လဇ် ထရပ်စ် - ၄၅ ရက် ဝန်ကြီးချုပ်နဲ့ ကမ္ဘာ့ ရာထူးသက်တမ်းအတိုဆုံး ခေါင်းဆောင်များ

လဇ် ထရပ်စ် ဝန်ကြီးချုပ် အဖြစ်က နုတ်ထွက်ကြောင်း ကြေညာအပြီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အောက်တိုဘာလ ၂၀ ရက်မှာ ဝန်ကြီးချုပ် အဖြစ်က နုတ်ထွက်သွားခဲ့တဲ့ လဇ် ထရပ်စ်ဟာ ဗြိတိသျှ သမိုင်းမှာ ၄၅ ရက်နဲ့ သက်တမ်းအတိုဆုံး ဝန်ကြီးချုပ် ဖြစ်သွားပါတယ်။
    • ရေးသားသူ, ဖာနန်ဒို ဒူရာတေး
    • ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတစ်လွှား

ယူကေမှာ ဝန်ကြီးချုပ် လဇ်ထရပ်စ် နုတ်ထွက်သွားခဲ့ပြီး ၆ နှစ်ကျော်အတွင်းမှာ ဝန်ကြီးချုပ် ၅ ယောက် ပြောင်းသွားတာ ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့စံချိန်တခုလို့တောင် ဆိုကောင်း ဆိုကြပါလိမ့်မယ်။ တကယ်လား ဆိုတော့ မဟုတ်ပါဘူး။

အာဂျင်တီးနား ပြည်သူတွေကို သွားမေးကြည့်ရင် သူတို့ တိုင်းပြည်မှာဆို သီတင်း ၂ ပတ်အတွင်း သမ္မတတောင် ၅ ယောက်ပြောင်းသွားဖူးတာလို့ ပြောပြကြပါလိမ့်မယ်။

တကယ်တော့ ထရပ်စ်ရဲ့ နံပါတ် ၁၀ ဒေါင်းနင်းလမ်း အိမ်မှာ ၄၅ ရက်တာ နေထိုင်ခဲ့တဲ့ ကာလက ဗြိတိသျှ နိုင်ငံရေး သမိုင်းမှာတော့ အတိုဆုံး ကာလလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာတလွှားက တခြား သက်တမ်းတို ခေါင်းဆောင်တွေရဲ့ အာဏာကိုင်စွဲနိုင်ခဲ့တဲ့ ကာလတွေနဲ့ ယှဉ်လိုက်ရင်တော့ ဒီ ၄၅ ရက်က အသင်္ချေလိုတောင် ဖြစ်သွား နိုင်ပါတယ်။

တညတာ ဂျာမန်နာဇီ အဓိပတိ

၁၉၃၀ ပြည့်နှစ်တွေ အတွင်းက စက်ရုံတခုကို ဂျိုးဆက် ဂေါ့ဘဲလ်စ် သွားရောက် စစ်ဆေးစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂျိုးဆက် ဂေါ့ဘဲလ်စ်ဟာ နာဇီ ဂျာမနီ ရ့ ဝါဒဖြန့် ဝန်ကြီးအဖြစ် ၁၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပေမယ့် အဓိပတိအဖြစ်ကတော့ တရက်သာ ကြာခဲ့ပါတယ်။

ဂျိုးဆက် ဂေါ့ဘဲလ်စ်ဟာ ဂျာမနီကို နာဇီတွေ အုပ်စိုးထားတဲ့ ၁၉၃၃ ကနေ ၁၉၄၅ အတွင်း ဝါဒဖြန့်ချိရေး ဝန်ကြီးအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားသူ ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ အဓိပတိ ရာထူးကိုလည်း တရက်တာ ရရှိဖူးတယ် ဆိုတာကို သိသူကတော့ တော်တော် နည်းပါတယ်။

အဲဒီလို ဖြစ်ခဲ့တာက ၁၉၄၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က ဖြစ်ပါတယ်။ ဥရောပတိုက်က ဒုတိယ ကမ္ဘာစစ်ကြီးရဲ့ နောက်ဆုံး နေ့ရက်တွေအတွင်းမှာ သူ့ရှေ့က အဓိပတိ နေရာမှာ ရှိနေခဲ့တဲ့ အဒေါ့ဖ် ဟစ်တလာ ဘာလင်မြို့တော်က မြေအောက် ဘန်ကာ တလုံးထဲမှာ သူ့ကိုယ်သူ အဆုံးစီရင် သွားခဲ့ပြီးတဲ့နောက်မှာ ဖြစ်ပါတယ်။ ဟစ်တလာပြီးရင် ဒုတိယ အကြီးဆုံးဖြစ်တဲ့ ဂေါ်ဘဲလ်စ်ဟာ ဟစ်တလာရဲ့ နေရာကို ဆက်ခံပြီး အဓိပတိ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ဂေါ်ဘဲလ်စ်နဲ့ သူ့ဇနီးက သူတို့ကလေး ၆ ယောက်ကို ဆိုင်ယန်နိုက် အဆိပ်နဲ့ သတ်ပစ်ခဲ့ပြီးနောက်မှာ သူတို့ ကိုယ်တိုင်ပါ သတ်သေ သွားခဲ့ကြတာ ဖြစ်ပါတယ်။

အိမ်ဖြူတော်မှာ တလကြာ

အမေရိကန်ရဲ့ နဝမမြောက် သမ္မတ ဝီလယမ် ဟန်နရီ ဟယ်ရစ်ဆင်ရဲ့ ပ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်ရဲ့ နဝမမြောက် သမ္မတ ဟယ်ရစ်ဆင်ဟာ သမ္မတသက်တမ်း ၃၂ ရက်ပဲ ကြာခဲ့ပါတယ်။

ဝီလံယမ် ဟင်နရီ ဟယ်ရစ်ဆင် ၁၇၇၃-၁၈၄၁ ဟာ အမေရိကန် သမ္မတတွေထဲမှာ ပထမဆုံး တာဝန်ထမ်းဆောင်နေစဉ်အတွင်း သေဆုံးတဲ့ သမ္မတ အဖြစ်ရော သက်တမ်းအတိုဆုံး သမ္မတ အဖြစ်ပါ မှတ်တမ်းတင်ထားရသူ ဖြစ်ပါတယ်။

တချိန်က စစ်အရာရှိ တယောက်လည်း ဖြစ်ခဲ့ပြီး သမ္မတ တာဝန်ထမ်းဆောင်ပြီး ၃၂ ရက်အကြာ အသက် ၆၈ နှစ်မှာ အဆုတ်ရောင် ရောဂါနဲ့ ကွယ်လွန်ခဲ့ရတာ ဖြစ်ပါတယ်။

အဝင်အထွက်များတဲ့ ကာဆာ ရိုဆာဒါ ဆုံလည် တံခါး

၂၀၂၁ ဒီဇင်ဘာလ အတွင်းက အာဂျင်တီးနားသမ္မတဟောင်း ဒဲလ် လာရူအာရဲ့ ပုံကို ဆန္ဒပြသူတွေက မီးတင်ရှို့ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာဂျင်တီးနားမှာ၂၀၀၁ ခုနှစ်က သမ္မတ ဖာနန်ဒို ဒဲလ် လာရူအာ နုတ်ထွက်သွားပြီးနောက် သမ္မတတွေ ဆက်တိုက် အပြောင်းအလဲ ဖြစ်ခဲ့

ပြီးခဲ့တဲ့ ၂၀၀၁ ဒီဇင်ဘာလ အတွင်းမှာ အာဂျင်တီးနားရဲ့ အခြေအနေက တော်တော် ဆိုးနေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ စီးပွားရေး အကြပ်အတည်းတွေကြောင့် လူတွေ လမ်းတွေပေါ်တက်လာခဲ့ပြီး ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တာ လူပေါင်း ၂၅ ယောက်တောင် သေဆုံးခဲ့ရတဲ့အထိ ဖြစ်ပါတယ်။

နိုင်ငံရေး အခြေအနေ မတည်မငြိမ် ဖြစ်လာပြီးနောက် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ သမ္မတ ဖာနန်ဒို ဒဲလ် လာရူအာ နုတ်ထွက်သွားပါတယ်။

အဲဒီနောက်မှာတော့ ဆီးနိတ် လွှတ်တော်အတွင်းက အများစုခေါင်းဆောင် ရိုမန် ပွက်တာက တာဝန်ထမ်းဆောင်ပါတယ်။ အစောပိုင်းကတည်း နုတ်ထွက်သွားခဲ့တဲ့ ဒုတိယ သမ္မတနေရာကိုတော့ အစားထိုးနိုင်ခြင်း မရှိပါဘူး။

၂ ရက်အကြာမှာ ကွန်ဂရက်လွှတ်တော်က အဒိုလ်ဖို ရော့ဒ်ဒရီးဂတ်စ် ဆားကို ကာဆာ ရိုဆာဒါ သမ္မတ ရုံးကို ခေါင်းဆောင်ဖို့ ရွေးချယ်ခဲ့တာကြောင့် ပွက်တာက ဖယ်ပေးခဲ့ပါတယ်။

ဒါပေမယ့် ဆားကလည်း သူ့ရဲ့ အရေးပေါ် စီးပွားရေး ဆိုင်ရာ အစီအမံတွေကို ထောက်ခံမှု လျော့ကျသွားတဲ့နောက် ၇ ရက်အတွင်းမှာပဲ နုတ်ထွက်သွား ပြန်ပါတယ်။

2002 ၂၀၀၂ ဇန်နဝါရီ ၁ ရက်က ကျမ်းသစ္စာ ကျိန်ဆို အပြီးတွေ့ရသော အက်ဒွာဒို ဒွာလ်ဒေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၀၁ ခုနှစ်က သီတင်း ၂ ပတ်အတွင်း အာဂျင်တီးနားရဲ့ ပဉ္စမမြောက် သမ္မတ ဖြစ်လာသူ အက်ဒွာဒို ဒွာလ်ဒေ

ဥပဒေအရဆိုရင် ပွက်တာက ပြန်ပြီး တာဝန်ယူရမှာ ဖြစ်ပေမယ့် သူက ငြင်းဆိုခဲ့သလို ဆီးနိတ်ရဲ့ အများစု ခေါင်းဆောင် အဖြစ်ကပါ နုတ်ထွက်သွားပါတယ်။

အဲဒါကြောင့် အောက်လွှတ်တော် ခေါင်းဆောင် အက်ဒွာဒို ကမာနိုက စတုတ္ထမြောက် သမ္မတအဖြစ် တာဝန်ယူပါတယ်။

၃ ရက်ကြာပြီးတဲ့ နောက်မှာ သူလည်း နုတ်ထွက်သွားပြန်တာကြောင့် ကွန်ဂရက် လွှတ်တော်က နောက်ထပ် သမ္မတ တယောက်ကို ထပ်ပြီး ရွေးပေးရပြန်ပါတယ်။ ဒီတခါတော့ အက်ဒွာဒို ဒွာလ်ဒေ ဖြစ်လာပြီး သူကတော့ ၂၀၀၃ အထွေထွေ ရွေးကောက်ပွဲ ကာလအထိ တာဝန်ထမ်းဆောင် သွားနိုင်ခဲ့ပါတယ်။

အိန္ဒိယရဲ့ ရက်ပိုင်း ခေါင်းဆောင်

2000 ၂၀၀၀ ပြည့်နှစ်က နယူးဒေလီမြို့မှာ ကျင်းပတဲ့ အခမ်းအနားတခုမှာ အတဲလ် ဘီဟာရီ ဗာ့ဂျ်ပါရီး က သူ့ကို ပေးတဲ့ ခေါင်းပေါင်းကို ကိုင်မြှောက်ပြီး ပရိတ်သတ်ကို ဂါရဝပြုနေစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အတဲလ် ဘီဟာရီ ဗာ့ဂျ်ပါရီး ဟာ ဝန်ကြီးချုပ်အဖြစ် ၃ ကြိမ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ အဲဒီထဲက တကြိမ်က ၁ လတောင် မကြာခဲ့ပါဘူး။

အိန္ဒိယ ဝန်ကြီးချုပ်ဟောင်း အတဲလ် ဘီဟာရီ ဗာ့ဂျ်ပါရီးဟာ ဒီရာထူးကို သက်တမ်းအတိုဆုံး ထမ်းဆောင်ခဲ့သူအဖြစ် မှတ်တမ်းဝင်ပါတယ်။ သူတာဝန် ထမ်းဆောင်ခဲ့တာက ၁၉၉၆ ခုနှစ်က ဖြစ်ပြီး စုစုပေါင်း ၁၃ ရက် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ပါလီမန်ထဲမှာ အများစုအသာ မရတဲ့နောက်မှာ သူလည်း နုတ်ထွက်သွားခဲ့ပါတယ်။

၁၉၉၈ ခုနှစ်မှာ သူတခါ ပြန်တက်လာခဲ့ပါတယ်။ ဒီတခါမှာတော့ အရင်လို ၁၃ ရက်မဟုတ်ဘဲ ၁၃ လ ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ညွန့်ပေါင်းတွေ ပြိုကွဲပြီး ပါလီမန်ပါ ဖျက်သိမ်းခဲ့ရတဲ့ နောက်မှာ သူလည်း တာဝန်ကနေ ဆင်းပေးခဲ့ရပြန်ပါတယ်။

ဒါပေမယ့် ဗာ့ဂျ်ပါရီးရဲ့ ပါတီ ဘေဂျေပီက ရွေးကောက်ပွဲတွေမှာ ရလဒ်ကောင်းခဲ့ပြန်တာကြောင့် ၁၉၉၉ ကနေ ၂၀၀၄ အထိ သူဟာ တတိယအကြိမ် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်သွားနိုင်ခဲ့ပါတယ်။

ဆီယဲရာ လီယွန်က စိတ်ဝင်စားစရာ ၂ ထပ်စံချိန်

၁၉၈၀ က အာဖရိက ထိပ်သီး အစည်းအဝေးကို တက်ရောက်လာတဲ့ ဆီရဲရာ လီယွန်း သမ္မတ ဆက်ကာ စတီဗင်စ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆက်ကာ စတီဗင်စ် ရဲ့ သက်တမ်းအတွင်းမှာ အာဏာရှင်ဆန်တာ၊ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုပြီး စွပ်စွဲခံရတာတွေနဲ့ မဲမသမာမှု စတဲ့ စွပ်စွဲချက် များစွာ ရှိနေခဲ့

ဆက်ကာ စတီဗင်စ်ဟာ ဆီယဲရာလီယွန်း သမိုင်းမှာ သက်တမ်းအတိုဆုံး ဝန်ကြီးချုပ် အဖြစ်သာမက သက်တမ်း အရှည်ဆုံး သမ္မတအဖြစ်လည်း စံချိန် ၂ ခုတင်ထားသူ ဖြစ်ပါတယ်။

၁၉၆၇ ခုနှစ်မှာ အကြိမ်အနယ် ပြိုင်ပြီး ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရပေမယ့် ကျမ်းသစ္စာ ကျိန်ဆိုတဲ့ နေ့မှာတင် စစ်တပ်က အာဏာသိမ်းပြီး သူ့ကိုပါ ဖမ်းဆီးတာကို ခံလိုက်ရပါတယ်။

ဒါပေမယ့် နောက်ဆုံးမှာ အောင်နိုင်သူက စတီဗင်စ် သာ ဖြစ်ပြီး စစ်တပ်အုပ်ချုပ်ရေး ကာလ အလွန် တနှစ်အကြာမှာ သမ္မတအဖြစ် ၁၉၇၁ ခုနှစ်ကနေ ၁၉၈၅ ခုနှစ်အထိ တာဝန်ထမ်းဆောင် သွားခဲ့ပါတယ်။

သူ့သမ္မတ သက်တမ်းအတွင်းမှာတော့ အာဏာရှင်ဆန်တာ၊ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုပြီး စွပ်စွဲခံရတာတွေနဲ့ မဲမသမာမှု စတဲ့ စွပ်စွဲချက် များစွာ ရှိနေခဲ့ပါတယ်။

နောက် စိတ်ဝင်စားစရာ မှတ်တမ်းတခုက တောင်အာဖရိကမှာ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့မှာ သမ္မတ တာဘို အမ်ဘက်ကီ နုတ်ထွက်သွားတဲ့ အတွက် အဲဒီအချိန်က ဆက်သွယ်ရေး ဝန်ကြီး ဖြစ်တဲ့ အိုင်ဗီ မာတဲပဲ ကာဆာဘူရီဟာ တာ၀န်ယူခဲ့ရတာကြောင့် သူဟာ နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတလည်း ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့ ယာယီ သမ္မတ သက်တမ်း ၁၅ နာရီလောက်ပဲ ကြာခဲ့ပါတယ်။ အကြောင်းက အမ်ဘက်ကီရဲ့ နေရာကို ဆက်ခံဖို့ အတွက် နောက်အစိုးရ ဝန်ကြီး တဦးဖြစ်တဲ့ ခါလေမာ မိုသလန်တေကို ပါလီမန်က သမ္မတအဖြစ် ရွေးချယ်ခဲ့တာကြောင့် ဖြစ်ပါတယ်။

မက္ကဆီကိုနဲ့ ဘရာဇီးက ယာယီသမ္မတများ

ဘရာဇီး သမ္မတဟောင်း ကားလို့စ် လုဇ်

ဓာတ်ပုံ ရင်းမြစ်, Brazilian National Library

ဓာတ်ပုံ ပုံစာ, ၁၉၅၅ ခုနှစ်က ဘရာဇီး သမ္မတအဖြစ် ၃ ရက်တာဝန်ထမ်းဆောင်ခဲ့သူ ကားလို့စ် လုဇ်

အာဂျင်တီးနားရဲ့ နမူနာအတိုင်းပဲ လက်တင်အမေရိက ဒေသတွင်း နိုင်ငံတွေမှာ ရေပွက်ပမာ သမ္မတသက်တမ်း ခဏတာတွေ တော်တော်များများ ရှိပါတယ်။ မက္ကမဆီကိုက ပက်ဒရို လာ့စ်ကူရိန် ဆို တနာရီတောင် မပြည့်တဲ့ သမ္မတ ဖြစ်ပါတယ်။ ၁၉၁၃ ခုနှစ်က ဖြစ်ပြီး အဲဒီတုန်းက လက်ရှိ သမ္မတ ဖရန်စစ္စကို မာဒဲရို ကို စစ်တပ်က အာဏာသိမ်းခဲ့တဲ့ အတွက် ခေါင်းဆောင်နေရာကို ဝင်ယူခဲ့ရတာ ဖြစ်ပါတယ်။

ဘရာဇီး အောက်လွှတ်တော်ရဲ့ ဥက္ကဋ္ဌ ကားလို့စ် လုဇ်က ကတော့ လက်ရှိသမ္မတ ကာဖဲ ဖီယို အသည်းအသန် ဖြစ်နေတာကြောင့် ၁၉၅၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ အစားဝင်ပြီး တာဝန်ယူခဲ့ရပါတယ်။

အဲဒီအချိန်က ဘရာဇီးမှာသမ္မတသစ် အဖြစ် ဂျူဆဲလီနို ကူဘီရှက်ကို ရွေးကောက်ပြီး ဖြစ်ပေမယ့် ၁၉၅၆ ခုနှစ် ဇန်နဝါရီလမှာ စပြီး တာဝန်ထမ်းဆောင်ရမှာပါ။

လုဇ်က တာဝန်ယူပြီး ၃ ရက်အကြာမှာ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အမိန့်နဲ့ နေရာဖယ်ပေးခဲ့ရပါတယ်။ ယာယီသမ္မတက မကြာခင် တက်မယ့် သမ္မတ ကူဘီရှက် ကျမ်းမကျိန်ခင်မှာ အာဏာကို အရယူဖို့ ပြင်နေတယ်လို့ အကြောင်းပြခဲ့ကြပါတယ်။ အဲဒါကြောင့် ဆီးနိတ် လွှတ်တော်ရဲ့ ခေါင်းဆောင် နဲရူ ရာမို့စ်က အဲဒီနေရာမှာ ၂ လကြာ တာဝန်ယူခဲ့ရပါတယ်။

ရေပွက်ပမာ ဘုရင်များ

၁၉၄၆ ခုနှစ်က ရောမမြို့မှာ ဘုရင်စနစ်ကို ထောက်ခံသူတွေကို ဝရန်တာပေါ်က နှုတ်ဆက်နေတဲ့ ဒုတိယမြောက် အမ်ဘာတို ဘုရင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နန်းသက် ၃၄ ရက်သာ ကြာခဲ့တဲ့ အီတလီရဲ့ နောက်ဆုံး ဘုရင် ဒုတိယမြောက် အမ်ဘာတို

ဒီဘက်ခေတ်မှာ ဘုရင်တွေ၊ ဘုရင်မတွေအဖို့ ရွေးကောက်ပွဲတွေ ဝင်စရာမလိုသလို သမ္မတနိုင်ငံ ထူထောင်ချင်သူတွေရဲ့ တော်လှန်အုံကြွမှု မျိုးတွေကိုလည်း ရင်ဆိုင်စရာမလိုတာကြောင့် တော်တော် အနေချောင်တယ် ဆိုနိုင်ပါတယ်။ ဒါပေမယ့် သူတို့ သက်တမ်း ရှည်ကြာလိမ့်မယ်လို့တော့ တထစ်ချ မယူဆနိုင်ပါဘူး။

အီတလီက ဒုတိယမြောက် အမ်ဘာတို ဘုရင်ကိုပဲ ကြည့်ပါ။ သူဟာ ဖခမည်းတော် ဗစ်တိုရီးယို အီမန်နျူယဲလ် နန်းစွန့်သွားပြီးနောက်မှာ ဘုရင်ဖြစ်လာခဲ့ပါတယ်။ နိုင်ငံအနှံ့အပြားမှာ ထီးနန်းကို မလိုလားတဲ့ ဆန့်ကျင်မှုတွေ တိုးလာနေတဲ့ အတွက် ပြေလည်မှုရဖို့ အတွက် ဆန္ဒခံယူပွဲ ကျင်းပခဲ့ပါတယ်။

အဲဒီမှာ အီတလီလူထုရဲ့ ၅၄ ရာခိုင်နှုန်းက ဘုရင်စနစ်ထက် သမ္မတ နိုင်ငံအဖြစ် ပြောင်းလဲဖို့ မဲပေးခဲ့တာကြောင့် ဒုတိယမြောက် အမ်ဘာတိုရဲ့ နန်းသက် ၄၃ ရက်အကြာမှာ အဆုံးသတ်သွား ခဲ့ပါတယ်။

သူ့ထက်ပိုပြီး နန်းသက်တိုသလို စိတ်မကောင်းစရာ အဖြစ်နဲ့ ကြုံခဲ့ရသူက နီပေါလ်က ဒီပန်ဒြာ ဘီယဘစ်ခရမ် ရှား ဒိပဲ ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ် ဇွန်လ ၁ ရက်မှာ အိမ်ရှေ့စံက သူ့ ဖခမည်းတော်နဲ့ မယ်တော်အပါအဝင် နီပေါလ် တော်ဝင်မိသားစုဝင်တွေကို ပစ်ခတ် သတ်ဖြတ်ခဲ့ပါတယ်။ အိန္ဒိယ အထက်တန်းလွှာက ဆင်းသက်လာသူတဦးနဲ့ သူလက်ဆက်ခဲ့တာကို ဆွေတော်မျိုးတော်တွေက အသိအမှတ်ပြု ကောင်းချီးမပေးတာကြောင့် တုံ့ပြန်တာလို့ ဆိုပါတယ်။

နီပေါလ် ဘုရင် ဒီပင်ဒြာ ဘီယာ ဘီခရမ် ဒိ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၀၁ မှာ သူ့မိသားစုဝင်တွေကို ပစ်ခတ် သတ်ဖြတ်ခဲ့တဲ့ နီပေါလ် ဘုရင် ဒီပင်ဒြာ ဘီယာ ဘီခရမ် ဒိ

မိသားစုဝင်တွေကို သတ်ပြီးနောက်မှာ ဒီပန်ဒြာဟာ သူ့ကိုသူ ပစ်ပြီး သတ်သေဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် ချက်ချင်းအသက် သေမသွားခဲ့ဘဲ ကိုမာ ရပြီး မေ့မြောနေခဲ့ကာ ၃ ရက်အကြာမှ ကွယ်လွန်သွားခဲ့ပါတယ်။ အဲဒီလို မြောနေတဲ့ ကာလအတွင်းမှာ သူဟာ ထုံးတမ်းစဉ်လာအရ ဆိုရင် နီပေါလ်ရဲ့ ဘုရင်အဖြစ်ကို ရရှိသွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

တော်ဝင်တွေထဲက အတိုတကာ့ အတိုဆုံး နန်းစံသွားသူကို ပြပါဆိုရင်တော့ ပြင်သစ် ဘုရင် လူဝီ ၁၉ ပဲ ဖြစ်ပါတယ်။ ပြင်သစ်မှာ ဘုရင်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်နေစဉ် အတွင်း ၁၈၃၀ ခုနှစ် သြဂုတ်လ ၂ ရက်နေ့မှာ သူ့ ဖခမည်းတော် ဒဿမမြောက် ချားလ်စ်ဘုရင်က နန်းစွန်ခဲ့တာကြောင့် သူဘုရင်ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် လူဝီ ၁၉ ဟာ ဖခမည်းတော်ရဲ့ ခြေရာကို နင်းပြီး ဘုရင်ဖြစ်ပြီး မိနစ် ၂၀ အကြာမှာ နန်းစွန့်ကာ ပြင်သစ်ထီးနန်းကို တူတော်မောင် ဘော်ဒိုးနယ်စားကို လွှဲပေးခဲ့ပါတယ်။