ကင်ဂျုံအွန်းနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်နိုင်‌ခြေ ရှိပါတယ်လို့ ဗလာဒီမီယာပူတင်က ပြော

Russia K KOrea

ဓာတ်ပုံ ရင်းမြစ်, Getty Images

    • ရေးသားသူ, တက်စာ ဝေါန်း
    • ရာထူးတာဝန်, အာရှ ဒစ်ဂျစ်တယ် သတင်းထောက်၊ ဘီဘီစီ သတင်းဌာန

လက်နက်ဆိုင်ရာ သဘောတူညီချက်တွေ လုပ်ကြလိမ့်မယ်လို့ အများက မှန်းဆပြီး ဂရုတစိုက် အာရုံထားကြည့်နေကြတဲ့ ကင်ဂျုံအွန်းနဲ့ ဗလာဒီ မီယာပူတင် တို့ရဲ့ အစည်းအဝေးမှာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုအတွက် "ဖြစ်လာနိုင်ခြေ ရှိမှုတွေ" ကို သူတို့ ဆွေးနွေးခဲ့ကြပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် မစ္စတာကင်က သူ့ကိုယ်ပိုင် ကျည်ကာ ရထားနဲ့ ခရီးစဉ်ထွက်ခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာတော့ သူတို့ ၂ ယောက်ဟာ ဗော်စတော့ချနီ အာကာသ စင်တာမှာ တွေ့ဆုံခဲ့ကြ ပါတယ်။

ရုရှား သမ္မတ မစ္စတာ ပူတင်က သူ့အနေနဲ့ ပြုံယမ်းက ဂြိုဟ်တုတွေ တည်ဆောက်မယ့် အရေးကို ကူညီမယ်လို့လည်း ဆိုပါတယ်။

ယူကရိန်းမှာတိုက်နေတဲ့ သူ့စစ်ပွဲအတွက် မော်စကိုက လက်နက်တွေဝယ်နေတယ်လို့ အမေရိကန်ကဆိုပြီး ဒီနေရာမှာ အကူ အညီပေးတာ မျိုးက ကုလသမဂ္ဂ ဆုံးဖြတ်ချက် တွေကို ချိုးဖောက်တာဖြစ်လိမ့်မယ်လို့ သတိပေးပါတယ်။

‌မြောက်ကိုရီးယားကို လာလည်ဖို့ မစ္စတာ ကင် သူ့ ကိုဖိတ်ကြားတဲ့အပေါ်မှာ လည်း မစ္စတာပူတင်က လက်ခံခဲ့ပါတယ်။ တံခါးပိတ် မြောက်ကိုရီးယားကို နိုင်ငံ့ ခေါင်းဆောင် အနည်းငယ်သာ သွားရောက်ခဲ့ဖူးပါတယ်။

နိုင်ငံတကာရဲ့ ဆန်ရှင်တွေအောက်မှာ ရောက်နေတဲ့ ဒီအစိုးရ ၂ ရပ်ရဲ့ ဗုဒ္ဓဟူးနေ့က အစည်းအဝေးကို နှစ်ဖက် ထိပ်တန်းအရာရှိတွေ တက်ရောက်ခဲ့ကြပြီး ဒါဟာ သမိုင်းတလျောက်မှာ သူတို့ နဲ့ အနောက်နိုင်ငံတွေအကြား ဆက်ဆံရေး အနိမ့်ကျဆုံး ဖြစ်နေတဲ့ အချိန်မှာ တွေ့ဆုံခဲ့ကြတာပါ။

ရုရှားရဲ့ အရှေ့ဖျားကိုရောက်အောင် ၂ ရက်တာ ခရီးနှင်လာရတဲ့ မစ္စတာ ကင်ကို မစ္စတာ ပူတင်က လှိုက်လှိုက်လှဲလှဲ နွေးထွေးစွာ ကြိုဆိုခဲ့ပါတယ်။ ခေါင်းဆောင် ၂ ယောက် ဖက်လှဲတကင်း ပြုံးပြုံးရွှင်ရွှင်နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ကြပြီးတဲ့နောက် မစ္စတာ ပူတင်က မစ္စတာ ကင်ကို ခေါ်ကာ အာကာသ စင်တာ ကို လိုက်ပြတဲ့ ဗီဒီယိုကို ရုရှား နိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်ပြသပါတယ်။

ဆိုဗီယက်ယူနီယံ နဲ့ မြောက်ကိုရီးယားအကြား သမိုင်းဝင် ဆက်ဆံရေးတွေရှိခဲ့တယ် ဆိုတာကို မစ္စတာပူတင်က ပြန်လည် ညွှန်းဆိုရင်း "မိတ်ဆွေဟောင်း တယောက်က မိတ်ဆွေသစ် နှစ်ယောက်ထက် ပိုကောင်းတယ်" ဆိုတဲ့ ရုရှား စကားပုံတခု သုံးကာ မြောက်ကိုရီးယားခေါင်းဆောင်ကို ကြိုဆိုပါတယ်။

မြောက်ကိုရီးယားက ဂြိုဟ်တုတွေ တည်ဆောက်မှာကို ရုရှားက ကူညီမှာလားလို့ မေးတဲ့ အခါ မစ္စတာ ပူတင်က "ဒါကြောင့်မို့ ဒီ ဗော်စတော့ချနီကို တို့တွေ လာတာပေါ့" လို့ ဖြေကြောင်း ရုရှား သတင်းဌာနက သတင်းထုတ်ပါတယ်။

လက်နက် အရောင်းအဝယ်အရေးတွေ မစ္စတာ ကင်နဲ့ စကားပြောမှာလားလို့ မေးတဲ့ အခါ မစ္စတာ ပူတင်က သူတို့ "အရေးအရာ အားလုံးကို ဆွေးနွေးမှာပါ" လို့ ဆိုပါ တယ်။

မစ္စတာ ကင်ကလည်း မစ္စတာ ပူတင်ရဲ့ ယူကရိန်း စစ်ပွဲကို ထောက်ခံတဲ့ပုံ ပြသ ပါတယ်။

"မစ္စတာ ပူတင်နဲ့ ရုရှားနိုင်ငံ ခေါင်းဆောင်မှုက ဆုံးဖြတ်ချက်တွေကို ကျွန်တော်တို့ အမြဲ ထောက်ခံတယ်။.... နယ်ချဲ့ဝါဒကို တိုက်ခိုက်တဲ့နေရာမှာ ကျွန်တော်တို့ အတူ တိုက်ပွဲဝင်မယ်" လို့ မစ္စတာ ကင်က ပြောပါတယ်။

"ရုရှားဟာ သူ့ရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးအတွက် ဗိုလ်ကျလွှမ်းမိုးလိုတဲ့ အနောက်အုပ်စု အင်အားစုတွေကို ဆန့်ကျင်ပြီး ကြီးမြတ်တဲ့ တိုက်ပွဲကိုဆင်နေ ရတာပါ" လို့ မစ္စတာ ကင်က မစ္စတာ ပူတင်ကို ပြောပါတယ်။

နောက်ပိုင်းမှာ မြောက်ကိုရီးယား ခေါင်းဆောင်ဟာ ရုရှား စစ်သင်္ဘောတွေကို ကြည့်ရှု ဖို့ ရှိမယ်၊ စက်ရုံတွေကို သွားမယ်လို့ မှန်းဆနေကြသလို သူ့ အိမ်အပြန် လမ်းမှာ ရှိတဲ့ ဗလာဒီဗော့စတော့မြို့ မှာ ခေတ္တရပ်နားမယ်လို့လည်း တွက်ဆ နေကြ ပါတယ်။ သူ ရုရှားမှာ ဘယ်လောက်ကြာကြာနေမလဲဆိုတာတော့ မသိရသေး ပါဘူး။

North Korean leader Kim Jong Un and Russia's President Vladimir Putin attend a banquet, in Russia, September 13, 2023 in this image released by North Korea's Korean Central News Agency.

ဓာတ်ပုံ ရင်းမြစ်, KCNA/Reuters

ဓာတ်ပုံ ပုံစာ, ဗုဒ္ဓဟူးနေ့လယ်စာ တည်ခင်းဧည့်ခံပွဲမှာ ခေါင်းဆောင် ၂ယောက် ဆုမွန် တောင်းကြ

သူလျှို ဂြိုဟ်တု လွှတ်တင်နိုင်ဖို့ ဒီနှစ်စပိုင်းမှာ မြောက်ကိုရီးယားက ၂ ကြိမ်တိုင် ကြိုးစားခဲ့ပြီး ၂ ကြိမ်လုံး မအောင်မြင်ခဲ့ပါဘူး။ ပြုံယမ်းဟာ သူ့ရဲ့ စစ်ရေးဆိုင်ရာ စောင့်ကြည့်လေ့လာမှုကို တိုးမြှင့်သွားဖို့ ရည်မှန်းထားပါတယ်။

ဒါပေမဲ့ အမေရိကန်ကတော့ မြောက်ကိုရီးယား ဂြိုဟ်တု အစီအစဉ်ဟာ နည်းပညာ အရ အတူတူလိုဖြစ်တဲ့ သူတို့ရဲ့ တိုက်ချင်းပစ် မစ်ဇိုင်းဒုံးတွေရဲ့ အရည်အသွေးကို မြှင့်တင်နိုင်ဖို့ အတွက်ပဲလို့ ယုံကြည်ထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် မက်သရူး မေလာက ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေရဲ့ အမေးကို ဖြေရာမှာ ရုရှားက မြောက်ကိုရီးယားကို ဂြိုဟ်တု နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးမှာကို စိုးရိမ်ကြောင်းနဲ့ အဲဒီ နည်းပညာက မြောက်ကိုရီးယားရဲ့ မစ်ဇိုင်း အစီအစဉ်တွေကို အထောက်အကူပြုနိုင်ကြောင်း ပြောခဲ့ပါတယ်။

"ဒါက သိပ်ကို ဒုက္ခပေးနိုင်ပါတယ်၊ ကုလသမဂ္ဂက ချမှတ်ထားတဲ့ (ရုရှား ကိုယ်တိုင် သဘောတူထားတဲ့) ဆုံးဖြတ်ချက် အများအပြားကိုလည်း ချိုးဖောက်ရာ ကျသွားပါ လိမ့်မယ်" လို့ သူက ပြောပါတယ်။

မစ္စတာ ပူတင်က ဒီအချက်ကို သတိပြုထားတယ်ဆိုတဲ့ သဘောနဲ့ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုလို့ဆိုရာမှာ "အကန့်အသတ်တွေ ရှိလိမ့်မယ်" လို့ ဗုဒ္ဓဟူးနေ့က ပြောခဲ့ ပါတယ်။

အမေရိကန်က "လိုအပ်ရင် တာဝန်ရှိသူတွေကို အရေးယူဆောင်ရွက်ဖို့ နောက်တွန့် နေမှာ မဟုတ်ဘူး" လို့ ဆိုတာကို ကရင်မလင်ကလည်း ရုရှားနဲ့ ‌မြောက်ကိုရီးယားတို့ရဲ့ အကျိုးစီးပွားဟာ သူတို့ ၂ နိုင်ငံအတွက် အရေးကြီးတယ်လို့ ဆိုကာ "ဝါရှင်တန်က သတိပေးတာတွေက အရေးမကြီးဘူး" လို့ တုံ့ပြန်ခဲ့ပါတယ်။

မစ္စတာ ကင်အဖို့ ဒီခရီးစဉ်ဟာ ၂၀၁၉ ခုနှစ် နောက်ပိုင်း ပထမဆုံး နိုင်ငံခြား ခရီးစဉ်ပါ။ အဲဒီအချိန်က နောက်ဆုံးထွက်ခဲ့တဲ့ နိုင်ငံခြားခရီးစဉ်ကလည်း မစ္စတာ ပူတင်နဲ့ တွေ့ဖို့ သူသွားခဲ့တာဖြစ်ပြီး အဲဒီအခါတုန်းကတော့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ မြောက်ကိုရီးယား နျူကလီးယား လက်နက်ဖျက်သိမ်းရေးကိစ္စ ဆွေးနွေးမှု မအောင် မမြင်ဖြစ်ပြီးတဲ့နောက် တွေ့ခဲ့တာပါ။

အရင်တုန်းကတော့ အများက သူ ဗလာဒီဗော့စတော့ကို သွားမယ်၊ အဲဒီမှာ စီးပွားရေး ဖိုရမ် တက်နေတဲ့ မစ္စတာ ပူတင်နဲ့ တွေ့မယ်လို့ ထင်ခဲ့ကြတာပါ။ အဲဒီ့အစား သူ့ ရထား က မြောက်ဘက်ပိုကျတဲ့ ဗော်စတော့ချနီကို ခုတ်သွားခဲ့ပါတယ်။ မစ္စတာကင် အဲဒီ နေရာကို ရောက်ခါနီးတဲ့ ဗုဒ္ဓဟူးနေ့ မနက်ချိန်မှာ မြောက်ကိုရီးယားက သူတို့ အရှေ့ဘက် ကမ်းရိုးတန်းကနေ တာတိုပစ် မစ်ဇိုင်း ၂ လုံး နဲ့ ပင်လယ်ထဲကို ပစ်ခဲ့ ပါတယ်။ ဒါက တားမြစ်ထားတဲ့ လက်နက် စမ်းသပ်မှုကို အကြိမ်ကြိမ် လုပ်နေတာရဲ့ နောက်ဆုံးအဖြစ်အပျက်ပါ။

ရုရှားက ကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယားကို ဇူလိုင်လက သွားရောက်ခဲ့ပြီး တဲ့နောက် အခု မစ္စတာ ကင်နဲ့ မစ္စတာ ပူတင်တို့ရဲ့ တွေ့ဆုံမှု ဖြစ်ပေါ်လာတာပါ။ အဲဒီတုန်းက ရုရှားကိုယ်စားလှယ်အဖွဲ့မှာ ကာကွယ်‌ရေး ဝန်ကြီး ဆာဂေ ရွှိုင်းဂု ပါလာခဲ့ပြီး မစ္စတာကင်က ဟွာဆောင် တိုက်ချင်းပစ် မစ်ဇိုင်းအပါအဝင် သူတို့ရဲ့ မစ်ဇိုင်းတွေကို ပြသခဲ့ပါတယ်။

ရုရှားရဲ့ လက်နက်စနစ်တွေနဲ့ ကိုက်ညီမှုရှိတဲ့အတွက် မြောက်ကိုရီးယား လက်နက် တွေကို မော်စကိုက လိုချင်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။

ရုရှား စစ်တပ်အရေးကျွမ်းကျင်ပြီး Conflict Studies Research Centre မှာ လုပ်နေတဲ့ ဗယ်လာရီ အက်ကီမန်ကိုက ရှေ့တန်းမှာ "ရုရှားတို့အဓိက အားကိုးတဲ့" အ‌မြောက်နဲ့ အမြောက်ဆန်တွေ လိုချင်လိမ့်မယ် လို့ ပြောပါတယ်။

Kim

ဓာတ်ပုံ ရင်းမြစ်, Getty Images

ပြုံယမ်းဘက်က အမြောက်နဲ့ ပတ်သက်တာတွေ၊ ကျည်တွေအပြင် "မစ်ဇိုင်း ပုံစံ အဟောင်းတွေ" ကိုပါ ထောက်ပံ့ပေးနိုင်ခြေရှိတယ်လို့ University of North Korean Studies က ပါမောက္ခ ကင် ‌ဒေါင် ယပ်က ပြောပါတယ်။

ရော့ကက် KN-25လို တာတိုပစ် မစ်ဇိုင်း ပုံစံအသစ်တွေလည်း မြောက်ကိုရီးယားက ထောက်ပံ့ ပေးနိုင်တယ်လို့ Asian Institute for Policy Studies က သုတေသီ တယောက်ဖြစ်တဲ့ ယန် အတ်က ဆိုပါတယ်။

ကိုရီးယား စစ်ပွဲကို အဆုံးသတ်စေတဲ့ ငြိမ်းချမ်းရေး သဘောတူချက်ရချိန် ၁၉၅၃ ခုနှစ်ကတည်းက အခုအချိန်အထိ စစ်တိုက်စရာ မလို ခဲ့တဲ့ မြောက်ကိုရီးယားမှာ လက်နက်တွေ အပုံလိုက်ရှိနေမယ်လို့ တချို့ သုံးသပ်သူတွေက ယုံကြည်ထား ပါတယ်။ တချို့ကတော့ သူတို့မှာ နှိုင်းယှဉ်မှုအရ အရင်းအမြစ် နည်းပါးတာကြောင့် လက်နက်တွေကို ပံ့ပိုးဖို့ နောက်တွန့်နေမယ်လို့ တွက်ကြပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယား လက်နက်ဟာ ရုရှား စစ်ရေး စွမ်းအားအတွက် ယာယီသာ အားဖြစ်စေလိမ့်မယ်လို့ လေ့လာသူတချို့က ဆိုပါ တယ်။ မော်စကိုမှာ လက်နက် ရှားပါးနေတဲ့ အတိုင်းအတာကို ထောက်ပြပြီး သိပ်စိတ်မချရတဲ့ အမြောက်ဟောင်း တွေ၊ အမြောက်ကျည် တွေကိုတောင် သုံးနေရတာလို့ ဆိုပါတယ်။

ရုရှားက လက်နက်တွေ အသည်းအသန် ထုတ်နေရချိန်မှာ မြောက်ကိုရီးယား လက်နက်တွေက "သိပ်ကွာဟနေတာကို ရပ်တန့်သွား စေနိုင်မယ်" လို့ မစ္စတာ အက်ကီ မန်ကိုက သုံးသပ်ပါတယ်။

ဒါပေမဲ့ သေနင်္ဂဗျူဟာ အရတော့ "ဒါတွေက ယူကရိန်းနိုင်ငံသားတွေ ပိုသေကြေနိုင် ပေမယ့် ယူကရိန်းကိုတော့ ချေမှုန်းနိုင်မှာ မဟုတ် ဘူး" လို့ သူက ထပ်ဖြည့် ပြော ပါတယ်။

အပြန်အလှန်အားဖြင့် သူ့ရဲ့ ဆင်းရဲနေတဲ့ နိုင်ငံအတွက် အစားအစာ အကူအညီပေးဖို့ မစ္စတာ ကင် က တောင်းခံလိမ့်မယ်လို့ တွက်ဆ ကြပါတယ်။

နိုင်ငံတကာ ဆန်ရှင်တွေ ထိနေတဲ့အပြင် ကိုဗစ်ကာလကတည်းက နယ်စပ်တွေ ပိတ်ထားလို့ အပြင်းအထန်ထိခိုက်နေတဲ့ မြောက် ကိုရီးယားဟာ တလောကမှ စည်းမျဉ်းတွေကို စလျှော့ချနေတာပါ။

တချိန်တည်းမှာပဲ မြောက်ကိုရီးယားဟာ အဆင့်မြင့် ရေငုပ်သင်္ဘောတွေနဲ့ တိုက်ချင်းပစ် မစ်ဇိုင်း နည်းပညာတွေကို ရုရှားဆီက တောင်းခံ နိုင်ပြီး အဲဒီ နေရာမှာတော့ မစ္စတာ ပူတင်က စည်းလေးတခု သားထားနိုင်တယ်လို့ ဆန်းစစ် သူတွေက မြင်ကြပါတယ်။

"အသည်းအသန်ဖြစ်နေတဲ့ စစ်မင်းတွေတောင် လက်နက်ခဲယမ်း အဟောင်းတွေ ရဖို့အတွက် သူတို့ရဲ့ စစ်သရဖူကို အလဲအလှယ်လုပ်မှာ မဟုတ်ဘူးလေ" လို့ ဆိုးလ်မှာ ရှိတဲ့ Ewha Womans Universityက ပါမောက္ခ လိဖ် အဲရစ် အက်လီက ပြောပါ တယ်။

ဒီတွေဆုံမှုကို ကြည့်ပြီး ရုရှားနဲ့ မြောက်ကိုရီးယား အပေါ် ဆန်ရှင်တွေ အကြီးအမား ချမှတ်ထားတာက တကယ်မှာ အလုပ်ဖြစ်ရဲ့လား ဆိုတဲ့ အမေးလည်း ပေါ်လာ ပါတယ်။

နိုင်ငံတကာ ဆန်ရှင်တွေဟာ ဒီ ၂ နိုင်ငံ နောက်ထပ် ပြစ်ဒဏ်တစုံတရာကို စိုးရိမ်စရာ မရှိဘဲ "မီးတံတိုင်း (firewall)" အကာ အကွယ်နဲ့ နေနိုင်အောင် ဖန်တီးပေးလိုက် သလိုပဲလို့ Asia Society Policy Institute က စီမံခန့်ခွဲမှု ဒါရိုက်တာ ရော်ရီ ဒန်နီယယ်က ပြောပါတယ်။

"အရင်းခံ ပဋိပက္ခကို ဖြေရှင်းနိုင်ဖို့အရေးမှာ ပြင်းထန်တဲ့ ဆန်ရှင်တွေ ချထားတဲ့ အဲဒီလို နိုင်ငံ အချင်းချင်း ပိုပြီးပေါင်းသွားလေလေ၊ အမေရိကန်အဖို့ ဆန်ရှင် ကြောင့် ရတဲ့ ရလဒ်က ပိုနည်းသွားလေလေပါပဲ။"

ဒါပေမဲ့ ဒီအခြေအနေက ပြုံယမ်းအတွက်လည်း လုံးဝ ဘေးကင်းကင်း နေနိုင်တဲ့ အနေအထားမှာ ရှိတာမဟုတ်ဘူးလို့ Ewha Womans Universityက မြောက် ကိုရီးယား လေ့လာရေး တွဲဖက် ပါမောက္ခ ပတ်ခ် ဝန်ဂုံက ပြောပါတယ်။

ယူကရိန်းမှာ ရုရှားတို့က မြောက်ကိုရီးယား လက်နက်တွေကို သုံးတယ်ဆိုတဲ့ အထောက်အထားတွေ ထွက်လာမယ်ဆိုရင် "မြောက် ကိုရီးယားဟာ နေတိုး တခုလုံးကို ဆန့်ကျင်လိုက်တာနဲ့ အတူတူလို ဖြစ်သွားပြီး နောက်ထပ် ဆန်ရှင်တွေ တိုးလာမှာကို သူကြုံ ရနိုင် ပါတယ်" လို့ သူက ပြောပါတယ်။

(ဆိုးလ်အခြေစိုက် သတင်းထောက် ယုနာ ကုက ပူးပေါင်းရေးသားပါတယ်)