တရုတ်က ရောင်းမထွက်တဲ့ အထပ်မြင့်တိုက်တွေကနေ ဘာသင်ခန်းစာ ယူသင့်လဲ

    • ရေးသားသူ, စတီဗင် မက်ဒေါ်နယ်
    • ရာထူးတာဝန်, ဘီဘီစီ တရုတ်နိုင်ငံ သတင်းထောက်

တရုတ်အရှေ့ပိုင်း ရှန်ဒေါင်ပြည်နယ်က ဂျီဘိုမြို့ငယ်လေးကို လမ်းဘေး အသားကင် ရောင်းတဲ့ဆိုင်တွေနဲ့ တွဲပြီးသိကြ ပါတယ်။

လူမှုမီဒီယာကနေတဆင့် ဒီအကြောင်း နာမည်ကျော်တဲ့အတွက် တရုတ်နိုင်ငံ တနံ တလျားက လူတွေ အရသာ ရှိလှတဲ့ သိုးသားကင် စားဖို့ ဒီကို ရောက်လာ ကြပါတယ်။

ရမယ့် အတွေ့အကြုံက ခပ်ကြမ်းကြမ်းပါ၊ ခပ်နုနုသမားတွေနဲ့ မသင့်လျော်လှပါဘူး။

လမ်းမှာက လူတွေအပြည့်၊ ပလတ်စတစ်ခုံတွေပေါ်မှာ ထိုင်၊ ဘီယာလေးသောက်၊ အသားကင်တုံးတွေ‌ပေါ်မှာ ကြက်သွန်မြိတ်လေးတွေ ထည့်၊ နောက် ဒေသထွက် နံပြား နဲ့ လိပ်ပြီးစားကြတာပေါ့၊ ဘေးမှာ ကာရာအိုကေ ဆိုနေကြတဲ့ သီချင်းသံတွေ လည်း နေရာပေါင်းစုံက လာနေမှာပါ။

ဒီလူအုပ်တွေကိုကြည့်လိုက်ရင် ကိုဗစ်ကပ်အရေးကနေ စီးပွားရေးက ပြန်နိုးထလာပြီ လို့ မှတ်ယူချင်စရာပါ၊ ဒါပေမဲ့ စီးပွားရေး ပညာ ရှင်တွေက အဲဒီလို မထင်နဲ့ လို့ ဆိုပါ တယ်။

အိမ်ထောင်စု ဝင်ငွေက ကျလာပြီး ဖိအားတွေများလာတဲ့အခါ လူတွေက စျေးလည်း ပေါ၊ အရသာလည်း ရှိတဲ့ အစားအစာကို ရွေးချယ် လာကြတဲ့ ဥပမာ တခုပါပဲ လို့ သူတို့က ပြောပါတယ်။

အပေါ်အင်္ကျီ ဗလာကျင်းလျက်သားနဲ့ ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ အမျိုးသား တယောက် က ပူလောင်တဲ့ ‌နွေည တညကို သူ့မိသားစုနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့ အတွက် ဒီကာလမှာ ဒီလိုနေရာကို ရွေးချယ်ဖို့ပဲ တတ်နိုင်တယ်လို့ ကျွန်တော်တို့ကို ပြောပါတယ်။

"သာမန်လူတွေအတွက် ဒီနေရာက တကယ် ကောင်းတယ်ဗျ" လို့ သူက ပြောရင်း " ဒီကာလက ‌‌‌ငွေရှာရ သိပ်ခက်ပြီး သုံးဖို့ကျတော့ ငွေက ဘာမှ မခံဘူး။ ကိုဗစ်ကာလ ၃ နှစ်ကြာခဲ့ပြီးတဲ့နောက် စီးပွားရေးက တဖြည်းဖြည်းတော့ ပြန်နာလံထူလာပါပြီ" တဲ့။

တရုတ်စီးပွားရေး တုံ့ဆိုင်းမှုက တက္ကသိုလ်ထွက်တွေကို အကြီးအမားထိခိုက်ခဲ့ကာ တရုတ်မှာ လူငယ် အလုပ်လက်မဲ့ရာခိုင်နှုန်းက ၂၀% နဲ့ အထက်မှာ ရှိပါတယ်။

ကျောင်းတက်နေတဲ့ ကျောင်းသူ ကျောင်းသားတွေလည်း သူတို့ အနာဂတ်ကို စိုးရိမ်လာကြ ပါတယ်။

"ဟုတ်တယ်၊ ကျွန်မ စိုးရိမ်တယ်" လို့ ဘွဲ့ရတော့မယ့် ကျောင်းသူ တယောက်က ပြောပါတယ်။ "အပြိုင်အဆိုင် လုပ်ရမှာတွေကလည်း အများကြီး၊ အလုပ်က သိပ်ကို ရှာရခက်တယ်၊ အတန်းထဲက အတန်းဖော်အားလုံးလည်း ဒီလို ဖိအားတွေကို စိုးရိမ် နေကြတယ်။"

အလုပ်ရနေတဲ့ သူတွေလည်း ငွေသိပ်မသုံးရဲကြပါဘူး၊ စီးပွားရေးဆိုင်ရာ လုံခြုံမှု မရှိတာက အဓိက အကြောင်းရင်းပါ။

အလုပ်လက်မဲ့ ဖြစ်သွားမယ့်အရေးကို သူတို့ပူကြပြီး အိမ်ထောင်စု တစုမှာ သူတို့ အနေနဲ့ အိမ်ခြံမြေအတွက် အများဆုံး ရင်းနှီးမြှုပ်နှံထားရင် အကျိုးအရှိဆုံး ရလဒ် ရလာမယ်လို့ တွေးခဲ့တာက ထင်သလို မဖြစ်လာတာကို တွေ့နေရပါတယ်။

တရုတ်မှာ အိမ်ခြံမြေ စီးပွားရေး ကဏ္ဍက ကြီးမားတဲ့ ဖိစီးမှုဒဏ်ကို ခံနေရပါတယ်။

လက်တွေ့ကြည့်နိုင်ဖို့ ဂျီဘိုရဲ့ အရှေ့ဘက်ကို နာရီအနည်းငယ်ကြာ မောင်းရပြီး နည်းနည်းပိုကြီးတဲ့ ချင်းဒေါင်မြို့ဘက်ဆီ ခရီးဆက်ခဲ့ပါတယ်။

တိုက်ဆောက်ကြတဲ့ အရေအတွက်က တင်းကြမ်းများခဲ့ပြီး ဝယ်မယ့်သူ ဒါမှ မဟုတ် ငှားမယ့်သူတွေရဲ့ အရေအတွက်က နည်းပါးလှတာမို့ နောက်ဆုံး ရလဒ်က ကြီးမား လှတဲ့ တိုက်တာတွေမှာ နေထိုင်နေတဲ့သူက နည်းနည်းလေးသာပါ။

သူ့တိုက်တန်းဝင်းအတွင်းမှာ အိမ်နီးချင်း အနည်းအပါးပဲရှိတဲ့ ဒီအမျိုးသမီးက တိုက်တန်းဝင်းက အပြင်ကိုထွက်ပြီး ခေါက်ဆွဲအေးကို လှည့်‌ရောင်းပါတယ်။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက သူ့ ခင်ပွန်းက ချင်းဒေါင်မှာ တိုက်ခန်း တခုဝယ်ပြီး သူတို့ ပြောင်းနေခဲ့ကြပါတယ်။ ဒီမှာ ‌ကျောင်းတွေကလည်း ကောင်းကောင်းရှိတယ်လို့ ကြားခဲ့ကြရပြီး သူတို့ ကလေးအတွက် ဒီအရပ်ဟာ ကောင်းမယ်လို့ သူတို့တွေးခဲ့ကြ ပါတယ်။

သူ့ အိမ်တန်ဖိုး ထိုးဆင်းကျသွားတဲ့အပေါ် စိုးရိမ်လားလို့ သူ့ကို ကျွန်တော်မေးလိုက် ပါတယ်။

"သိပ်စိုးရိမ်တာပေါ့၊ ဒါပေမဲ့ ဘာမှ မတတ်နိုင်ပါဘူး" လို့ သူက ပြောပါတယ်။

အနားမှာ လမ်းသန့်ရှင်းရေး အလုပ်သမား စုံတွဲ တတွဲက နေ့လယ်စာ စားဖို့ အလုပ် ခဏနား လိုက်ပါတယ်။ သူတို့က ကျယ်ဝန်းလှတဲ့ တိုက်တာဝင်းတခုကို ထိုးပြပြီး အဲဒီမှာ နေနေတဲ့သူ တယောက်မှ မရှိဘူးလို့ ပြောပါတယ်။

လမ်းတဖက်မှာ ဆေးမသုတ်ရသေး၊ ပြတင်းပေါက်တံခါးတွေ မရှိသေး၊ ပြတင်း ပေါက် ဘောင်တွေကလည်း ပြိုပျက်ကျနေတဲ့ တိုက်ခန်းတွဲ အဆောက်အဦတွေက သစ်တောအုပ် တအုပ်လိုပါ။

"မနှစ်တုန်းက တရက်မှာ ဆောက်လုပ်ရေးတွေ လုံးဝ ရပ်သွားတယ်" လို့ အဲဒီ လူက ပြောပါတယ်။

ဆင်ခြေဖုံး အရပ်တခုလုံးက လုံးဝ ခြောက်ကပ် နေတာလို့ သူ့အမျိုးသမီးက ဆိုပါတယ်။ "ဒီမှာ ဘာမှ မရှိဘူး။ ဘာဓာတ်ဆီဆိုင်မှ မရှိ ဘူး။ လောင်စာဆီ လိုရင် အဝေးကြီးကို သွားဝယ်ကြရတာ။ ဒီမှာ နေထိုင်ရတာက သက်တောင့် သက်တာ ဘယ်လိုမှ မဖြစ်ဘူး။"

ဒီမြို့မှာ ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ ထိပ်သီးညီလာခံ ကျင်းပတာတို့၊ သမ္မတ ရှီကျင့်ဖျင်က ဒီအရပ်မှာ ရင်းနှီးမြှုပ်နှံကြ၊ စီးပွားရေး လုပ်ကြလို့ ထောက်ခံ ပေးတာတို့ ကနေ နိုင်ငံတကာ ကုန်စည်ပြပွဲတွေ လက်ခံကျင်းပလာနိုင်တဲ့ အထိ ဖြစ်လာနိုင်တယ်၊ ဒီဒေသဟာ စီးပွား‌‌ရေးအရ ထိုးတက်လာမယ်လို့ မျှော်လင့်ခဲ့ဖူးကြ ပါတယ်။

ဒါပေမဲ့ ဒီက အိမ်ခြံမြေ ဝယ်တဲ့သူတွေကို အလုပ်ခန့်မယ့် စက်ရုံတွေ၊ အစပျိုး စီးပွားရေး လုပ်ငန်းငယ်တွေ၊ ကုမ္ပဏီတွေက နည်းနည်းပါးပါးပဲ ပေါ်လာခဲ့ပါတယ်။

ဒီနှစ်ပိုင်းတွေအတွင်း အိမ်ခြံမြေ အရောင်းပမာဏက ထက်ဝက် ကျဆင်းသွားတယ် လို့ အိမ်ခြံမြေ အရောင်းကိုယ်စားလှယ် ဒေသခံ အမျိုးသမီး တယောက်က ‌ဆိုပါ တယ်။

"စျေးကွက်က တန့်သွားတော့ အိမ်စျေးတွေကလည်း ထိုးကျသွားတယ်" လို့ သူက ပြောသလို "အိမ်တွေ အများကြီးဆောက်ကြပြီး ရောင်းဖို့က တအားခက်သွားတယ်" လို့ ဆိုပါတယ်။

မြေပြင်မှာ အခြေအနေ ဘယ်လောက်ဆိုးနေသလဲ သိနိုင်ဖို့ ဒရုန်းတခု လွှတ်တင်ပြီး ဘေးပတ်ပတ်လည်ကို အတော်မြင်ရတဲ့ မှန်ဘီလူးကနေတဆင့် ကြည့် ကြည့် ပါတယ်။

အရပ်လေးမျက်နှာမှာ တိုက်တာသစ် ဆောက်နေတဲ့ ဝင်းတွေအားလုံးက လုပ်ငန်းတွေအားလုံး ရပ်နေကြပါပြီ။ လှုပ်ရှားနေတဲ့ အရာ ဘာတခုမှ မတွေ့ရတော့တာပါ။

ဒီဒေသမှာပဲ ဖြစ်နေတဲ့ ရောင်းလိုအား၊ ဝယ်လိုအား ပြဿနာ မဟုတ်ပါဘူး။ ဒီ မြို့တခုတည်းရဲ့ ပြဿနာလည်းမဟုတ်ပါဘူး။ နိုင်ငံ တလွှားက တပြည်နယ်ပြီး တပြည်နယ်မှာ အိမ်ခြံမြေစျေးကွက် ပူဖောင်းပေါက်တော့မယ့် အန္တရာယ်ကို အလွယ် တကူရှာတွေ့ နိုင်ပါ တယ်.

ဒီနိုင်ငံမှာ အိမ်ခြံမြေဆီ ပုံပြီး ရင်းနှီးမြှုပ်နှံကြစို့ ဆိုတဲ့ အကြောင်းရင်းတခုက တခြား ရင်းနှီးမြှုပ်နှံစရာ ရွေးစရာ မရှိတာပါ။ အိမ်ခြံမြေစျေးကွက် ထောင်တက်နေတုန်းက မြို့ကြီးများစွာက သာမန်မိသားစုတွေအဖို့ အိမ်စျေးတွေကို လိုက်မမီခဲ့ပါဘူး။ အစိုးရ က ဝင်ထိန်းတာက လူတယောက်အနေနဲ့ ဝယ်နိုင်တဲ့ တိုက်ခန်း အရေအတွက်က ဘယ်လောက်ကို မကျော်ရဆိုတာကို သတ်မှတ်ပေးတာပါ။

အားလုံး သာတူညီမျှဖြစ်ရမယ်ဆိုတဲ့ ပြုပြင်ပြောင်းလဲရေးမူအရ ကြိုးစားခဲ့တာ ဖြစ်ပေမယ့် ရလဒ်က ပြောင်းပြန်ဖြစ်သွားပါတယ်။

ချင်းဒေါင်မှာ ဒီလို ကန့်သတ်ချက်တွေကို လျှော့ချပေးခဲ့ပြီး တန့်နေတဲ့ အိမ်ခြံမြေ စျေးကွက် ပြန်သွက်လာဖို့ နှိုးဆွပေးနေ ပါတယ်။

စီးပွားရေး တိုးတက်မှုနဲ့ စီးပွားရေး လုပ်ငန်းဆိုင်ရာ ယုံကြည်စိတ်ချရမှုတွေ ရဖို့ အရေး တရုတ်မှာ မူဝါဒကိုင်သူတွေအနေနဲ့ ကြုံနေရတဲ့ စိန်ခေါ်မှုက အိမ်ခြံမြေ အရောင်းအဝယ်သွက်အောင် အတင်းကြိုးစား နေရတာ၊ အဲဒီစျေးကွက်ကို အလွန်အမင်း မှီခို နေရတာတွေကနေ တခြားနည်းလမ်း တခု ရှာတွေ့နိုင်ဖို့ ပါ။

Moody's Analytics က စီးပွားရေး ပညာရှင် ဟယ်ရီ မာဖီ ခရုစ်က တရုတ်ဟာ ကြီးမားတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင် တွေ့နေတာလို့ မြင်ပါတယ်။

"တရုတ်ရဲ့ စီးပွား‌ရေးက ပြန်လည်ထိန်းညှိဖို့ အသည်းအသန် လိုအပ်နေပါတယ်" လို့ သူက သြစတြေးလျအခြေစိုက် ဘီဘီစီကို ပြော ပါတယ်။

"အခြေခံ အ‌ဆောက်အဦ အကြီးအမားတွေ ဆောက်လုပ်တာ၊ အိမ်ခြံမြေ စျေးကွက်ကို မြှင့်တင်တာ စတာ တွေကြောင့် ပြီးခဲ့တဲ့ ဆယ်စု နှစ် ၂စုတာ၊ ၃ စုတာ ကာလမှာ ဖွံ့ဖြိုးမှုနှုန်း အကြီး အမား ဖြစ်ခဲ့ပေမယ့် ဒါက ရှေ့မှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးမှုကို သွားစေတဲ့ မောင်းနှင်မှု မဟုတ်ပါဘူး။"

"ကမ္ဘာတခွင်ကို ကြည့်လိုက်ပါ၊ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေအနေနဲ့ အိမ်ထောင်စုတွေ ဟာ စီးပွားရေး ဖွံ့ဖြိုးမှု တိုးတက်ဖို့ အတွက် အဓိကမောင်းနှင်အားတွေ ဆိုတာကို တွေ့ရမယ်၊ အခု အချိန်မှာ ဒါမျိုး တရုတ်မှာ မရှိသေးဘူး။"

တရုတ်အစိုးရက ဘဏ်တိုးနှုန်းကို လျှော့ချပေးပြီး လူတွေ၊ စီးပွား‌ရေး လုပ်ငန်းရှင် တွေဆီက သုံးဖို့ငွေတွေ ထွက်လာအောင် လုပ်ဖို့ စဉ်းစားနေပါတယ်။

ဒါပေမဲ့ ပြဿနာက စိတ်ထဲမှာ ခံယူထားချက်နဲ့ ဆိုင်ပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုများတဲ့ အခါ လူတွေက ပိုပြီး စိတ်လုံခြုံပါတယ်။ အလုပ်များများ ရှိလာဖို့ စီးပွားရေး လုပ်ငန်းတွေ ပိုင်းကနေ ရင်းနှီးမြှုပ်နှံဖို့ လိုအပ် ပါတယ်။ ဒါပေမဲ့ စားသုံးသူတွေက သုံးဖို့ ဝယ်ဖို့ တုံ့နှေးနေတာမို့ သူတို့က ရင်းနှီး မြှုပ်နှံရမှာကို စိုးရိမ်နေပါတယ်။

ဟယ်ရီ မာဖီ ခရုစ် ကတော့ "ကြက်ဥနဲ့ ကြက် ဘယ်က စသလဲ ဆိုတာမျိုးပေါ့၊ စီးပွားရေး လုပ်ငန်းပိုင်းတွေက ‌ငွေမသုံးကြရင် စီးပွားရေးက တက်လာမှာမဟုတ်ဘူး။ စီးပွားရေး တက်လာတာ မတွေ့ရဘဲနဲ့ သူတို့ကလည်း ငွေရင်းနှီးကြမှာမဟုတ်ဘူး။ အဲဒီတော့ တန့်နေရော၊ ဒါက တရုတ် စီးပွားရေးမှာ အဓိက ဖြစ်နေတဲ့ အကြောင်းခံပဲ" လို့ ဆိုပါတယ်။

ဒီဟာတွေ အားလုံးကနေ ကမ္ဘာ့ကုန်သွယ်ရေးကို ထိခိုက်လာနိုင်ပါတယ်။

တရုတ်နိုင်ငံက အကြီးကြီးပါ။ ကမ္ဘာမှာ စီးပွားရေး ဒုတိယ အကြီးဆုံးဟာ ဂယက်ထ နေရာ ကနေ လှိုင်းထ လာနေတာပါ။

နိုင်ငံတကာက ဝယ်လိုအားနည်းလာတာနဲ့အတူ ဒီမှာ ထုတ်လုပ်ရေးတွေက ကျဆင်းပြီး အကျိုးဆက်က တရုတ် တင်ပို့ကုန်အထွက် ကျဆင်းနေပါတယ်။ ကမ္ဘာမှာ တရုတ်ထုတ် ပစ္စည်းတွေ ပိုအရ နည်းလာပါတယ်။ အာရှရဲ့ စက်ရုံကြီးဟာ လုပ်ငန်းလည်ပတ်မှု ကျဆင်းနေပါတယ်။ နောက်ပြီး တရုတ်ပြည်တွင်း စားသုံးမှု တဖြည်းဖြည်းကျလာတာက တခြားနိုင်ငံက လာတဲ့ တင်သွင်းကုန်ပမာဏကို ကျဆင်း လာစေပါတယ်။

တရုတ်အစိုးရအဖို့ ရေတိုမှာ ငွေစိုက်ထည့်သုံးပြီး စီးပွား‌ရေးကို မြှင့်ဖို့ ကြိုးစားမလား၊ အဲဒါကလည်း ရေရှည်အတွက်လိုအပ်နေတဲ့ စီးပွားရေး ပြန်လည် ထိန်းညှိနေတာကို နှောင့်‌နှေးစေပါတယ်။ တခါ အခု ခံစားနေရတဲ့ ဝေဒနာ ထပ်ပြီးတိုးလာမှာကို သည်းခံပြီး ရေရှည်အတွက် ဖြေရှင်းချက်ကို မြန်မြန်ဆန်ဆန် လုပ်မလား။ ဒီလို ရွေးချယ်စရာတွေ ကြားမှာ သူတို့ ဗျာများ နေရပါတယ်။

တကယ်တော့ တရုတ်အာဏာပိုင်တွေက အလယ်အလတ်လမ်းကို ရွေးမယ့်ပုံပါ။ သူတို့က နိုင်ငံစီးပွားရေး တည်ငြိမ်အောင် နည်းနည်း ငွေစိုက်ထည့်မယ့်နည်းနဲ့ စမယ်၊ နောက်ပြီး ရှိနေတဲ့ ရေရှည်အတွက် ပိုကြီးမားတဲ့ ပြဿနာတွေကို စဉ်းစားမယ် ဆိုတာမျိုးပါ။

ဘာ့ကြောင့်လဲ ဆိုတော့ တခုခု မှားလိုက်တာနဲ့ ပြန်လှည့်ဖို့ ခက်တယ်ဆိုတာကို သူတို့ သိထားပြီးပြီ မို့ပါ။

ချင်းဒေါင်နဲ့ ပတ်သက်ပြီး အကောင်းတွေးစရာ ရချင်ရင်၊ ကမ်းခြေဘက်ကို ခြေဦး လှည့်လိုက်ပါ။ သူ့ရဲ့ ကျော်ကြားတဲ့ ကမ်းခြေက ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ ပုံပါ။

ရယ်မောနေကြတာတွေ၊ သဲနဲ့ ရဲတိုက်ဆောက်နေတာတွေ၊ ပျော်နေ ကြပါတယ်၊ လူတိုင်းပါပဲ။ လုပ်ငန်းရှင်ပဲဖြစ်ဖြစ်၊ ကားဒရိုင်ဘာပဲ ဖြစ်ဖြစ် ပင်လယ်ရဲ့ အလှနဲ့ ပင်လယ်ရဲ့ ဆီးကြိုပွေ့ဖက်မှုကို ခံစားနေကြပါတယ်။

ရှေ့မှာ ပျော်စရာ တကယ်ဖြစ်လာမယ်၊ ဖြစ်မလာဘူးတော့ မပြောနိုင်ပါဘူး၊ ဒါပေမဲ့ ဒီမှာ ပျော်မွေ့ ခံစားလိုက်ရင်၊ အခု ဘာတွေဖြစ်နေနေ အနာဂတ်ဟာ မျှော်လင့်စရာ ကောင်းနေဆဲပါပဲ။