နာဆာ အာကာသယာဉ် အင်္ဂါဂြိုဟ်ပေါ် ဆင်းသက်

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန် အာကာသ အေဂျင်စီ နာဆာ က စူးစမ်းလိုစိတ် ဆိုတဲ့ နာမည်မှည့် ထားတဲ့ အာကာသ ယာဉ်ကြီး အင်္ဂါဂြိုဟ် အီကွေတာ မျဉ်းနားက ချောက်ကမ်းပါး နက်တခုထဲကို သက်ဆင်း ခဲ့ပြီ ဖြစ်ပါတယ်။
စက်ရုပ်ယာဉ် အင်္ဂါဂြိုဟ် မြေပြင်ပေါ် ဘေးကင်းစွာ ဆင်းသက်နိုင် တယ် ဆိုတဲ့ အချက်ပြမှုကို ဒီဂြိုဟ်နီကို ပတ်နေတဲ့ နာဆာ ပိုင် သြဒက်ဆီ ဂြိုဟ်တု ကနေ ထုတ်လွှင့် ပေးနေ ပါတယ်။ ဒီသတင်း ကြားကြားချင်းပဲ ကယ်လီဖိုးနီးယား ပြည်နယ် ပါဆာဒီနားက ဂျက်လေယာဉ် တွန်းကန်မှု ဓာတ်ခွဲခန်းမှာ စောင့်နေတဲ့ ယာဉ်ထိန်းချုပ်ရေး အဖွဲ့သားတွေက လက်ခုပ် သြဘာ ပေးခဲ့ကြပါတယ်။
ဂြိုဟ်ပေါ် ခြေချပြီး ချင်းချင်း မိနစ်ပိုင်း အတွင်းမှာပဲ စက်ရုပ်ယာဉ် ကနေ ပုံထွက်အား မကောင်းလှတဲ့ ဓာတ်ပုံတွေ ပို့ပေးပါတယ်။ ယာဉ်ရဲ့ ဘီးတွေနဲ့ မြေပြင် အနေအထားပုံ တွေပါ။ နောက် ရက် အနည်းငယ် ကြာရင် ယာဉ်ဆီက နေ ရောင်စုံပုံတွေ ပို့ပေး နိုင်ပါလိမ့်မယ်။
ဒေါ်လာ သန်း ၂၅ဝဝ တန် ဒီ စီမံကိန်းကို ဆယ်နှစ် ကြာအောင် အချိန်ယူ ဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။ ကမ္ဘာ ဂြိုဟ်ကနေ မိုင် သန်း ပေါင်း ၃၅ဝ ကွာတဲ့ အင်္ဂါဂြိုဟ်ကို အရောက် ဂြိုဟ်ပေါ်ကို ဆင်းသက်ဖို့ ၇ မိနစ် အချိန်ယူ ရပါတယ်။ ဒီမိနစ်ပိုင်း အတွင်းမှာ တနာရီကို မိုင် တသောင်း နှစ်ထောင်ကျော် အရှိန်နဲ့ သွားနေတဲ့ ယာဉ်ကို အလိုလို အရှိန်လျှော့ပြီး ဆင်းနိုင်အောင် လုပ်ရတာက တကယ့်ကို သက်စွန့်ဆံဖျား ပါပဲ ။
ဂြိုဟ် စူးစမ်း ရှာဖွေမှု သမိုင်းမှာ စိန်ခေါ်မှု အများဆုံး အကြိမ်လို့ သမ္မတ အိုဘားမားရဲ့ သိပ္ပံ အကြံပေး ဂျွန် ဟိုးလ်ဒရန်းက ကြွေးကြော် ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AP
အင်္ဂါဂြိုဟ်ပေါ် အရင်က လွှတ်ခဲ့ဖူးတဲ့ ယာဉ်တွေ ထက် စတုတ္ထမြောက် လွှတ်တဲ့ ယာဉ်က ပမာဏ ဆယ်ဆလောက် ပိုကြီးပါတယ်။ ဒီယာဉ်ဟာ ၃ မိုင် နက်တဲ့ ချောက်ကမ်းပါးကြီး ပေါ်တက်၊ ကျောက်တုံး ကျောက်သားတွေကို လေ့လာပြီး အင်္ဂါဂြိုဟ်ပေါ်မှာ ဟို နှစ်သန်း ထောင်နဲ့ချီ ကြာတဲ့ အချိန်က ရေရှိခဲ့သလား ဆိုတာကို စူးစမ်း ရှာဖွေ ပါလိမ့်မယ်။
နောက် ဒီယာဉ်မှာ နေရောင်ခြည် စွမ်းအင်သုံး အရင် အာကာသ ယာဉ်တွေထက် ပိုပြီး ကြာကြာခံတဲ့ ၁၄ နှစ်လောက် သုံးနိုင်တဲ့ ပလူတိုနီယမ် စွမ်းအင်သုံး ဘက်ထရီ ပါပါတယ်။ ဒီတခါ အချိန် အများကြီးယူပြီး လေ့လာနိုင်မို့ ထူးခြားတဲ့ ခရီးစဉ်ပါလို့ ၂ဝဝ၄ ခုနှစ်က အာကာသ စက်ရုပ်ယာဉ် တွေ စေလွှတ်ရာမှာ ခေါင်းဆောင်ခဲ့တဲ့ စတိဗ် ဆကွိုင်းယားစ်က ဘီဘီစီကို ပြောပါတယ်။
အရင်က အင်္ဂါ ဂြိုဟ်သက်တမ်းနဲ့ တလလောက်ပဲ ကြာကြာ နေနိုင်ပါတယ်။ ကမ္ဘာသက်တမ်းအားဖြင့် ၂ နှစ်လောက် ကြာအောင် သုတေသန တွေ လုပ် နိုင်ဖို့ ဒီယာဉ်ကို စီမံ ထားပါ တယ်။ ဆယ်နှစ် ကျော်လောက်ကြာအောင် ဆက်ပြီး စူးစမ်း ရှာဖွေ နေနိုင်တယ်လို့ အများက မျှော်လင့် နေကြပါတယ်။








