ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဗြိတိန်တော်ဝင်မိသားစုဝင်တွေက ဘယ်သူလဲ၊ ဘုရင်ရဲ့ တာဝန်တွေက ဘာလဲ
သက်တော် ၉၆ နှစ်အရွယ် မယ်တော် ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး ဘယ်လ်မော်ရယ်လ် ရဲတိုက်မှာ နတ်ရွာစံခဲ့အပြီး တတိယမြောက် ချားလ်စ်ဘုရင်ဟာ ထီးနန်းအရိုက်အရာ ဆက်ခံခဲ့ပါတယ်။
အခုနှစ်အစောပိုင်းတုန်းက ဘုရင်မကြီးဟာ သူ့ရဲ့ နန်းသက် နှစ် ၇၀ ပြည့် ပလက်တီနမ်အထိမ်းအမှတ် အခမ်းအနား ကျင်းပ ဆင်နွှဲခဲ့ပါတယ်။ ဘုရင်မကြီးဟာ နန်းသက်အကြာဆုံး ဗြိတိသျှ တော်ဝင်ဧကရာဇ် ဖြစ်လာခဲ့ပါတယ်။
ဘာပြောင်းလဲသွားမလဲ
ဘုရင်မကြီး နတ်ရွာစံပြီးပြီးချင်းမှာ ဘုရင်မကြီးရဲ့ အရိုက်အရာက ဝေလမင်းသား ချားလ်စ်ထံ ချက်ချင်း လွှဲပြောင်း ရောက်လာခဲ့ပါတယ်။
စက်တင်ဘာလ ၁၀ ရက်နေ့မှာတော့ လန်ဒန်မြို့ စိန့်ဂျိမ်းစ် နန်းတော်မှာ ချားလ်စ်ကို နန်းအရိုက်အရာ ဆက်ခံခွင့် ကောင်စီရှေ့မှာ ဘုရင်မင်းမြတ် အရိုက်အရာ တရားဝင် လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။
ဘုရင်မင်းမြတ်ရဲ့ တာဝန်က ဘာတွေလဲ
ဘုရင်မင်းမြတ်ဟာ ယူကေနိုင်ငံရဲ့ အကြီးအကဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ သြဇာအရှိန်အဝါက ပြယုဂ် သင်္ကေတ သဘောမျှသာ ဖြစ်ပြီး နိုင်ငံရေးအရ ကြားနေရမှာပါ။
အစိုးရထံက အရေးပါတဲ့ အစည်းအဝေးမတိုင်ခင် တင်ကြိုရှင်းပြချက်တွေ ဒါမှမဟုတ် ဘုရင်လက်မှတ်ထိုးဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အနီရောင် သားရေသေတ္တာတစ်လုံးနဲ့ ဘုရင်မင်းမြတ်က နေ့စဉ် လက်ခံရပါလိမ့်မယ်။
ဝန်ကြီးချုပ်က အစိုးရကိစ္စရပ်တွေနဲ့ ပတ်သက်လို့ စဉ်ဆက်မပြတ် အသိပေး အကြောင်းကြားဖို့ ဗုဒ္ဓဟူးနေ့တိုင်း ဘာကင်ဟမ်နန်းတော်မှာ ဘုရင်မင်းမြတ်နဲ့ ပုံမှန် တွေ့ပါလိမ့်မယ်။
သူတို့နှစ်ဦး တွေ့ဆုံမှုက ပုဂ္ဂိုလ်ချင်း သီးသန့်တွေ့ဆုံမှု ဖြစ်ပြီး ဘာတွေပြောကြသလဲ ဆိုတာကို တရားဝင် မှတ်တမ်းယူထားတာမျိုး မလုပ်ပါဘူး။
ဒါ့အပြင် ဘုရင်မင်းမြတ်အနေနဲ့ ပါလီမန်ဆိုင်ရာ လုပ်ငန်းအတော်များများကိုလည်း ဆောင်ရွက်ဖို့ ရှိပါတယ်။
- အစိုးရတစ်ရပ် ခန့်အပ်မှု-အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီရဲ့ ခေါင်းဆောင်ကို ဘာကင်ဟမ် နန်းတော်ဆီ ဆင့်ခေါ်လေ့ရှိပြီး အစိုးရတစ်ရပ် ဖွဲ့ဖို့ တရားဝင် ကမ်းလှမ်းမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် ဘုရင်မင်းမြတ်က လွှတ်တော်ကို တရားဝင် ဖျက်သိမ်းပေးရမှာပါ။
- နိုင်ငံတော်အဖွင့် အခမ်းအနားနဲ့ ဘုရင်မင်းမြတ်ရဲ့ မိန့်ခွန်း- ဘုရင်မင်းမြတ်က ပါလီမန်နှစ်အစကို နိုင်ငံတော် အဖွင့်အခမ်းအနားနဲ့ ဖွင့်လှစ်ပေးရမှာပါ။ အစိုးရ ချမှတ်တဲ့ စီမံကိန်းတွေကို ဘုရင်မင်းမြတ်က အထက်လွှတ်တော်မှာရှိတဲ့ ပလ္လင်တော်ထက်ကနေ ပြောကြားတဲ့မိန့်ခွန်းထဲမှာ ချပြရဖို့ ရှိပါတယ်။
- တော်ဝင်ဘုရင်မင်းမြတ်ရဲ့သဘောတူ ခွင့််ပြုချက်-အဆိုပြု ပြဋ္ဌာန်းချက်တစ်ခုကို ပါလီမန်လွှတ်တော်က အတည်ပြုလိုက်ပြီဆိုရင် ဥပဒေအဖြစ် အတည်ဖြစ်လာဖို့ ဘုရင်မင်းမြတ်ရဲ့ တရားဝင် သဘောတူချက် ရယူဖို့ လိုအပ်ပါတယ်။ ဘုရင်ရဲ့ သဘောတူခွင့်ပြုချက် ငြင်းပယ်ခံရတာက ၁၇၀၈ ခုနှစ်တုန်းက ဖြစ်ပါတယ်။
ဒါ့အပြင် ဘုရင်မင်းမြတ်ဟာ ဗြိတိန်နိုင်ငံကို လာရောက်တဲ့ ကမ္ဘာ့နိုင်ငံ အကြီးအကဲတွေကို တည်ခင်းဧည့်ခံရမှာ ဖြစ်သလို ယူကေအခြေစိုက် ပြည်ပနိုင်ငံသံအမတ်တွေ၊ ကော်မရှင်နာမင်းကြီးတွေကို လက်ခံတွေ့ဆုံရမှာ ဖြစ်ပါတယ်။ ဘုရင်မင်းမြတ်ဟာ လန်ဒန်မြို့မှာ ပထမ ကမ္ဘာစစ်အတွင်းသေဆုံးခဲ့သူများအတွက် အောက်မေ့ဖွယ်အခမ်းအနားကို နိုဝင်ဘာလတိုင်း ဦးဆောင်ကျင်းပရလေ့ ရှိပါတယ်။ ဘုရင်မင်းမြတ်သစ်ဟာ လွတ်လပ်တဲ့ နိုင်ငံ ၅၆ နိုင်ငံ၊ လူပေါင်း ၂ ဒဿမ ၄ ဘီလျံနဲ့ ဖွဲ့စည်းထားတဲ့ ဓနသဟာယအဖွဲ့ကြီးရဲ့ အကြီးအကဲ ဖြစ်ပါတယ်။ အဲဒီထဲက ၁၄ နိုင်ငံဟာ ဓနသဟာယဘုံအဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ပြီး ဗြိတိသျှ ဘုရင်မင်းမြတ်ဟာ အဲဒီအဖွဲ့ရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ၂၀၂၁ ခုနှစ်မှာ ဘာဘေးဒေါ့စ်နိုင်ငံက သမ္မတနိုင်ငံတစ်ခု ဖြစ်လာခဲ့အပြီးမှာ တခြား ကရေဘီယံသ ဓနသဟာယဘုံ နိုင်ငံအတော်များများကလည်း အလားတူ လုပ်ဖို့ အဆိုပြုလာခဲ့ကြပါတယ်။
ဗြိတိသျှ တော်ဝင် စာတိုက်လုပ်ငန်းရဲ့ တံဆိပ်ခေါင်းတွေနဲ့ အင်္ဂလန်ဘဏ်က ထုတ်တဲ့ ငွေစက္ကူတွေမှာ မယ်တော် အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ ပုံတွေအစား တတိယမြောက် ချားလ်စ်ဘုရင်ရဲ့ ပုံတွေကို အစားထိုး ထည့်သွင်းရဖို့ ရှိပါတယ်။ ဗြိတိသျှနိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ် အသစ်တွေအထဲမှာလည်း Her Majesty အစား His Majesty လို့ စာသား ပြင်ဆင်ရဖို့ ရှိပါတယ်။
နိုင်ငံတော်သီချင်းမှာလည်း "ဘုရင်မကြီးကို ဘုရားသခင် စောင့်ရှောက်ပါစေ" ဆိုတဲ့အစား "ဘုရင်ကြီးကို ဘုရားသခင် စောင့်ရှောက်ပါစေ" ဆိုပြီး ပြောင်းလဲ သီဆိုကြရမှာ ဖြစ်ပါတယ်။
ထီးနန်းအရိုက်အရာ ဆက်ခံမှုက ဘယ်လိုဖြစ်လာမလဲ
လက်ရှိ ဧကရာဇ် နတ်ရွာစံသွားရင်ဖြစ်ဖြစ် ဒါမှမဟုတ် ထီးနန်းစွန့်လိုက်ရင်ဖြစ်ဖြစ် ဘယ်တော်ဝင်မိသားစုဝင်က ထီးနန်းအရိုက်အရာ ဆက်ခံရမလဲ ဆိုတာကို အစီအစဉ်လိုက် ရေးဆွဲချမှတ်ထားပါတယ်။ ပထမဆုံး ထီးနန်းဆက်ခံမယ့်သူက ဧကရာဇ်ရဲ့ အကြီးဆုံးသားသမီး ဖြစ်ပါတယ်။
အဲလစ်ဇဘက်ဘုရင်မကြီးရဲ့ သားဦး ဖြစ်တဲ့ ချားလ်စ်ဟာ မယ်တော် ဘုရင်မကြီး နတ်ရွာစံချိန်မှာ ဘုရင်ဖြစ်လာပြီး ကြင်ရာတော် ကာမီလာက ကြင်ရာတော် မိဖုရား ဖြစ်လာခဲ့ပါတယ်။
တော်ဝင်မိသားစုမှာ အစ်မတော်ကို ကျော်ပြီး မောင်ဖြစ်သူက ထီးနန်းဆက်ခံခွင့် မရနိုင်စေဖို့အတွက် တော်ဝင် ထီးနန်းအရိုက်အရာ ဆက်ဆံမှု စည်းမျဉ်းတွေကို ၂၀၁၃ ခုနှစ်မှာ ပြင်ဆင်ရေးဆွဲခဲ့ပါတယ်။
ချားလ်စ်ဘုရင်ရဲ့ နန်းမွေကို ဆက်ခံမယ့်သူက သူ့ရဲ့ သားကြီး မင်းသား ဝီလျံ ဖြစ်ပါတယ်။ မင်းသား ဝီလျံဟာ ခမည်းတော်ရဲ့ ကောန်ဝေါလ် မြို့စားဘွဲ့ကို လွှဲပြောင်း ဆက်ခံ ယူခဲ့ပါတယ်။ ဒါပေမဲ့ ဝေလမင်းသား အလိုအလျောက် ဖြစ်လာတာ မဟုတ်ဘဲ ဘုရင်မင်းမြတ်က လွှဲပြောင်းပေးမှသာ ဝေလမင်းသားဘွဲ့ကို ရတာ ဖြစ်ပါတယ်။
မင်းသား ဝီလျံရဲ့ အကြီးဆုံး သားတော် မင်းသား ဂျော့ချ်ဟာ နန်းမွေ ဆက်ခံမယ့်သူတွေထဲမှာ ဒုတိယမြောက် နေရာမှာ ရှိနေပြီး သမီးတော် မင်းသမီး ရှားလော့တ်က တတိယမြောက် နေရာမှာ ရှိပါတယ်။
နန်းတက်ပွဲကို ဘယ်လိုကျင်းပသလဲ
နန်းတက်ပွဲ ဆိုတာက နောက်တက်လာတဲ့ ဘုရင်သစ်ကို တရားဝင် ဘိသိက်သွန်းပြီး နန်းတင်ပေးတဲ့ အခမ်းအနား ဖြစ်ပါတယ်။ ဘုရင်သစ်အတွက် နန်းတက်ပွဲကို နတ်ရွာစံ ဘုရင်အတွက် ဝမ်းနည်းကြေကွဲခြင်း ကြေညာထားတဲ့ ကာလအလွန်မှာ ကျင်းပလေ့ရှိပါတယ်။
ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးဟာ နတ်ရွာစံသွားတဲ့ ဖခမည်းတော် ဆဋ္ဌမမြောက် ဂျော့ချ် ဘုရင်ရဲ့ အရိုက်အရာကို ၁၉၅၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ဆက်ခံ ခဲ့ပါတယ်။ ဒါပေမယ့် တရားဝင် ဘိသိက်ခံပြီး နန်းတက်ခဲ့တာက ၁၉၅၃ ခုနှစ် ဇွန်လ ၂ ရက်နေ့မှ ဖြစ်ပါတယ်။
ဘုရင်မကြီးရဲ့ နန်းတက်ပွဲကို ရုပ်မြင်သံကြားကနေ ပထမဆုံးအကြိမ်အဖြစ် တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့ပြီး လူပေါင်း သန်း ၂၀ ကျော် ကြည့်ရှုခဲ့ကြပါတယ်။
နန်းတက်ပွဲတွေကို ဝက်စ်မင်စတာ ဘုရားရှိခိုးကျောင်းကြီးမှာ ကျင်းပလာတာဟာ နှစ်ပေါင်း ၉၀၀ ရှိခဲ့ပြီ ဖြစ်ပြီး ပထမဆုံး ဘိသိက်ခံ ခဲ့တဲ့ ဘုရင်က William the Conqueror အောင်နိုင်သူ ဝီလျံ ဘုရင်ဖြစ်ပြီး ချားလ်စ် ကတော့ ၄၀ မြောက် နန်းတက်မယ့် ဘုရင် ဖြစ်ပါတယ်။
အဲန်ဂလီကန် အသင်းတော်က ဘာသာရေး ထုံးတမ်းတွေအတိုင်း စီစဉ် ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ကန်တာဘာရီ ဂိုဏ်းချုပ် ဘုန်းတော်ကြီးက ဦးဆောင် ကျင်းပမှာ ဖြစ်ပါတယ်။
ဘုရင်သစ်ကို သန့်စင်မွန်မြတ်သော ဆီနဲ့ လိမ်းသပ် ဘိသိက်မြောက်ပေးပါတယ်။ အဲဒီနောက် ရတနာ ကျောက်မျက် စီခြယ်သတဲ့ အဆောင်အယောင် ရတနာလုံးနဲ့ ရာဇယဋ္ဌိ နှင်တံနဲ့ တော်ဝင် အမှတ်သညာ တွေကို ပေးအပ်မှာ ဖြစ်ပါတယ်။ အဲဒီ အခမ်းအနားရဲ့ အထွတ်အထိပ် အချိန်ကတော့ သရဖူဆောင်းပေးတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ ၁၆၆၁ ခုနှစ် ကတည်းက သုံးလာတဲ့ ရွှေသားအတိနဲ့ ပြုလုပ်ထားတဲ့ စိန့် အက်ဒွပ် သရဖူကို ဂိုဏ်းချုပ်ဘုန်းတော်ကြီးက ဘုရင်သစ် ချားလ်စ်ကို ဆောင်းပေးသွား မှာဖြစ်ပါတယ်။
အဲဒီသရဖူဟာ လန်ဒန်မျှော်စင်မှာ ထားရှိတဲ့ တော်ဝင်နန်းစဉ် ရတနာ တွေထဲက အထင်ကရ အဖြစ်ဆုံး ရတနာတပါးဖြစ်ပြီး ဘုရင်တွေပဲ နန်းတက်ချိန်မှာ ဆင်မြန်းရတာဖြစ်ပါတယ်။
တော်ဝင် မိသားစုဝင်တွေရဲ့ မင်္ဂလာအခမ်းအနားတွေနဲ့ မတူတာက နန်းတက်ပွဲဟာ နိုင်ငံတော် အခမ်းအနား ဖြစ်တာနဲ့ အညီ အကုန်အကျကို အစိုးရက ကျခံသွား မှာဖြစ်ပါတယ်။ နောက်ပြီး ဘယ်သူတွေကို ဖိတ်ကြားမလဲ ဆိုတာကိုလည်း အစိုးရပဲ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
တော်ဝင်မိသားစု၀င်များ
ကိန်းဘရစ်ချ် နယ်စားနဲ့ နယ်စားကတော်
မင်းသား ဝီလျံဟာ ချားလ်စ် ဘုရင်နဲ့ ပထမ ကြင်ရာတော် ဝေလမင်းသမီး ဒိုင်ယာနာတို့က ဖွားမြင်တဲ့ ပထမ သားတော် ဖြစ်ပါတယ်။ လက်ထပ်ပြီး ကိန်းဘရစ်ချ် နယ်စားကတော် ဖြစ်လာသူ ကက်သရင်းနဲ့ လက်ထပ်ခဲ့ပြီး မင်းသား ဂျော့ချ်၊ မင်းသမီး ရှားလော့တ်နဲ့ မင်းသား လူဝီ လို့ခေါ်ကြတဲ့ သားတော် သမီးတော် ၃ ပါး ထွန်းကားပါတယ်။
တော်ဝင်မင်းသမီး ဘွဲ့မည်ရ အဲန်မင်းသမီးကတော့ ဘုရင်မကြီးရဲ့ ဒုတိယ နဲ့ တဦးတည်းသော သမီးတော် ဖြစ်ပါတယ်။ ရေတပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆာ တင်မိုသီ လော့ရန့်စ်နဲ့ ဒုတိယ အိမ်ထောင်ပြုခဲ့ပါတယ်။ ပထမ ခင်ပွန်းသည် ဗိုလ်ကြီး မာ့ခ် ဖိလစ်နဲ့ သားတော် ပီတာ ဖိလစ်နဲ့ သမီးတော် ဇာရာ တင်ဒေါလ်တို့ ထွန်းကားခဲ့ပါတယ်။
ဝက်စ်ဆက်စ် မြို့စား အက်ဒွပ် မင်းသား ကတော့ ဘုရင်မကြီးရဲ့ အငယ်ဆုံး သားတော် ဖြစ်ပါတယ်။ ဝက်စ်ဆက်စ် မြို့စားကတော် ဆိုဖီ ရိစ္စ ဂျုံးစ်နဲ့ ထိမ်းမြားခဲ့ပြီး သမီးတော် လူဝိစ္စနဲ့ ဂျိမ်းစ် မောင့်ဘက်တန် ဝင်ဆာ ဆိုတဲ့ သားတော်တို့ ထွန်းကားပါတယ်။
ယော့ခ် နယ်စား အင်ဒရူးမင်းသား ကတော့ ဘုရင်မကြီးရဲ့ တတိယမြောက် ရင်သွေး ဒုတိယ သားတော် ဖြစ်ပါတယ်။ နယ်စားကတော်ဟောင်း ဆာရာ ဖာဂတ်ဆင်နဲ့ လက်ဆက်ခဲ့ပြီး ဘီယက်ထရစ္စ မင်းသမီးနဲ့ ယူဂျီန်းနီ မင်းသမီး ဆိုတဲ့ သမီးတော် ၂ ပါး ထွန်းကားပါတယ်။ အင်ဒရူးမင်းသားဟာ ပြီးခဲ့တဲ့ ၂၀၁၉ အတွင်းက Newsnight ရဲ့ အငြင်းပွားဖွယ် တွေ့ဆုံမေးမြန်းခန်း တခုမှာ ဗာဂျင်နီးယား ဂျူဖရေ ဆိုတဲ့ အမျိုးသမီး တယောက်ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်လာခဲ့ပြီးနောက်ပိုင်း တော်ဝင်မိသားစုတွေ ထမ်းဆောင်ရတဲ့ တာဝန်တွေကနေ အနားယူခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ဖေဖော်ဝါရီလအတွင်းမှာ မစ္စ ဂျူဖရေ ကို ပမာဏ မသိရတဲ့ ငွေသားပေးပြီး အဲဒီ လိင်စော်ကားမှု နဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုမှာ သူ့ကို စွဲဆိုထားတဲ့ အမှုကို ပိတ်စေခဲ့ပါတယ်။
ဆပ်ဆက်စ်နယ်စား ဟယ်ရီမင်းသား ကတော့ ဝီလျံရဲ့ ညီတော် ဖြစ်ပါတယ်။ သူက နယ်စားကတော် မေဂန် မာခဲလ်နဲ့ လက်ဆက်ခဲ့ပြီး အာချီနဲ့ လီလီဘက် ရင်သွေး ၂ ပါး ထွန်းကားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ အတွင်းမှာ သူတို့ မိသားစုဟာ သြဇာကြီးတဲ့ တော်ဝင်မိသားစုတွေ အဖြစ်က နုတ်ထွက်ခဲ့ပြီး အမေရိကန် ပြည်ထောင်စုမှာ ပြောင်းရွှေ့နေထိုင် ခဲ့ကြပါတယ်။
တော်ဝင်မိသားစုတွေ ဘယ်မှာ စံမြန်းနေထိုင် ကြသလဲ
ချားလ်စ် ဘုရင်နဲ့ ကြင်ရာတော် မိဖုရားတို့ကတော့ မကြာခင်မှာ ဘာကင်ဟမ် နန်းတော်ကို ပြောင်းရွှေ့နေထိုင်ကြမှာ ဖြစ်ပါတယ်။ အရင်ကတော့ လန်ဒန်မြို့က ကလဲရန့်စ် ဟော့စ် အိမ်တော်နဲ့ ဂလော့စတာ ရှိုင်းယားမှာ ရှိတဲ့ ဟိုင်းဂရို့ဗ်တို့မှာ နေထိုင်ခဲ့ကြပါတယ်။
မင်းသား ဝီလျံနဲ့ ကောန်းဝေါလ်နဲ့ ကိန်းဘရစ်ချ် နယ်စားကတော် ကက်သရင်းတို့ကတော့ အရင်က လန်ဒန်မြို့ အနောက်ပိုင်းက ကင်ဆင်တန် နန်းတော်မှာ နေထိုင်ခဲ့ကြပြီး မကြာသေးခင်ကမှ ဘုရင်မကြီးရဲ့ ဝင်ဆာ ပရဝုဏ် အတွင်းမှာရှိတဲ့ အဒဲလ်လိတ် စံအိမ် ကို ပြောင်းရွှေ့ နေထိုင်ခဲ့ကြပါတယ်။
ရင်သွေးတော်တွေ ဖြစ်ကြတဲ့ မင်းသား ဂျော့ချ်၊ မင်းသမီး ရှားလော့တ်နဲ့ မင်းသား လူဝီတို့ကတော့ ဘာ့ခ် ရှိုင်းယားအနီးက အာ့စ်ကော့တ်မှာရှိတဲ့ လမ်းဘရုခ် ကျောင်းမှာ ပညာသင်ကြားနေကြပါတယ်။
မင်းသား ဟယ်ရီနဲ့ မေဂဲန် မာခဲလ်တို့ကတော့ အမေရိကန် ပြည်ထောင်စုက ကယ်လီဖိုးနီးယား ပြည်နယ် မှာ နေထိုင်ကြပါတယ်။
ဘုရင်စနစ်နဲ့ လူထုထောက်ခံမှု
ဘုရင်မကြီးရဲ့ နန်းစံသက် နှစ် ၇၀ ပြည့်တဲ့ ပလက်တီနမ် ရတု ကာလအတွင်း YouGov က ကောက်ယူခဲ့တဲ့ စစ်တမ်းအရတော့ ဘုရင်စနစ်ကို ဆက်လက် ထားရှိလိုသူ ၆၂ ရာခိုင်နှုန်း ရှိတာ တွေ့ရပါတယ်။ ၂၂ ရာခိုင်နှုန်းကတော့ တိုင်းပြည်ရဲ့ ဦးသျှောင်နေရာမှာ ရွေးကောက်ခံရသူကိုသာ ထားချင်ကြပါတယ်။
Ipsos Mori က ၂၀၂၁ အတွင်း ကောက်ခံခဲ့တဲ့ စစ်တမ်း ၂ ခုမှာတော့ ရလဒ်တွေက တော်တော် ဆင်တူကြတာ တွေ့ရပါတယ်။ လူ ၅ ယောက်မှာ ၁ ယောက်ကသာလျှင် ဘုရင်စနစ် ဖျက်သိမ်းရင် ယူကေအတွက် ကောင်းကျိုးဖြစ်စေမယ်လို့ ယူဆတာကို တွေ့ရပါတယ်။ ဒါပေမယ့် YouGov ရဲ့ တွေ့ရှိချက်တွေအရ ပြီးခဲ့တဲ့ ၂၀၁၂ မှာ ဘုရင်စနစ်ကို ထောက်ခံသူ ၇၅ ရာခိုင်နှုန်း ရှိခဲ့ရာက ဆယ်စုနှစ် တခုအကြာ ၂၀၂၂ မှာ ထောက်ခံသူ ၆၂ ရာခိုင်နှုန်း အထိ ကျလာတာကို တွေ့ရပါတယ်။
ဘုရင်စနစ်ကို ထောက်ခံသူတွေထဲမှာ သက်ကြီးပိုင်း ပြည်သူတွေက အများစု ဖြစ်ပါတယ်။ သက်ငယ်ပိုင်းတွေမှာတော့ ဒီလိုမဟုတ်တာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ အတွင်း YouGov က လုပ်ခဲ့တဲ့ လေ့လာမှုတွေအရ အသက် ၁၈ နှစ်ကနေ ၂၄ နှစ်အတွင်း လူငယ်ပိုင်းမှာ ဘုရင်စနစ်ကို ဆက်လက် ထားရှိချင်သူ ၉၅ ရာခိုင်နှုန်း အထိရှိတာကို တွေ့ရပေမယ့် ၂၀၂၂ ရောက်တဲ့ အခါမှာတော့ ၃၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တာကို တွေ့ရပါတယ်။