ရုရှားသမ္မတပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ အပြန်အလှန် ဘာလိုချင်နေကြလဲ

    • ရေးသားသူ, BBC Monitoring
    • ရာထူးတာဝန်, သုံးသပ်ချက်

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ဒီသီတင်းပတ် အတွင်း နိုင်ငံခြားခရီးစဉ်တခုကို ရုတ်တရက် စတင်ကြမှာဖြစ်ပြီး ဥဇဘက်ကစ္စတန်မှာ ကျင်းပမယ့် ထိပ်သီးညီလာခံ တခုမှာ နှစ်ယောက် တွေ့ဆုံကြမှာပါ။

ဆမ်မာကန်မြို့မှာ စက်တာဘာလ ၁၅ ရက်ကနေ ၁၆ အထိ ၂ ရက်တာကျင်းပမယ့် ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (Shanghai Cooperation Organisation - SCO) ထိပ်သီး ညီလာခံကို အိန္ဒိယ၊ ပါကစ္စတန်၊ တူရကီ၊ အီရန်နဲ့ တခြားနိုင်ငံတွေက ခေါင်းဆောင်တွေလည်း တက်ရောက်ကြမှာဖြစ်ပေမယ့် ဒီညီလာခံမှာ တရုတ် ခေါင်း‌ဆောင် နဲ့ တွေ့ရမှာက "အထူးအရေးကြီးတယ်" လို့ ကရင်မလင်က အသားပေး ပြောနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ဘေဂျင်း ဆောင်းရာသီ အိုလံပစ်ပွဲတော် ဖွင့်ပွဲမှာ ခေါင်းဆောင် နှစ်ယောက် နောက်ဆုံးတွေ့ခဲ့ကြပြီး သူတို့ နိုင်ငံတွေရဲ့ ရင်းနှီးချစ်ကြည်မှုဟာ "အတိုင်းအဆမရှိ" ပါဘူးလို့ ပူးတွဲကြေညာချက် ထုတ်ခဲ့ကြပါတယ်။ နောက်ရက်ပိုင်းအကြာမှာတော့ ရုရှားက ယူကရိန်းကို ဝင် ကျူးကျော်ပါတော့တယ်။ ဘာတွေများ သူတို့ကြား ပြောင်းလဲသွားပါလဲ။ ဘီဘီစီ စောင့်ကြည့်လေ့လာရေး (BBC Monitoring) က မော်စကိုဟာ သူ့ မိတ်ဆွေဆီက ဘာကို မျှော်လင့်နေလဲ ဆိုတာနဲ့ ဘေဂျင်းက ဘာပြန်ယူဖို့ စဉ်းစားနေလဲ ဆိုတာ တွေကို ဆန်းစစ်လေ့လာထားပါတယ်။

သမ္မတပူတင်အဖို့ ဘေဂျင်းနဲ့ နီးနီးကပ်ကပ် ဆက်ဆံဆောင်ရွက်တယ်ဆိုတာက စစ်အေးခေတ်ပြီးနောက်ပိုင်း နိုင်ငံတကာကို အနောက်အုပ်စုက လွှမ်းမိုးလာပြီး ရုရှားနဲ့ တရုတ်လိုနိုင်ငံတွေ မှေးမှိန်သွားမှာကို ရှောင်ရှားနိုင်စေဖို့ ကမ္ဘာကိုလွှမ်းမိုး နိုင်တဲ့ သြဇာကြီး နိုင်ငံတွေ ပိုများလာစေရမယ်ဆိုတဲ့ သူ့အမြင် (multi polar world) ကို အကောင်အထည်ဖော်ဖို့ရာမှာ အဓိကကျတဲ့ အလုပ်ပါ။

ဒီမူဝါဒက သူ့အုပ်စိုးမှုကာလအတွင်းမှာ အခရာ ကျကျရှိခဲ့ပြီး နှစ်ပေါင်းများစွာ စိုက်လိုက်မတ်တတ် သူ ကျင့်သုံး လာတာပါ။ ဒါပေမယ့် အခုကာလမှာ ကရင်မလင် အဖို့ ဒီမူဝါဒက ပိုလို့ အရေးကြီးလာပါတယ်။

ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း ဗလာဒီမီယာ ပူတင်ဟာ အနောက်ကမ္ဘာ ကနေ ဝိုင်းကျဉ်တာခံနေရလို့ အထီးကျန် ဖြစ်နေတဲ့အတွက် ရှီကျင့်ဖျင်လို ကမ္ဘာက စွမ်းအားကြီး နိုင်ငံ့ခေါင်းဆောင်တွေနဲ့ သိပ်ကို တွေ့ဆုံချင်ပါတယ်။

သူ့ရဲ့ ယူကရိန်းစစ်ပွဲက အရင်က မမျှော်မှန်းခဲ့တဲ့ ရှရှားအပေါ် ပိတ်ဆို့အရေးယူမှု လှိုင်းကြီးကို ဖြစ်လာစေခဲ့တာမို့ သူဟာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ နှစ်နိုင်ငံ ကုန်သွယ်မှု စတာတွေကို သိပ်ကို စိတ်ဝင်စားပါလိမ့်မယ်။ အနောက်ကုမ္ပဏီတွေ သူ့နိုင်ငံကနေ ထွက်ခွာသွားတဲ့နောက် ဗလာဒီမီယာပူတင်ဟာ အဲဒီနေရာတွေမှာ တရုတ် ကုမ္ပဏီတွေနဲ့ အစားထိုးနိုင်ဖို့ ရည်မျှော်နေပါတယ်။

အနောက်က ရုရှားရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေအပေါ် မှီခိုတာတွေ လျှော့ချဖို့ လုပ်လာနေ‌တော့ မော်စကိုအနေနဲ့ သူတို့ရောင်းကုန်တွေကို အရှေ့ဘက်က တရုတ်ကို ရွှေ့ဖို့ ကြိုးပမ်းရပါလိမ့်မယ်။

ယူကရိန်းမှာ အောင်မြင်မှုမရဘဲ တန့်နေတဲ့ သူ့စစ်ပွဲအတွက် မော်စကိုဟာ လက်နက် တွေရဖို့လည်း အသည်းအသန်ဖြစ်နေပါတယ်၊ ဒါပေမယ့် အားပေးပါတယ်လို့ ပြောရုံ ကလွဲလို့ တရုတ်က အဲဒီလိုဘက်တွေမှာ ရုရှားကို ကူညီဖို့ဆိုတာက သိပ်ကို နောက်တွန့် နေတာပါ။

ရုရှား ခေါင်းဆောင်အဖို့ တရုတ်နဲ့ ပိုနီးကပ်တဲ့ ဆက်ဆံရေးလုပ်ဖို့ဆိုတဲ့ နေရာမှာ လည်း အတားအဆီးက ရှိနေပါသေးတယ်။ နှစ်နိုင်ငံဟာ ပထဝီနိုင်ငံရေး အရ ပြိုင်ဘက် နိုင်ငံတွေအဖြစ်ပဲ ရှိနေသေးသလို၊ ရုရှားနိုင်ငံ အရှေ့ဘက်မှာ တရုတ်တို့ သြဇာလွှမ်းလာတာကို ခွင့်ပြုနေတယ်လို့ သူ့နိုင်ငံတွင်းမှာ သမ္မတပူတင် အစွပ်စွဲခံ နေရတာပါ။

၂၀၂၀ ခုနှစ် ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါဆိုက်ပြီး နောက်ပိုင်း သမ္မတရှီကျင့်ဖျင်ရဲ့ ပထမဆုံးသော နိုင်ငံတကာခရီးစဉ်က ဥဇဘက် ကစ္စတန် (နဲ့ ကာဇက်စတန်)ကို လာတဲ့ အခု ခရီးပါ။

အောက်တိုဘာ ၁၆ မှာလုပ်မယ့် တရုတ် ကွန်မြူနစ်ပါတီရဲ့ သိပ်ကို အရေးပါတဲ့ အကြိမ် ၂၀ မြောက် ပြည်သူ့ ကွန်ကရက် မတိုင်မီမှာ အခုခရီးစဉ်ပေါ်လာတာ ဖြစ်ပြီး အဲဒီကွန်ကရက်မှာ ရှီက အာဏာ တတိယသက်တမ်း အတွက် ပြန်အရွေးခံ ရမယ်လို့ မှန်းဆနေ ကြတာပါ။

တရုတ်အစိုးရပိုင် မီဒီယာတွေက ရှီနဲ့ ပူတင် တွေ့ဆုံမှာနဲ့ ပတ်သက်လို့ အသေးစိတ် ဘာမှ ထပ်ပြီး ရေးသားတာမျိုး မရှိသေးပေမယ့် ထိုင်ဝမ်နဲ့ ဟောင်ကောင် မီဒီယာတွေ မှာတော့ ထိပ်သီးညီလာခံကို ရှီ သွားတက်တာဟာ သူ့နိုင်ငံရေးပါတီနဲ့ သူ့နိုင်ငံကို သူ အပြည့်အဝ ထိန်းချုပ်ထားတယ် ဆိုတာကို သူ့နည်းနဲ့ သူ ကမ္ဘာကိုပြလိုက်တာ လို့ ဆိုကြပါတယ်။

ထိုင်ဝမ် အစိုးရက တစိတ်တပိုင်း ချုပ်ကိုင်ထားတဲ့ စင်ထရယ် သတင်းဌာန (Central News Agency) က ဒီခရီးစဉ်ဟာ ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားတပ်တွေ တိုက်ထုတ် ခံနေရလို့ ဆုတ်ခွာနေရတဲ့ စစ်ပွဲနောက်ဆုံးဖြစ်ပေါ်မှုတွေနဲ့လည်း တိုက်ဆိုင်နေတာမို့ "မျက်နှာပူ အရှက်ရစရာ" ကောင်းဖို့လည်း ဖြစ်လာနိုင်တယ်လို့ ရေးပါတယ်။

သိပ်မကြာသေးတဲ့ ကာလအတွင်း တရုတ်ထိပ်တန်း သံတမန် ယန် ဂျီချီက ရာထူးကနေ ပြောင်းရွှေ့တော့မယ့် ရုရှား သံအမတ် အင်ဒရေ ဒန်နီဆော့ဗ်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံကြား သွေးစည်းညီညွတ်တယ်လို့ ထပ်ပြီး အတည်ပြုပြောခဲ့သလို၊ တရုတ် ကွန်မြူနစ် ပါတီ တတိယ ခေါင်းဆောင် လီ ဇန်ရှူးက စက်တင်ဘာလ အစောပိုင်းမှာ ရုရှားကို "ချစ်ကြည်‌ရေး ခရီး" သွားရောက်ခဲ့ပါတယ်။ ဘေဂျင်းဟာ မော်စကိုနဲ့ ဆက်ဆံရေး နောက်ထပ်တိုးမြှင့်လိမ့်မယ်လို့ ယန်နဲ့ လီတို့က မျှော်လင့်နေ ပါတယ်၊ လီက နှစ်နိုင်ငံဟာ "အဆင့်သစ် တခုကို မြှင့်ကြပါလိမ့်မယ်" လို့ ဆိုပါတယ်။

ဒါပေမယ့် ဘေဂျင်းဟာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ "ကြားနေတယ်" ဆိုတဲ့ သူတို့ ရပ်တည်မှုကို ထိန်းသိမ်းဖို့ ဂရုထားပါလိမ့်မယ်။ အနောက်က ဝိုင်းပတ်ထိန်းချုပ်မှု တိုးလာတဲ့အပေါ် စိုးရိမ်နေတာနဲ့အတူ ရုရှားရဲ့ ထောက်ခံမှုကို ဘေဂျင်းက လိုချင် ပေမယ့် ပူတင်နဲ့ သိပ်နီးသွားမှာကိုတော့ သိပ်မလိုချင်တဲ့ပုံပါ။

ပူတင်ရဲ့ ယူကရိန်းစစ်ပွဲက အဆိုးဘက်ကို အလှည့်အပြောင်း အကြီးအမား ဖြစ်နေတာနဲ့ အတူ ဒါဇင်နဲ့ချီတဲ့ ရုရှားမြို့ ကောင်စီလူကြီးတွေက သူ့ကို နုတ်ထွက်ပေး ဖို့ တွစ်တာကနေတဆင့် ပန်ကြားတာတွေလုပ်လာနေချိန်မို့ တချိန်က "သိပ်ကိုရင်းနှီး တဲ့ မိတ်ဆွေ"လို့ တင်စားခေါ်ဝေါ်ခဲ့တဲ့ ပူတင်ကို ရှီတွေ့မယ့် ကိစ္စအပေါ် အများက အနီးကပ်စောင့်ကြည့်နေကြမှာပါ။

ရှီကျင့်ဖျင်အနေနဲ့ ရုရှားခေါင်းဆောင်နဲ့ ခပ်ခွာခွာနေလိုက်မှာလား၊ ဒါမှမဟုတ် ပူတင် ကျရှုံးသွားရင် သူပိုပြီး အထီးကျန်သွားမယ့်အရေး ကြုံရနိုင်တာမို့ အဲဒါကို ရှောင်ရှားဖို့ ပူတင့်ကို ထောက်ခံလိုက်မှာလား။