အရှေ့တောင်အာရှ- တရားမျှတမှုအတွက် တိုက်ပွဲဝင်နေတဲ့ အိမ်အကူတွေ

Meriance Kabu tears up when she recounts her plight in Kuala Lumpur

ဓာတ်ပုံ ရင်းမြစ်, BBC / Dwiki Marta

ဓာတ်ပုံ ပုံစာ, ကွာလာလမ်ပူမှာ ကြုံခဲ့ရတဲ့ အဖြစ်ဆိုးတွေကို ပြန်ပြောပြရင်း မျက်ရည်တွေ ကျနေခဲ့တဲ့ မာရီယန့်စ် ကဘူ
    • ရေးသားသူ, အင်ဒန် နာဒင်နဲ့ ရာဂျာ လန်ဘန်ရို
    • ရာထူးတာဝန်, ဘီဘီစီ အင်ဒိုနီးရှား၊ ကွာလာလမ်ပူ

"ကယ်ကြပါဦးရှင်၊ ကျွန်မကို အိမ်ရှင်က နှိပ်စက်နေပါတယ်"လို့ မယ်ရီယန့်စ် ကဘူ ရေးလိုက်ပါတယ်။

"နေ့တိုင်း သွေးထွက်သံယို ဖြစ်နေရပါတယ်။ ကယ်ကြပါရှင်"လို့ ထပ်ဖြည့်ရေးလိုက်ပါတယ်။

ပြီးတော့ စာရွက်လေးကို ခပ်မြန်မြန် ခေါက်ပြီး ပြတင်းပေါက် သံတိုင်တွေ ကြားက အပြင်ကို လွှင့်ပစ်လိုက်ပါတယ်။

သူနေရတဲ့ နေရာက ကွာလာလမ်ပူ မြို့စွန်မှာ ရှိတဲ့ တိုက်ခန်းတခုမှာဖြစ်ပြီး အဲဒီမှာ အိမ်အကူအဖြစ် အလုပ်လာလုပ်နေတာ ဖြစ်ပါတယ်။

အနားက ဖြတ်လျှောက်လာတဲ့ အမျိုးသမီး တယောက်က အဲဒီ စာခေါက်လေးကို တွေ့ပြီး ကောက်ယူ ဖတ်ကြည့်လိုက်ပါတယ်။ ပြီးတော့ ချက်ချင်းပဲ အဲဒီ တိုက်မှာနေတဲ့ အငြိမ်းစား ရဲအရာရှိ တယောက်ဆီကို သွားပါတော့တယ်။ သူ အဲဒီအိမ်မှာသာ ဆက်နေသွားရရင် သေတောင် သေသွားနိုင်တယ်လို့ အဲဒီလူက နောက်ပိုင်းပြန်ပြောပြပါတယ်။

အဲဒီနေ့က ၂၀၁၄ ဒီဇင်ဘာလ ၂၀ ရက် ဖြစ်ပြီး နေ့ချင်းတွင်းမှာပဲ မလေးရှား ရဲတပ်ဖွဲ့က မယ်ရီယန့်စ် နေတဲ့ တိုက်ခန်းကို ရောက်လာခဲ့ပါတယ်။ မယ်ရီယန့်စ်ဟာ အဲဒီ အခန်းထဲကနေ အပြင်မထွက်ရတာ ၈ လရှိနေပါပြီ။ ရဲတွေကို တွေ့လိုက်ရချိန်မှာ လဲကျမတတ်တောင် ဖြစ်သွားခဲ့ရတယ်လို့ သူက ဆိုပါတယ်။ ရဲတွေ သူတို့ကို မကြောက်ဖို့ ပြောကြပြီး သူလည်း တဖန်အားအင်တွေ ပြည့်ဝလာခဲ့တယ်၊ မွန်းကြပ်မှုတွေကနေ လွတ်မြောက်ပြီး အသက်ဝဝ ရှုခွင့် ရလိုက်သလိုပဲလို့ ဆိုပါတယ်။ ရဲတွေက သူ့ကို နွေးနွေးထွေးထွေး ဆက်ဆံခဲ့ကြသလို သူကလည်း အဖြစ်မှန်အတိုင်း ပြောပြခဲ့တယ်လို့ မယ်ရီယန့်စ်က ပြောပါတယ်။

ဒီသတင်းလွှာမှာ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ပါဝင်နိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။

အခုဆိုရင် မယ်ရီယန့်စ် တယောက် ကယ်တင်ခံခဲ့ရတာ ၉ နှစ် ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် တရားမျှတမှု ရဖို့ အတွက် သူတိုက်ပွဲဝင်နေရဆဲ ဖြစ်ပါတယ်။ သူ့အမှုမျိုးက ကြုံတောင့် ကြုံခဲ အမှုမျိုးလည်း မဟုတ်ပါဘူး။ ဒါကို ကြည့်ရင် အထောက်အထား မရှိဘဲ ပြည်ပမှာ လာရောက် အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်း လုပ်သားတွေမှာ ဘယ်လောက်တောင် ဘေးကင်းလုံခြုံမှု မရှိသလဲဆိုတာကို သိနိုင်မှာ ဖြစ်သလို အဲဒီလို အခြေအနေတွေက လွတ်မြောက်လာရင်တောင်မှ တရားမျှတမှု ရဖို့ ဘယ်လောက်ခက်ခဲသလဲ ဆိုတာကို တွေ့နိုင်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ အတွင်း ရဲတပ်ဖွဲ့က မယ်ရီယန့်စ်ရဲ့ အလုပ်ရှင် သြောင်ဆုပင်း ဆရီန်း ကို ထိခိုက်ဒဏ်ရာ ရစေမှု၊ သတ်ဖြတ်ရန် ကြံစည်မှု၊ လူကုန်ကူးမှုနဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုတွေနဲ့ စွဲဆိုခဲ့ပြီး သူကတော့ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။

မယ်ရီယန့်စ် ကိုယ်တိုင်လည်း သူ့နိုင်ငံ မပြန်ခင်မှာ တရားရုံးကို သွားပြီး ထွက်ဆိုခဲ့ပါတယ်။ အဲဒီနောက် ၂ နှစ် ကြာ အပြီးမှာတော့ အဲဒီအမှုကို သက်သေအထောက်အထား မခိုင်လုံလို့ ပိတ်သိမ်းခဲ့တဲ့ အကြောင်း အင်ဒိုနီးရှား သံရုံးကတဆင့် သိခဲ့ရပါတယ်။

Meriance in 2014 after she was rescued, her injuries clearly visible, and an older, younger photo of her

ဓာတ်ပုံ ရင်းမြစ်, BBC / Dwiki Marta

ဓာတ်ပုံ ပုံစာ, မာရီယန့်စ်ကို ကယ်လာကာစက မှတ်တောင် မမှတ်မိဘူးလို့ ခင်ပွန်းသည်က ပြောပါတယ်။

အိမ်ရှင်က လွတ်သွားပြီး တရားမျှတမှု ဘယ်မှာလဲ လို့ မလေးရှားဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး ဟာမိုနိုနဲ့ အောက်တိုဘာလ အတွင်းတွေ့စဉ်မှာ မယ်ရီယန့်စ်က မေးခဲ့ပါတယ်။ သံရုံးကလည်း သူ့အတွက် ဥပဒေ အကြံပေးငှားပေးပြီး ဒီအမှုကို ပြန်ကြားနာပေးဖို့ တောင်းဆိုမှုတွေ လုပ်ခဲ့ကြပါတယ်။

ဘာလို့ ဒီလောက် ကြာနေရတာလဲ၊ ၅ နှစ်ဆိုတာတောင် မလောက်လို့လား၊ မယ်ရီယန့်စ်ကလည်း သူ့ တိုင်းပြည် ပြန်သွားပြီ ဆိုတော့ ဒီလိုသာ မတောင်းဆိုနေဘူးဆိုရင် မေ့ပစ်လိုက်ကြမှာ လို့ ဆိုပါတယ်။

မလေးရှားမှာ ဒီလို နှိပ်စက်တဲ့ အမှုတွေထဲက အနည်းငယ်လောက်သာ ရုံးတင်စစ်ဆေးခံရတာ ဘာကြောင့် ဆိုတာတော့ ကွဲပြားစွာ မသိရပါဘူး။ ဒါပေမဲ့ တက်ကြွ လှုပ်ရှားသူတွေကတော့ အင်ဒိုနီးရှားကလူတွေ အများစု ပါဝင်ကြတဲ့ ပြည်ပက လာရောက် အလုပ်လုပ်ကြသူတွေအပေါ် ဒုတိယတန်းစား နိုင်ငံသားတွေအဖြစ် ရှုမြင်ပြီး မလေးရှား နိုင်ငံသားတွေနဲ့ တန်းတူ ကာကွယ်ပေးမှုမျိုး မရှိဘူးလို့ ထောက်ပြကြပါတယ်။

မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ တရားဥပဒေအတိုင်း ဖြစ်စေဖို့လုပ်မယ့်အကြောင်း ဘီဘီစီကို ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ အတွင်းကတော့ မယ်ရီယန့်စ်ကို လူကုန်ကူးခဲ့တဲ့ လူ ၂ ယောက်ကို ထောင်ဒဏ်အပြစ်ပေးခဲ့ပါတယ်။ တရားသူကြီးက မယ်ရီယန့်စ်ကို မလေးရှားက သြောင်ဆုပင်း ဆရီန်း ဆီမှာ အိမ်အကူအဖြစ် အလုပ် လုပ်ဖို့ ပို့ပေးခဲ့ကြတယ်။ အကျိုးဆက်အဖြစ် မယ်ရီယန့်စ်ဟာ နှိပ်စက်ခံရပြီး ဒဏ်ရာတွေကြောင့် ဆေးရုံတောင် ရောက်ခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။

မယ်ရီယန့်စ် ကြုံခဲ့ရတဲ့ အဖြစ်တွေနဲ့ ပတ်သက်လို့ ရုံးတော်ရဲ့ စီရင်ချက်ထဲမှာ စိတ်အနှောင့်အယှက် ဖြစ်ရလောက်တဲ့ အထိ တိတိကျကျ ဖော်ပြထားပါတယ်။ အဲဒီထဲမှာ အိမ်ရှင်က သူ့ကို ပြင်းထန်စွာ ရိုက်နှက်တယ်၊ တကြိမ်မှာဆို နှာခေါင်းတောင် ကျိုးသွားတယ်လို့ ဆိုပါတယ်။ နောက်ပြီး မကြာခဏဆိုသလို မီးပူနဲ့ ကပ်တာ၊ မွေးညှပ်တွေ၊ တူ၊ တုတ်နဲ့ ပလာယာတွေကို သုံးပြီး နှိပ်စက်တဲ့ အကြောင်း ဖော်ပြထားပါတယ်။

အချိန် ၈ နှစ် ကြာခဲ့ပြီးချိန်အထိ သူ့ ကိုယ်ပေါ်မှာ အနှိပ်စက်ခံခဲ့ရတဲ့ ဒဏ်ရာ အနာရွတ်တွေ ကျန်နေဆဲ ဖြစ်ပါတယ်။ သူ့ အပေါ်နှုတ်ခမ်းမှာ ခပ်နက်နက် အမာရွတ်တခုကို တွေ့နိုင်သလို သွား ၄ ချောင်းလည်း မရှိတော့ပါဘူး။ နောက်ပြီး နားရွက်တဖက်ဟာလည်း ပုံပျက်လို့ နေပါတယ်။

သူ့ကို ကယ်ထုတ်လာကာစက မှတ်တောင် မမှတ်မိဘူးလို့ ခင်ပွန်းဖြစ်သူ ကာဗီယပ်စ်က ပြောပြပါတယ်။ မယ်ရီ ဆေးရုံပေါ်မှာ ရိုက်ထားတဲ့ ပုံတွေကို တွေ့တော့ တော်တော်ကို ထိတ်လန့်သွားခဲ့ရတယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်ကတော့ မလေးရှားနဲ့ အင်ဒိုနီးရှား အကြား အင်ဒိုနီးရှားက အိမ်အကူအဖြစ် လာရောက် အလုပ်လုပ်ကြသူတွေ ပိုမို ကောင်းမွန်စွာ လုပ်ကိုင် နေထိုင်နိုင်ခွင့်ရှိဖို့ သဘောတူညီချက် လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။ အခုလည်း မယ်ရီယန့်စ်ရဲ့ အလုပ်ရှင်ကို ပြန်လည် ကြားနာစစ်ဆေးဖို့ အင်ဒိုနီးရှားက တောင်းဆိုနေပါတယ်။ သူတို့လို အထောက်အထားမဲ့ လာရောက်လုပ်ကိုင်သူတွေမှာ ပိုပြီး အန္တရာယ်ရှိနေပါတယ်။ တိုင်းတပါးကို ရောက်လာတာနဲ့ သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေကို သိမ်းဆည်းခံလိုက်ရသလို ရေခြား မြေခြားမှာ အလုပ်ရှင်လည်း ဖြစ်တဲ့ အိမ်ရှင်နဲ့ပဲ နေရတာကြောင့် သူတို့ အတွက် အကူအညီ ရှာဖို့ဆိုတာ တော်တော် ခက်ခဲသွားတတ်တဲ့ အတွက် ဖြစ်ပါတယ်။

မလေးရှား ပါလီမန် အမတ်တယောက် ဖြစ်တဲ့ ဟာနာ ယိုးက လူတိုင်း ပိုပြီး တာဝန်ယူမှု ရှိဖို့လိုတယ်လို့ ပြောပါတယ်။ သူက ဒီလို အိမ်အကူတွေအပေါ် နှိပ်စက်ကြတာကို ရေငုံနှုတ်ပိတ် နေကြတဲ့ ယဉ်ကျေးမှုကို အဆုံးသတ်စေချင်သူ ဖြစ်ပါတယ်။

မလေးရှား လူ့စွမ်းအား ဝန်ကြီးဌာနရဲ့ အဆိုအရ အင်ဒိုနီးရှားကနေ မလေးရှားမှာ လာပြီး အိမ်အကူအဖြစ် လုပ်ကိုင်နေကြသူပေါင်း ၆၃,၀၀၀ ကျော် ရှိပါတယ်။ ဒါပေမယ့် အဲဒီအရေအတွက်ထဲမှာ အထောက်အထားမဲ့ ရောက်လာကြသူတွေ မပါ၀င်ပါဘူး။ အဲဒီလို လူတွေ ဘယ်လောက် ရှိသလဲ ဆိုတာ ခန့်မှန်းထားတာလည်း မရှိပါဘူး။ အင်ဒိုနီးရှားသံရုံးကတော့ ပြီးခဲ့တဲ့ ၅ နှစ် အတွင်းမှာ ဒီလိုနှိပ်စက်ခံရမှုပေါင်း ၅၀၀ နီးပါးလောက် ဆက်သွယ် သတင်းပို့လာကြတယ်လို့ ပြောပါတယ်။။

အင်ဒိုနီးရှား သံအမတ်ကြီး ဟာမိုနိုကတော့ ဒီအရေအတွက်က အပေါ်ယံလောက်ပဲ ရှိပါတယ်လို့ ပြောပါတယ်။ ဘယ်သူမှ မသိလိုက်ရတဲ့ အထူးသဖြင့် အထောက်အထားမဲ့ အလုပ်လာလုပ်သူတွေနဲ့ ပတ်သက်နေတဲ့ အဖြစ်မျိုးတွေ အများကြီး ရှိတယ်လို့ ဆိုပါတယ်။

ဒါတွေဘယ်တော့မှ အဆုံးသတ်မလဲဆိုတာတော့ မသိဘူး။ နှိပ်စက်ခံရတာ၊ လုပ်ခ လစာမပေးဘဲ ထားတာတွေ အပါအဝင် အမှုအခင်းမျိုးစုံနဲ့ ရင်ဆိုင်ရသူတွေကတော့ ပိုပြီး များလာနေတာတော့ သိထားပါတယ် လို့ဆိုပါတယ်။ ဒီလို နှိပ်စက်မှုတွေထဲက ဘယ်လောက်ကို ရုံးတင်စစ်ဆေးသလဲ ဆိုတာကိုတော့ သံရုံးဘက်က မှတ်တမ်းတင်ထားတာမျိုး မရှိပါဘူး။ ဒါပေမယ့် ထင်ရှားတဲ့ အမှုတချို့လည်း ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က မလေးရှား အမျိုးသမီးတယောက်ကို သူ့ အိမ်အကူ အင်ဒိုနီးရှား အမျိုးသမီးကို နှိပ်စက်ညှဉ်းပမ်းမှုနဲ့ ထောင်ဒဏ် ၁၈ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ဖူးပါတယ်။ နောက် ၆ နှစ်အကြာမှာလည်း အင်ဒိုနီးရှား အိမ်အကူကို သတ်ဖြတ်မှုနဲ့ စုံတွဲ တတွဲကို သေဒဏ် အပြစ်ပေးတာလည်း ရှိခဲ့ပါတယ်။

မသေမချင်း တိုက်ပွဲဝင်သွားမယ်

တရားမျှတမှု ရဖို့အတွက် မသေမချင်း တိုက်ပွဲဝင်သွားမယ်၊ ကျွန်မအိမ်ရှင်ကို ဘာကြောင့် နှိပ်စက်ခဲ့သလဲ ဆိုတာကို မေးချင်တယ်လို့ မယ်ရီယန့်စ်က ပြောပါတယ်။

Meriance with her husband and three children

ဓာတ်ပုံ ရင်းမြစ်, BBC / Dwiki Marta

ဓာတ်ပုံ ပုံစာ, မာရီယန့်စ်၊ ခင်ပွန်းဖြစ်သူနဲ့ ရင်သွေး ၃ ဦး

သူ့ အသက် ၃၂ နှစ်မှာ သူ့ ရင်သွေးတွေ ဝမ်းပြည့်အောင် ကျွေးမွေးနိုင်ဖို့ အတွက် ပြည်ပမှာ အလုပ်ရှာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အနောက်တီမောမှာ ရှိတဲ့ သူတို့ ရွာလေးမှာ ဘဝရှင်သန်ရေးက ကြမ်းတမ်းပါတယ်။ လျှပ်စစ်မီးလည်း မရှိသလို သောက်သုံးရေဆိုတာလည်း ပိုက်ကဖွင့်လိုက်ရုံနဲ့ မရပါဘူး။ သူ့ ခင်ပွန်းသည်ကလည်း နေ့စားအလုပ်သမားသာဖြစ်တဲ့ အတွက် မိသားစု၀င် ၆ ယောက်စလုံးကို ကျွေးမွေးနိုင်ဖို့ အတော်ခက်ခဲပါတယ်။

ဒါကြောင့်လည်း မလေးရှားက အလုပ်လုပ်ဖို့ ခေါ်လာတာကို လက်ခံခဲ့ပါတယ်။ သူ့မိသားစုအတွက် အိမ်ကောင်းကောင်း တလုံး ဆောက်ပေးဖို့ စိတ်ကူးယဉ်ခဲ့ပါတယ်။

၂၀၁၄ ဧပြီလမှာ ကွာလာလမ်ပူ မြို့တော်ကို ရောက်လာခဲ့ပါတယ်။ အလုပ် အေးဂျင့် ဆိုသူက သူ့ နိုင်ငံကူး လက်မှတ်ကို ယူသွားပြီး အလုပ်ရှင်လက်ထဲ ထည့်ပေးလိုက်ပါတယ်။ သူ့ ဖုန်းကိုလည်း အင်ဒိုနီးရှားမှာ တကည်းက လူခေါ်တဲ့လူတွေက ယူသွားခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့် မယ်ရီယန့်စ်ကတော့ ဘဝအခြေအနေ မြင့်မားလာဖို့ မျှော်လင့်နေခဲ့ ပါတယ်။ သူ့အလုပ်က အလုပ်ရှင် ဆရိန်းရဲ့ မိခင် အသက် ၉၃ နှစ် အရွယ် အဘွားကို ပြုစုဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် အလုပ်စဝင်ပြီး ၃ လ အကြာမှာပဲ နှိပ်စက်တာတွေ စလာခဲ့ပါတယ်။

တညနေခင်းမှာ ဆရိန်းက ငါးဟင်းချက်ဖို့ ပြင်ပါတယ်။ ဒါပေမယ့် ငါးကို ရှာမတွေ့ခဲ့ပါဘူး။ မယ်ရီယန့်စ်က မသိဘဲ အသားငါးတွေ ထည့်တဲ့ ရေခဲ သေတ္တာထဲမှာ သွားထည့်ထားမိလို့ ဖြစ်ပါတယ်။ အဲဒီမှာ မမျှော်လင့်ဘဲ အဲဒီ အေးခဲနေတဲ့ ငါးနဲ့ ကောက်ရိုက်တာ ခံလိုက်ရပြီး သူ့ခေါင်းလည်း ကွဲသွားခဲ့ပါတယ်။

အဲဒီနေ့က စပြီး နေ့စဉ်နေတိုင်း ရိုက်နှက် နှိပ်စက်ခံရတော့တယ်လို့ သူက ပြောပြပါတယ်။ သူ့ကို တိုက်ခန်းထဲကနေ ဘယ်တော့မှ အပြင်ပေးမထွက်ဘူး၊ တိုက်ခန်းကလည်း သံတခါးဖြစ်ပြီး အမြဲ သော့ခတ်ထားသလို သူ့ဆီမှာ သော့လည်းမရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့်လည်း အဲဒီ တိုက်မှာ နေကြတဲ့ တခြား တိုက်ခန်း ၄ ခန်းက လူတွေဟာ သူရှိနေမှန်းကို ရဲတွေ ရောက်လာတဲ့ နေ့မှပဲ သိခဲ့ကြတာ ဖြစ်ပါတယ်။

သူ့ကို လာကယ်ကြတဲ့ ညမှပဲ တွေ့ဖူးတာလို့ အိမ်နီးချင်း တဦးက ပြောပါတယ်။

သူ့ အိမ်ရှင်က မောမှပဲ နှိပ်စက်တာတွေကို ရပ်တယ်လို့ မယ်ရီယန့်စ်က ပြောပါတယ်။ ပြီးတဲ့အခါ သူ့ နှိပ်စက်ခံရလို့ ထွက်လာတဲ့ ကြမ်းပြင်နဲ့ နံရံတွေပေါ်က မယ်ရီယန့်စ်ရဲ့ သွေးစ သွေးနတွေကို သုတ်ခိုင်းတယ်လို့ ဆိုပါတယ်။ သူ့ကိုယ်သူ အဆုံးစီရင်လိုက်ဖို့ အထိ တွေးမိတဲ့ အကြိမ်တွေ ရှိခဲ့တယ်၊ ဒါပေမယ့် အိမ်မှာ ကျန်ခဲ့တဲ့ ကလေး ၄ ယောက်အတွက် သူ ဆက်လက် ရှင်သန်နေခဲ့ရတယ်လို့ မယ်ရီယန့်စ်က ပြောပြပါတယ်။

Meriance Kabu in Malaysia

ဓာတ်ပုံ ရင်းမြစ်, BBC / Dwiki Marta

ဓာတ်ပုံ ပုံစာ, ကလေးတွေအတွက် အဖြစ်ဆိုးထဲမှာ ဆက်လက် ရှင်သန်နေခဲ့တာလို့ မာရီယန့်စ်က ပြောပါတယ်။

တခါတလေဆို ပြန်တောင် လုပ်ချင်ခဲ့တယ်၊ ဒါပေမယ့် ပြန်လုပ်ခဲ့မိရင် သေတောင် သေနေလောက်ပြီလို့ သူက ပြောပါတယ်။

ဒီလိုနဲ့ ၂၀၁၄ နှစ်ကုန်ပိုင်း ကာလရဲ့ တနေ့မှာ သူ့ကိုယ်သူ မှန်ထဲ ပြန်ကြည့်ရင်း အပြောင်းအလဲ တခုကို ခံစားမိခဲ့ပါတယ်။ ဒီလို ဆက်မခံနေနိုင်တော့ဘူး၊ ဒေါသထွက်လာတယ်။ အိမ်ရှင်ကို ဒေါသထွက်မိတာ မဟုတ်ဘဲ သူ့ကိုယ်သူ ဒေါသထွက်မိတယ်။ ဒီအခြေအနေကနေ လွတ်မြောက်ဖို့ သူလုပ်ခဲ့တယ်လို့ ပြောပြပါတယ်။ ဒီလိုနဲ့ သူ့ လွတ်မြောက်ဖို့ အတွက် ဖြစ်လာမယ့် စာလေး တစောင်ကို ရေးဖြစ်ခဲ့ပါတယ်။

သူ့ အိမ်ရှင် ဖြစ်ခဲ့တဲ့ သြောင် ဆုပင်း ဆရီန်းကို ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ တုံ့ပြန်ဖို့ ဘီဘီစီက အကြိမ်ကြိမ် ကြိုးစားဆက်သွယ်ခဲ့ပေမယ့် သူ့ဘက်က ငြင်းဆိုခဲ့ပါတယ်။

မယ်ရီယန့်စ်ကတော့ သူ့အတွက်သာ မကဘဲ သူ့လို အဖြစ်မျိုးကြုံခဲ့ရပြီး မလွတ်မြောက်နိုင်ခဲ့သူ တွေအတွက်ပါ တရားမျှတမှု ရဖို့ သူတိုက်ပွဲဝင်နေတာ ဖြစ်ကြောင်း ပြောပါတယ်။

သံအမတ်ကြီး ဟာမိုနိုက အခု လူမှန်းမသိလောက်အောင် နှိပ်စက်ခံခဲ့ရပြီး အငတ်ပါ အထားခံခဲ့ရတဲ့ အိမ်အကူ တယောက်ရဲ့ အမှုကိစ္စကို ကိုင်တွယ်နေပါတယ်။ ဒီအိမ်အကူဆို သူ့ကို ကယ်ဆယ်နိုင်ခဲ့ချိန်မှာ ကိုယ်အလေးချိန်က ၃၀ ကီလိုပဲ ရှိပါတယ်။ သူ့ အိမ်ရှင်ကတော့ လောလောဆယ်မှာ အမှု ရင်ဆိုင်နေရပါတယ်။

ဒါပေမယ့် အဒဲလ်လီန ဆအူလို အချိန်မီ မကယ်တင်နိုင်ခဲ့သူ တွေလည်း ရှိပါတယ်။ သူ့ကိုဆို သူ့ အိမ်ရှင်က အငတ်ထားပြီး နှိပ်စက်ခဲ့တာကြောင့် အသက်ပါ ဆုံးရှုံးခဲ့ရပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ အသက် ၂၀ ပဲ ရှိပါသေးတယ်။

သူ့အိမ်ရှင်ကို လူသတ်မှုနဲ့ စွဲဆိုခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၂၀၁၉ မှာ တရားလိုဘက်က စွဲချက်တွေကို ရုပ်သိမ်းသွားခဲ့ပါတယ်။ ဒီအမှုကို ပြန်လည် ကြားနာစစ်ဆေးပေးဖို့ အယူခံ တင်ခဲ့ကြပေမယ့် ပယ်ချခံခဲ့ရပါတယ်။ အဒဲလ်လီနာဟာလည်း မယ်ရီယန့်စ် နေထိုင်တဲ့ အနောက်တီမော ခရိုင်ထဲက ပဲ ဖြစ်ပါတယ်။ မယ်ရီယန့်စ်က သူ အဒဲလ်လီနာရဲ့ မိခင်နဲ့ ဆုံခဲ့ကြောင်းနဲ့ အဒဲလ်လီနာ ကွယ်လွန်သွားပြီ ဖြစ်ပေမဲ့ သူ့ ကိုယ်စား တိုက်ပွဲဝင်ပေးသွားမယ့် အကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။