲ့ ဇနီးက မျက်မြင် သက်သေ အဖြစ် တွေ့ခဲ့တာ ဖြစ်ပြီး နိုင်ငံခြားသားတွေက ခင်ပွန်းသည် ဖြစ်သူကို ဖမ်းသွားတာလို့ ပြောကြောင်း အနက်စ် လီဘီရဲ့ ညီအကို တော်စပ်သူ တယောက်က ကိုးကား ပြောဆိုခဲ့ပါတယ်။
တခါ ဆိုမာလီ စစ်သွေးကြွ အယ်ရှာဘတ် အဖွဲ့တွေ ခြေကုပ်ယူရာ အရပ်မှာလည်း ပြီးခဲ့တဲ့ စနေနေ့ အစောပိုင်းတုန်းက အမေရိကန် ကမ်းတပ် အထူးတပ်ဖွဲ့တွေက ၀င်ရောက် စီးနင်းခဲ့တယ်လို့ အမေရိကန် အရာရှိတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အမေရိကန် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ဆိုမာလီ တောင်ပိုင်းက Barawe ဆိပ်ကမ်းမြို့က အယ်ရှာဘတ် ထိပ်တန်း ခေါင်းဆောင်တယောက် နေတဲ့ အိမ်ကို အမေရိကန် ရေတပ် အထူး တပ်ဖွဲ့တွေက ပင်လယ်ရေကြောင်းကနေ တက်ပြီး ၀င်တိုက်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အရာရှိတွေက ပြောပါတယ်။
အဲဒီ အယ်ရှာဘတ် ခေါင်းဆောင်ရဲ့ ကံကြမ္မာကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်တုန်းက ကင်ညာ နိုင်ငံ နိုင်ရိုဘီမြို့က ဝက်စ်ဂိတ် ကုန်တိုက် တိုက်ခိုက်မှုဟာ သူတို့ လက်ချက်လို့ ပြောတဲ့ အယ်ရှာဘတ် အဖွဲ့ကတော့ အနောက် နိုင်ငံ တပ်ဖွဲ့တွေက ဘရာဝီ ကို ဝင်ရောက် စီးနင်းခဲ့တာကြောင့် စစ်သွေးကြွ တယောက် သေဆုံးသွားပေမယ့် အခုတော့ အဲဒီ တပ်ဖွဲ့တွေ သူတို့က ပြန်မောင်းထုတ်လိုက်ပြီလို့ ဆိုပါတယ်။







