တက္ကသိုလ်ပညာရေး ဥပဒေ(မူကြမ်း)ကို အသစ် ပြန်ရေးမယ်

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ၂၀၁၂ ခုနှစ် တက္ကသိုလ် ပညာရေးဥပဒေ(မူကြမ်း) အပေါ် ပြင်ဆင် အတည်ပြုဖို့ ဆွေးနွေးကြရာ၊ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် ပြည်သူ့ လွှတ်တော် အမတ်တွေရဲ့ တောင်းဆို တင်ပြ မှုတွေ ကြောင့် ဒီဥပဒေမူကြမ်းကို အသစ် ပြန်လည် ရေးဆွဲ တင်သွင်းဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၂ တက္ကသိုလ် ပညာရေးဥပဒေကြမ်းပါ အချက် တော်တော် များများကို ပြင်ဆင်ဖို့ ဆွေးနွေးခဲ့ရာ ကနေ ပြင်ဆင် စရာတွေ များတဲ့ အတွက် အသစ် ပြန်ရေးဆွဲဖို့ ဒေါ်အောင်ဆန်းစုကြည်က အဆိုပြုခဲ့တာ ဖြစ်ပါတယ်။
တခြားလွှတ်တော် အမတ်တွေကလည်း အလားတူ ဆွေးနွေး ထောက်ခံခဲ့ကြတဲ့အတွက် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက တက္ကသိုလ် ဥပဒေကြမ်း အသစ် ပြန်ရေးဆွဲဖို့ ဆုံးဖြတ် လိုက်တယ်လို့ မြန်အောင် ပြည်သူ့ လွှတ်တော်အမတ် ဦးကျော်မြင့်က ဘီဘီစီကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က တက္ကသိုလ် ပညာရေးကို လုံးဝ ပြောင်းလဲချင်တာ ဖြစ်ကြောင်း ဦးကျော်မြင့်က ပြောပါတယ်။
နောက်ပြီး တက္ကသိုလ်ကို ပညာရေးဝန်ကြီး ဌာနကနေ မထိန်းချုပ်ပဲ၊ တက္ကသိုလ် ကောင်စီရဲ့ အောက်မှာ ထားရှိဖို့ စတဲ့ အချက်တွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။
တကယ်တန်းတော့ ၂၀၁၂ တက္ကသိုလ် ပညာရေး ဥပဒေကြမ်း ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အဲလ်ဒီ အမတ်တွေ လွှတ်တော်ထဲ မရောက်ခင် ကာလက ပြည်သူ့ လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီက ရေးဆွဲခဲ့ကြ တာပါ။
အခု ဥပဒေကြမ်းကို အသစ်ပြန်ရေးဆွဲမယ်ဆိုတော့ ဟိုးအရင်ကလို နိုင်ငံကတာ စံမီ တက္ကသိုလ်ကြီး ပြန်ဖြစ်လာဖို့ တထစ် နီးလာပြီလို့ ပြောရမှာ ဖြစ်ပါတယ်။




