ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းစစ်ပွဲမှာ ဟိုင်းမားစ် ဒုံးကျည်စနစ်တွေက ဘယ်လောက်အထိ သက်ရောက်မှု ရှိသလဲ
ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇလန်းစကီးက ဟိုင်းမားစ် (HIMARS) ဒုံးကျည်တွေဟာ ရုရှားနဲ့ စစ်ပွဲ အနေအထားကို ပြောင်းလဲနိုင်တဲ့အထိ အကျိုးသက်ရောက်မှုရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံလုပ် ဒီဒုံးကျည်စနစ်ကို ရုရှားစစ်ကွပ်ကဲရေး စခန်းတွေနဲ့ လက်နက်ရုံတွေကို ယူကရိန်းက ပစ်ခတ်ရာမှာ အသုံးပြုနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီဒုံးကျည်တွေကို တံတားတွေကို ဖျက်ဆီးရာမှာလည်း အသုံးပြုနေရာမှာ ယူကရိန်းက ပြန်သိမ်းဖို့ ကြိုးစားနေတဲ့ ခါဆန်မြို့ အဝင် တံတားလည်း အပါအဝင် ဖြစ်ပါတယ်။
ဟိုင်းမားစ် (HIMARS) ဒုံးကျည်ဆိုတာ ဘာလဲ
HIMARS ဆိုတဲ့ M142 High Mobility Artillery Rocket System ဟာ ငါးတန်လေးတဲ့ ကားပေါ်တင်ပြီး ပဲ့ထိန်း ဒုံးကျည် ၆ လုံးကို လျင်လျင်မြန်မြန် ပစ်ခတ်နိုင်တဲ့ ဒုံးကျည်စနစ်တခု ဖြစ်ပါတယ်။
ယူကရိန်းကို ထောက်ပံ့ထားတဲ့ HIMARS အမျိုးအစားဆိုရင် မိုင် ၅၀ အကွာအဝေးအထိ ပစ်ခတ်နိုင်ပြီး ယခင် အမေရိကန်က ယူကရိန်းကို ပေးထားတဲ့ ဟောင်ဝစ်ဇာ အမြောက်တွေ ပစ်ခတ်နိုင်တဲ့ အကွာအဝေးထက် နှစ်ဆပိုပါတယ်။
HIMARS ဒုံးကျည်စနစ်ဟာ ၁၈၆ မိုင်အထိ ရောက်နိုင်တဲ့ Single Tactical Missile System ဒုံးကျည်တွေကိုလည်း အသုံးပြု ပစ်ခတ်နိုင်စွမ်းရှိပေမယ့် အဲဒီ ဒုံးကျည်တွေကိုတော့ အမေရိကန်က ယူကရိန်းကို ထောက်ပံ့ထားတာ မရှိပါဘူး။
HIMARS ဒုံးကျည်စနစ်က ပစ်ခတ်နိုင်တဲ့ အကွာအဝေးဟာ ရုရှားရဲ့ Smerch ဒုံးကျည်စနစ် ပစ်ခတ်နိုင်တဲ့ အကွာအဝေးနဲ့ တူညီပေမယ့် HIMARS မှာ GPS ထိန်းချုပ်တဲ့ ဒုံးကျည်ဖြစ်တဲ့အတွက် ပိုပြီး တိတိကျကျ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ယူကရိန်းက HIMARS ဒုံးကျည်တွေကို ဘယ်လို အသုံးပြုနေသလဲ
ယူကရိန်းဟာ HIMARS ဒုံးကျည်တွေကို ပြီးခဲ့တဲ့ ဇွန်လကုန် ဒါမှမဟုတ် ဇူလိုင်လ အစောပိုင်းလောက်ကနေ စတင်အသုံးပြုနေတာဖြစ်တယ်လို့ ယူကေနိုင်ငံ စိန့်အန်ဒရူး တက္ကသိုလ်က နည်းဗျူဟာလေ့လာမှု ပါမောက္ခ ဖလစ် အိုဘရိုင်ယန်က ပြောပါတယ်။
ပါမောက္ခ အိုဘရိုင်ယန်ရဲ့ အဆိုအရ ယူကရိန်းဟာ ဒီဒုံးကျည်ကို ရွေ့လျားနေတဲ့ တပ်တွေကို ပစ်ခတ်တာထက် ပစ်မှတ်အသေတွေနဲ့ စစ်စခန်းတွေကိုသာ ပစ်ခတ်နေပါတယ်။
ယူကရိန်းဘက်က ထုတ်ပြန်ချက်အရဆိုရင် လူဟန့်စ်ဒေသကို ဒီဒုံးကျည်နဲ့ ပစ်ခတ်မှုမှာ တဖက်က တပ်သား တရာလောက်အထိ သေဆုံးခဲ့ပြီး ပေါ့ပ်စာနာမြို့ မှာရှိတဲ့ ကြေးစားစစ်သားအဖွဲ့ ဗာဂနာရဲ့ ဌာနချုပ်စခန်းတခုကို ပစ်ခတ်မှုမှာလည်း ကြေးစားစစ်သား တရာလောက် သေဆုံးခဲ့နိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ယူကရိန်းက အခုလို တိုက်ခိုက်မှုကို ထုတ်ပြန်ရာမှာ ဘယ်ဒုံးကျည်စနစ်တွေ သုံးခဲ့တယ်ဆိုတာ အတိအကျ မပြောခဲ့ပေမယ့် ပါမောက္ခ အိုဘရိုင်ယန်ကတော့ ဒီလို ပစ်ခတ်မှုတွေထဲမှာ HIMARS ဒုံးကျည်တွေလည်း ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံဟာ ယူကရိန်းကို HIMARS ဒုံးကျည်စနစ် ၁၆ ခု ပေးထားပြီး ယူကေနိုင်ငံကလည်း HIMARS စနစ်မှာ အသုံးပြုတဲ့ ဒုံးကျည်ကိုပဲ ထည့်သွင်း ပစ်ခတ်နိုင်တဲ့ M270 ဒုံးကျည်စနစ် ၆ ခု ပေးမှာ ဖြစ်ပြီး ၃ ခုက ယူကရိန်းကို ရောက်ရှိပြီး ဖြစ်ပါတယ်။
ယူကရိန်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လလယ်က စပြီး ရုရှားသိမ်းပိုက်ထားတဲ့ ခါဆန်မြို့နဲ့ စစ်ရေးချိတ်ဆက်မှု လမ်းကြောင်းတွေကို ဖြတ်တောက်ရာမှာ HIMARS ဒုံးကျည်စနစ်ကို စတင် အသုံးပြုခဲ့ပါတယ်။
အခုလို တိုက်ခိုက်မှုမှာ ရုရှားက ယူကရိန်းဆီက ခွဲထုတ်ယူထားတဲ့ ခရိုင်းမီးယားနယ်နဲ့ ခါဆန်မြို့ ချိတ်ဆက်တဲ့ တံတားတွေဟာ HIMARS ဒုံးကျည်စနစ်ကြောင့် ပျက်စီးခဲ့ပါတယ်။
ရုရှားဟာ ခါဆန်မြို့ကို ကာကွယ်ဖို့အတွက် မြို့တွင်းကို တပ်တွေ စေလွှတ်နေရာမှာ အခုလို HIMARS ဒုံးကျည်တွေ တိုက်ခိုက်မှုကြောင့် တပ်အကူတွေ စေလွှတ်ဖို့ အခက်အခဲ ဖြစ်နေတယ်လို့ ပါမောက္ခ အိုဘရိုင်ယန်က ပြောပါတယ်။
HIMARS စနစ်က ယူကရိန်း စစ်ပွဲနိုင်ဖို့ ဘယ်လောက်အရေးပါသလဲ
ယူကရိန်းသမ္မတ ဇယ်လန်းစကီးကတော့ HIMARS နဲ့တကွ တခြားပစ်မှတ်တိကျတဲ့ လက်နက်တွေကြောင့် ယူကရိန်းက စစ်ရေးဘက်မှာ အသာရလာနေတယ်လို့ ပြောဆိုခဲ့ပြီး အမေရိကန်စစ်တပ်ရဲ့ ထုတ်ပြန်ချက်အရဆိုရင်လည်း ဒီဒုံးကျည်စနစ်နဲ့ ရုရှားရဲ့ တန်ဖိုးကြီး ပစ်မှတ် ၁၀ဝ ကျော်ကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။
ပါမောက္ခ အိုဘရိုင်ယန်ရဲ့ အဆိုအရ ယူကရိန်းဟာ ဒီလက်နက်ကို အသုံးပြုပြီး ရုရှားတပ်တွေ ရိက္ခာမရလို့ စခန်းချ တပ်မစွဲနိုင်အောင်နဲ့ ပစ်အားလျော့သွားအောင် ဗျူဟာကျကျ သုံးနိုင်နေတယ်လို့ ပြောပါတယ်။
ဒါပေမယ့် ယူကေနိုင်ငံ ကင်းကောလိပ်က စစ်ရေးကျွမ်းကျင်သူ ဒေါက်တာ မရီနာ မီရွန်ကတော့ ဒီ HIMARS ဒုံးကျည်စနစ်ရဲ့ ထိရောက်မှုကို ပိုတွက်မိတာလည်း ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
HIMARS စနစ်ဟာ ရန်သူ့ ပစ်မှတ်နေရာကို သိရပြီဆိုရင် အတိအကျ ပစ်ခတ်နိုင်တယ် ဆိုပေမယ့် ရွေ့လျားလာတဲ့ စစ်ကြောင်းကို ပစ်ခတ်ရာမှာတော့ တပ်တွေ ပြန်ဆုတ်သွားစေလောက်တဲ့အထိ အသုံးမဝင်ဘူးလို့ ဆိုပါတယ်။
အခုလို ယူကရိန်းဘက်က HIMARS ဒုံးကျည်တွေ အသုံးပြုပြီး ပစ်ခတ်နိုင်လိုက်တာကို ရုရှားတွေဘက် အငိုက်မိသွားတယ် ဆိုပေမယ့် စစ်ရေး အလေးသာမှု အပြောင်းအလဲ ဖြစ်တဲ့ အဆင့်အထိတော့ မရောက်ဘူးလို့လည်း ဒေါက်တာ မီရွန်က ဆိုပါတယ်။
ယူကရိန်း ကာကွယ်ရေးဝန်ကြီး အိုလက်စကီး ရက်ဇ်နီးကော့ဗ်ကတော့ တက်လာတဲ့ ရုရှားတပ်တွေကို ထိန်းထားနိုင်ဖို့အတွက် နောက်ထပ် HIMARS ဒုံးကျည်စနစ် ၅၀ လောက် လိုအပ်ပြီး တန်ပြန်တိုက်စစ်ဆင်နိုင်ဖို့ကတော့ နောက်ထပ် ၁၀ဝ ကျော် လိုဦးမယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် ပါမောက္ခ အိုဘရိုင်ယန်ကတော့ ဒုံးကျည်စနစ် အရေအတွက်ထက် ပစ်ခတ်တဲ့ ဒုံးကျည် အရေအတွက်က အရေးကြီးပြီး ဒုံးကျည်စနစ် ၁၆ ခု ဆိုတဲ့ အရေအတွက်က လုံလောက်နေပြီလို့ သုံးသပ်ထားပါတယ်။
ဒေါက်တာ မီရွန်ရဲ့ အဆိုအရ ရုရှားဟာ အခုအချိန်မှာ အဲဒီ HIMARS ဒုံးကျည်စနစ်တွေနဲ့ ဒုံးကျည်ဆန်တွေကို သယ်ယူပို့ဆောင်နေတဲ့အချိန်မှာ ပျက်စီးဖို့ ဦးစားပေးနေပြီလို့ ဆိုပါတယ်။
ရုရှားတပ်တွေကလည်း သူတို့ဟာ ဒုံးကျည်စနစ် အတော်များများနဲ့ ဒုံးကျည်ဆန် ၁၀၀ လောက်ကို ဖျက်ဆီးခဲ့တယ်လို့ ကြေညာထားပေမယ့် သက်သေအထောက်အထားတော့ မပြသခဲ့ပါဘူး။
ရုရှားတပ်တွေ အနေနဲ့ စစ်မြေပြင်အတွင်း တိုက်လေယာဉ်တွေ စိတ်ချလက်ချ မပျံသန်းနိုင်တာကြောင့် ဝေဟင်ကနေ ဒီHIMARS ဒုံးကျည်စနစ်တွေကို မထောက်လှမ်းနိုင်သေးဘဲ ဖြစ်နေတယ်လို့ ပါမောက္ခ အိုဘရိုင်ယန်က ဆိုပါတယ်။
HIMARS ဒုံးကျည်စနစ်ဟာ ပစ်ခတ်ပြီးသွားရင် ချက်ချင်းဆိုသလို နေရာရွှေ့ နိုင်တာကြောင့် ရုရှားဘက်က တုံ့ ပြန်တိုက်ခိုက်ဖို့လည်း ခက်ခဲနေတယ်လို့ သူက သုံးသပ်ထားပါတယ်။