ရုရှားတပ်တွေရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ သီရိလင်္ကာ အဖွဲ့တစ်ဖွဲ့ ဘယ်လိုရက်စက်မှုတွေနဲ့ ကြုံခဲ့ရတာလဲ

အစ်ဇယမ်မြို့ကို ယူကရိန်းတပ်တွေ ပြန်သိမ်းပိုက်လိုက်နိုင်ပြီးနောက်ပိုင်း အဲ့ဒီမှာ ရုရှားတပ်တွေ လုပ်ဆောင်ခဲ့တဲ့ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေက သက်သေအထောက်အထားတွေ အများကြီးနဲ့ ထွက်လာပါတယ်။ အဲဒီ သက်သေအထောက်အထားတွေထဲမှာ သီရိလင်္ကာအဖွဲ့ တစ်ဖွဲ့ကို လနဲ့ချီဖမ်းပြီး ညှဥ်းပန်း နှိပ်စက်ခဲ့တာတွေလည်း ပါပါတယ်။

ရုရှားတပ်တွေလက်ထဲ ဘယ်လိုကြုံတွေ့ခဲ့ရလဲဆိုတာ သူတို့ကိုယ်တိုင် ပြောပြချက်တွေကို ဒီဆောင်း ပါးမှာ ဖော်ပြထားပါတယ်။

“အဲ့ဒီကနေ အသက်ရှင်လျက်နဲ့တောင် ပြန်ထွက်လာနိုင်မှာ မဟုတ်တော့ဘူး”လို့ သူတို့ တွေးခဲ့တဲ့အကြောင်း ဒီလူဂျန်ပါသီမာဂျာကန်က ပြောပြပါတယ်။

ဒီလူဂျန်ဟာ ပြီးခဲ့တဲ့မေလက ရုရှားတပ်တွေ ဖမ်းဆီးခံခဲ့ရတဲ့ သီရိလင်္ကာ ၇ ဦးထဲက တစ်ဦးပါ။ ရုရှားက ယူကရိန်းကိုကျူးကျော်လာတဲ့အချိန်မှာ သူတို့အဖွဲ့ဟာ သူတို့နေတဲ့ ယူကရိန်းအရှေ့ မြောက်ပိုင်း ကူပီရန့်စ်မြို့ကနေ လုံခြုံတဲ့နေရာ ၇၅မိုင်လောက်ဝေးတဲ့ ကာကိဗ်မြို့ ကိုရောက်ဖို့ လမ်းလျှောက်သွားခဲ့ကြပါတယ်။

ဒါပေမဲ့ သူတို့တွေ့တဲ့ ပထမဆုံးစစ်ဆေးရေးဂိတ်မှာပဲ ရုရှားစစ်သားတွေရဲ့ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။

သူတို့မျက်လုံးတွေကို အဝတ်နဲ့စည်း၊ လက်တွေကို ကြိုးတုပ်ပြီး ရုရှားနယ်စပ်အနီး ဗော်ချန့်စ်မြို့က စက်ပစ္စည်းတွေထုတ်တဲ့ စက်ရုံတစ်ရုံကို ရုရှားတပ်က ဖမ်းခေါ်သွားပါတယ်။

ဒီအဖြစ်အပျက်က လေးလကြာ အကျဥ်းချခံခဲ့ရပြီး၊ အဓမ္မလုပ်အားပေး ခိုင်းစေတာ၊ ညှဉ်းပန်း နှိပ်စက်တာတွေခံရတဲ့ သူတို့ကြုံခဲ့ရတဲ့ အိပ်မက်ဆိုးတစ်ခုရဲ့ အစဖြစ်ပါတယ်။

သတိပေးချက်- နောက်ဖော်ပြတာတွေထဲမှာ စိတ်မချမ်းမြေ့စရာ အချက်အလက်တွေ ပါနိုင်ပါတယ်။

သူတို့အဖွဲ့ဟာ ယူကရိန်းကို အလုပ်လုပ်ဖို့၊ လေ့လာသင်ယူမှုတွေလုပ်ဖို့ ရောက်လာကြတဲ့သူတွေပါ။ ဒါပေမဲ့ သူတို့တွေ ယူကရိန်းမှာ ရုရှားတပ်တွေရဲ့ ဖမ်းဆီးအကျဥ်းချနှိပ်စက်တာ ခံခဲ့ရပါတယ်။ သူတို့ ဖမ်းခံခဲ့ရတဲ့အချိန်မှာ ရုရှားတွေက သူတို့အတွက်စားစရာကို အသက်ရှင်ရုံ လောက်အတွက် နည်းနည်းပဲပေးပြီး၊ အိမ်သာကလည်း တစ်နေ့ကိုတစ်ကြိမ် နှစ်မိနစ်ပဲ တက်ခွင့်ရပါတယ်။

ပြီးတော့ ရေချိုးခွင့်ပေးရင်လည်း ချိုးရတဲ့အချိန်က ၂မိနစ်လောက်ပဲ ရှိပါတယ်။

သူတို့အဖွဲ့သား အများစုက အသက်နှစ်ဆယ်ကျော်ဝန်းကျင်တွေဖြစ်ပြီး သူတို့ကို အခန်းတစ်ခန်း ထဲမှာ စုပိတ်ထားပါတယ်။အဖွဲ့ထဲက တစ်ဦးတည်းသော အမျိုးသမီး အသက်၅၀အရွယ် မာရီအီဒစ် ကိုတော့ တစ်နေရာမှာ သပ်သပ်ခွဲချုပ်ထားပါတယ်။

"သူတို့က ကျွန်မတို့ကို အခန်းတစ်ခန်းထဲမှာ သော့ခတ်ထားတယ်။ ရေချိုးဖို့သွားတဲ့ အချိန်ကျရင် ကျွန်မတို့ကို ရိုက်တယ်။ တခြားသူတွေနဲ့လည်း ပေးမတွေ့ဘူး။ သုံးလလောက်အထဲမှာ ပိတ်ခံထား ရတယ်" လို့ မာရီအီဒစ်က ပြောပါတယ်။

သီရိလင်္ကာက ကားဗုံးပေါက်ကွဲမှုကြောင့် မျက်နှာမှာ အမာရွတ်တွေရခဲ့တဲ့ မာရီမှာ နှလုံးရောဂါအခံ ရှိပေမယ့် သူ့ကို ဘာဆေးမှ မပေးပါဘူး။

ဒါပေမဲ့ တစ်ယောက်တည်းခွဲနေရတဲ့ အထီးကျန်မှုရဲ့ သက်ရောက်မှုတွေက သူ့အတွက် ရိုက်ခတ်မှုတွေ ဖြစ်စေခဲ့ပါတယ်။

"တစ်ယောက်တည်း နေရတာ အရမ်းစိတ်ညစ်ရတယ်" လို့ သူမက ဆိုပါတယ်။ "သူတို့က စိတ်ကျန်းမာရေးပြဿနာရှိနေတယ်လို့ ပြောပြီး ကျွန်မကို ဆေးပြားတွေပေးတယ်။ ဒါပေမဲ့ ကျွန်မ မယူခဲ့ဘူး"

အခြားသူတွေလည်း သူတို့အဖမ်းခံရစဥ်အချိန်မှာ ကြုံခဲ့ရတဲ့ နှိပ်စက်ခံရမှု တွေက အခုအချိန်ထိ သူတို့စိတ်ထဲမှာ စွဲနေကြတုန်းပါ။

အမျိုးသားတွေထဲက တစ်ယောက်က သူ့ခြေသည်းခွံကို ပလာယာနဲ့ဆွဲနှုတ်ခံရလို့ ရတဲ့ဒဏ်ရာတွေကို ဖိနပ်ချွတ်ပြီးပြပါတယ်။ နောက်ထပ် အမျိုးသားတစ်ဦးလည်း သူ့လိုပဲ နှိပ်စက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ရုရှားစစ်သားတွေ အရက်မူးလာတဲ့ အချိန်ကျရင်လည်း ဘာအကြောင်းပြချက်မှမရှိဘဲ အသားလွတ် အရိုက်ခံခဲ့ရတဲ့အကြောင်း သူတို့ကပြောပြပါတယ်။

“ကျွန်တော်တို့ တစ်ကိုယ်လုံးကို သူတို့ သေနတ်တွေနဲ့ အကြိမ်ပေါင်းများစွာ ရိုက်ခဲ့ကြတာ”လို့ အသက် ၃၅ နှစ်အရွယ် သီနက်စ်ဂိုဂန်သီရန်က ပြောပြပါတယ်။ “ရုရှားစစ်သားတစ်ယောက်က ကျွန်တော့်ဗိုက်ကို ထိုးလိုက်တဲ့အတွက် နှစ်ရက်လောက်တောင် နာနေတယ်။ ပြီးတော့ ကျွန်တော့်ဆီကလဲ ပိုက်ဆံ တောင်းတယ်။”

အရမ်းဒေါသထွက်ပြီး အရမ်းဝမ်းနည်းရတဲ့အတွက် နေ့တိုင်းငိုခဲ့ရတယ်လို့ အသက် ၂၅ နှစ် ဒီလူရှန်ရိုဘာ့လိုက်ဗ်ကလဲ ရှင်းပြပါတယ်။

“အဲ့ဒီအချိန် ကျွန်‌တော်တို့နဲ့ တူတူရှိနေတာက ဆုတောင်းတာနဲ့ မိသားစုအကြောင်းတွေးနေတာပါပဲ “လို့ သူက ပြောပါတယ်။

အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ သို့မဟုတ် စစ်ရာဇ၀တ်မှုတွေ ကျူးလွန်တာတွေ မရှိဘူးလို့ ရုရှားဘက်က ငြင်းဆိုထားပေမယ့် သီရိလင်္ကာနိုင်ငံသားတွေရဲ့ စွပ်စွဲချက်တွေက ရုရှား တွေသိမ်းပိုက်ခဲ့တဲ့နယ်မြေတွေမှာ ရုရှားတပ်တွေကျုးလွန်ခဲ့တဲ့ ရက်စက်ကြမ်း ကြုတ်မှုများစွာထဲက အချက်အလက်တွေအဖြစ် အခြားအစီရင်ခံစာတွေနဲ့အတူ ပါသွားပါပြီ။

ယူကရိန်းနိုင်ငံ အစ်ဇယမ်မြို့အနီးက တောအုပ်တစ်ခုထဲမှာ ရုရှားတပ်တွေမြုပ်ထားတဲ့ အလောင်း တွေကိုရှာတွေ့ခဲ့ပြီး အဲ့ဒီထဲကတစ်ချို့ မှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ လက္ခဏာတွေ တွေ့ခဲ့ရပါတယ်။

"လွတ်မြောက်လာတဲ့ ကာကိဗ်ဒေသက မြို့ကြီးတွေနဲ့ မြို့တော်တော်များများမှာ ညှင်းပန်းနှိပ်စက် မှုတွေကျုးလွန်ခဲ့တဲ့ စစ်ကြောရေးစခန်း နေရာ ၁၀ခု ကျော်ကျော်ကို တွေ့ထားပါပြီ" လို့ ယူကရိန်းသမ္မတ ဗလာဒီမာဇာလန် စကီးကလည်း ပြောထားပါတယ်။

ယခုလအစောပိုင်းက ဗော်ချန့်စ်မြို့ အပါအဝင် ယူကရိန်းအရှေ့ပိုင်းက နယ်မြေတွေကို ယူကရိန်းက ပြန်သိမ်းယူနိုင်ခဲ့တဲ့အချိန်မှာတော့ သီရိလင်္ကာနိုင်ငံသား ခုနစ်ဦးလည်း ရုရှားတွေ လက်ထဲက လွတ်မြောက်လာခဲ့ပါတယ်။

လွတ်လာပြီးတဲ့အချိန်မှာ သီရိလင်္ကာအဖွဲ့ဟာ ကာကိဗ်မြို့ကိုဦးတည်ပြီး နောက်တစ်ကြိမ် လမ်းလျှောက်လာခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာတော့ သူတို့လက်ထဲဖုန်းမပါလာတဲ့အတွက် မိသားစုနဲ့ အဆက်အသွယ် လုပ်လို့မရပါဘူး။

ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့ကံကြမ္မာက ပြောင်းလဲသွားပါတယ်။ လမ်းမှာ သူတို့ကို တစ်စုံတစ်ယောက်ကတွေ့ပြီး ရဲတွေဆီကို ခေါ်သွားတယ်။ ရဲအရာရှိတစ်ယောက်က မိသားစုနဲ့ ဆက်သွယ်လုပ်ဖို့ သူတို့ကို ဖုန်းအသုံးပြုခွင့်ပေးပါတယ်။

သူ့ ဇနီးနှင့်သမီးကို ဖုန်းစခရင်ပေါ်မှာ တွေ့လိုက်ရတော့ အသက်၄၀အရွယ် အိန်ကာရာနာသန် ဂါနီဆာမိုသီ တစ်ယောက် မျက်ရည်တွေ တောင်ကျ လာ ပါတယ်။

သူ့လိုပဲ အခြားဖုန်းခေါ်တဲ့သူတွေလည်း မိသားစုနဲ့ အဆက်အသွယ်ရတဲ့အချိန် ဖုန်းပြောရတဲ့အချိန်မှာ မျက်ရည်တွေကျကြပါတယ်။ နောက်ဆုံးမှာတော့ သူတို့အဖွဲ့ ဝမ်းသာလုံးဆို့ပြီး ရဲအကြီးအကဲကို ဝိုင်းဖက်ကြပါတယ်။

သူတို့အဖွဲ့ ဆေးကုသမှုခံယူဖို့ ကာကိဗ်မြို့က ရေကူးကန်နဲ့ အားကစားခန်းမပါတဲ့ ပြန်လည်ထူထောင်ရေးစခန်းကို ခေါ်သွားပါတယ်။ အဲ့ဒီမှာ ရေကူး ကန်ရှိပြီး ကျန်းမာရေးလေ့ကျင့်ဖို့ အားကစားရုံလည်းရှိပါတယ်။ အဝတ်အစားသစ်တွေပါ သူတို့ကိုပေးပါတယ်။

"အခု ကျွန်တော် အရမ်းပျော်နေပြီဗျာ " လို့ ဒီလူခ်ရှန်က အားပါးတရပြုံးပြီး ပြောပါတယ်။