မစ်ခ်ဟိုင်းဂေါ်ဘာချော့ သို့မဟုတ် စစ်အေးကိုအဆုံးသတ်စေခဲ့သူ

မစ်ခ်ဟိုင်းဂေါ်ဘာချော့ဟာ ၂၀ ရာစုမှာ သြဇာအကြီးဆုံး နိုင်ငံရေးခေါင်းဆောင်တွေထဲက တယောက်ပါ။
နှစ်ပေါင်း ၇၀ နီးပါးသက်တမ်းကြာမြင့်ပြီး အာရှနဲ့ အရှေ့ဥရောပမှာ လွှမ်းမိုးသြဇာကြီးခဲ့တဲ့ ဆိုဗီယက်ယူနီယံကို ပြိုကွဲစေခဲ့တဲ့ဖြစ်စဉ်မှာ ဂေါ်ဘာချော့ဟာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။
ဒါပေမဲ့ ၁၉၈၅ ခုနှစ်မှာ သူ့ရဲ့ပြုပြင်ပြောင်းလဲရေးအစီအစဉ်ဖြစ်တဲ့ ဂလက်စ်နော့ဗ်နဲ့ ပယ်ရီစထရွိုက်ကာကို ချမှတ်ချိန်မှာ သူ့ရည်ရွယ်ချက်ဟာ ဆိုဗီယက်ပြိုကွဲရေး မဟုတ်ပါဘူး။ တန့်နေတဲ့ ဆိုဗီယက်စီးပွားရေးကို ပြန်လည် ထူထောင်ဖို့ နိုင်ငံရေးဖြစ်စဉ်ကို ပြုပြင်ပြောင်းလဲဖို့ ရည်ရွယ်ချက်သာ ဖြစ်ပါတယ်။
ဒါပေမဲ့လက်တွေ့မှာ သူ့ရဲ့ပြုပြင်ပြောင်းလဲရေးအစီအစဉ်ဟာ ဆိုဗီယက်ယူနီယံကို မပြုပြင်နိုင်ရုံသာမက ပြိုကွဲစေဖို့အတွက် ကြီးမားတဲ့ အထောက်အပံ့ ဖြစ်ခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံကိုသာမက ဆိုဗီယက်ရဲ့ မဟာမိတ်ကွန်မြူနစ်နိုင်ငံတွေကိုပါ ပြိုကျစေခဲ့ပါတယ်။
မစ်ခ်ဟိုင်းဂေါ်ဘာချော့ကို ၁၉၃၁ ခုနှစ်မတ်လ ၂ ရက်နေ့မှာ ရုရှားတောင်ပိုင်း စတာ့ဗ်ရိုပိုမြို့မှာမွေးခဲ့ပါတယ်။
မိဘနှစ်ပါးစလုံးဟာ စုပေါင်းလယ်ယာမှာ အလုပ်လုပ်ကြပါတယ်။ လူငယ်ဂေါ်ဘာချော့ဟာလည်း ဆယ်ကျော်သက်အရွယ်မှာ စုပေါင်းလယ်လုပ်ခဲ့ဖူးသူတယောက်ဖြစ်ပါတယ်။
၁၉၅၅ ခုနှစ်မှာ သူဟာ မော်စကိုအစိုးရတက္ကသိုလ်ကနေဘွဲ့ရပြီး ကွန်မြူနစ်ပါတီဝင် ဖြစ်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိမ်ထောင်ကျအပြီး ညားကာစဇနီးနဲ့ စတာ့ဗ်ရိုပိုမြို့ပြန်အလာမှာတော့ သူဟာပါတီထဲမှာ ထိပ်တန်းကို မြန်မြန် ရောက်လာပါတယ်။
ပါတီထဲမှာ အသက်အရွယ်ကြီးရင့်သူ လူဟောင်းတွေ ထိပ်ကပိတ်နေတာကို စိတ်မရှည်နိုင်သူ မျိုးဆက်သစ်တွေထဲမှာ ဂေါ်ဘာချော့လည်း တယောက်အပါအဝင် ဖြစ်ပါတယ်။
၁၉၆၁ ခုနှစ်မှာ သူဟာ စတာ့ဗ်ရိုပို ကွန်မြူနစ်လူငယ်အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး ဖြစ်လာတဲ့အတွက် ပါတီညီလာခံ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့် ရခဲ့ပါတယ်။
သူတာဝန်ယူထားရတဲ့ လယ်ယာစိုက်ပျိုးရေးစီမံအုပ်ချုပ်ရေးမှူးရာထူးဟာ တီထွင်ဖန်တီးမှုအသစ်တွေ တင်ပြဖို့ အခွင့်ကောင်းရစေနိုင်တဲ့နေရာ ဖြစ်ပါတယ်။ ဒေသပါတီထဲမှာ သူဟာ သြဇာအတော်အတန်ရှိသူတယောက် ဖြစ်လာပါတယ်။
မျိုးဆက်သစ်ပေါ်ပေါက်လာခြင်း
၁၉၇၈ ခုနှစ်မှာ သူဟာ မော်စကိုရောက်သွားပြီး စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်တယောက် ဖြစ်လာပါတယ်။ အဲဒီနောက် ၂ နှစ်ပဲ ကြာတဲ့အချိန်မှာ သူဟာ ပါတီရဲ့ အမြဲတမ်းနိုင်ငံရေးဗျူရို အဖွဲ့ဝင် ဖြစ်လာပါတယ်။ ဆိုဗီယက်ယူနီယံခေါင်းဆောင်အဖြစ် ယူရီအင်ဒရိုပေါ့ တာဝန်ယူနေချိန်မှာ ဂေါ်ဘာချော့ဟာ နိုင်ငံခြားကို ခရီးခဏခဏသွားခွင့်ရခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်အတွင်း ခရီးစဉ်တခုမှာ သူဟာ လန်ဒန်ကို ရောက်ပြီး ဗြိတိသျှဝန်ကြီးချုပ် မာဂရက်သက်ချာနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဘီဘီစီအင်တာဗျူးတခုမှာ ဝန်ကြီးချုပ်မာဂရက်သက်ချာက ဂေါ်ဘာချော့ကို ချီးမွမ်းခဲ့ပါတယ်။ ဂေါ်ဘာချော့ကို ကျွန်မကြိုက်တယ်။ ကျွန်မတို့ အလုပ်တွဲလုပ်လို့ ရနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၈၄ ခုနှစ်မှာ ယူရီအင်ဒရိုပေါ့ကွယ်လွန်တော့ ဂေါ်ဘာချော့ အာဏာရလာမယ်လို့ မှန်းထားကြပေမဲ့ ကျန်းမာရေးသိပ်မကောင်းတဲ့ ကွန်စတန်တင်ချယ်နီယင်းကိုး ဟာ ပါတီအတွင်းရေးမှူး ဖြစ်လာပါတယ်။ ဒါပေမဲ့ ၁ နှစ်အတွင်းမှာ ချယ်နီယင်းကိုး ကွယ်လွန်ပြီး ဂေါ်ဘာချော့ အာဏာရလာပါတယ်။ အဲဒီတုန်းကသူဟာ နိုင်ငံရေးဗျူရိုအဖွဲ့ထဲမှာ အသက်အငယ်ဆုံးအဖွဲ့ဝင် ဖြစ်ပါတယ်။
သူဟာ အောက်တိုဘာတော်လှန်ရေးပြီးမှ မွေးလာတဲ့ ပထမဆုံးပါတီအတွင်းရေးမှူးလည်း ဖြစ်ပါတယ်။ လီယိုနစ်ဘရက်ဇညက်နှစ်ကာလတွေရဲ့ နောက်ပိုင်းမှာ သူဟာအောက်တိုဘာတော်လှန်ရေးမျိုးဆက်မဟုတ်တဲ့ မျိုးဆက်သစ်လို့ ရှုမြင်ခံရသူ ဖြစ်ပါတယ်။ သူဟာအဝတ်အစားကို ခန့်ညားသပ်ရပ်အောင် ဝတ်ဆင်ပြီး ပွင့်ပွင့်လင်းလင်းနဲ့ တဲ့တိုးပြောတတ်တဲ့အတွက် အရင်လူတွေနဲ့ တမူကွဲပါတယ်။ သူ့ဇနီးရီဆာဟာ ကွန်မြူနစ်ပါတီအတွင်းရေးမှူးတယောက်ရဲ့ ဇနီးနဲ့မတူဘဲ အမေရိကန် သမ္မတကတော်ဟန်ပန်မျိုးပေါက်နေခဲ့ပါတယ်။
စျေးကွက်လွတ်လပ်မှု
သူ့ရဲ့ပထမဆောင်ရွက်ချက်က ကျဆင်းနေတဲ့ဆိုဗီယက်စီးပွားရေးကို ပြန်လည်ထူထောင်ဖို့ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဆိုဗီယက်စီးပွားရေးဟာ ပြိုကျလုလု ဖြစ်နေပါပြီ။
စီးပွားရေးကို ပြုပြင်ပြောင်းလဲချင်ရင် ကွန်မြူနစ်ပါတီတခုလုံးကို အစအဆုံးပြောင်းလဲမှ ဖြစ်လိမ့်မယ်လို့ သူကသဘောပေါက်နားလည်ခဲ့ပါတယ်။
သူ့အတွေးအခေါ်ကို သူကရုရှားစကားလုံးနှစ်လုံးနဲ့ နာမည်ပေးခဲ့ပါတယ်။ ပွင့်လင်းမှု "ဂလတ်စနော့"နဲ့ ပြန်လည်တည်ဆောက်ရေး "ပယ်ရီစထရွိုက်ကာ" တို့ဖြစ်ပါတယ်။
"ဆိုဗီယက်ယူနီယံဟာ ကမ္ဘာ့စီးပွားရေးထက်နောက်ကျနေခဲ့ပြီ" လို့ လီနင်ဂရက်မြို့ အစည်းအဝေးတခုမှာ သူဟာကွန်မြူနစ်ပါတီခေါင်းဆောင်တွေကို ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ သူ့ရဲ့ တကယ့်ရည်ရွယ်ချက်က စီမံကိန်းချစီးပွားရေးစနစ်နေရာမှာ လွတ်လပ်တဲ့ စျေးကွက်နဲ့ အစားထိုးဖို့အထိ မဟုတ်ပါဘူး။ ဒါကို ၁၉၈၅ ခုနှစ် ပါတီကိုယ်စားလှယ်တွေရဲ့ အစည်းအဝေးမှာ သူက အတိအလင်း ပြောခဲ့ပါတယ်။
"တချို့ကစျေးကွက်စီးပွားရေးစနစ်ဟာ စီးပွားရေးစနစ်အတွက် အသက်ကယ်လှေလို့မြင်နေကြတယ်။ ရဲဘော်တို့ အသက်ကယ်လှေက အဓိကမဟုတ်ဘူး။ သင်္ဘောက အဓိကဖြစ်တယ်။ အဲဒီသင်္ဘောက ဆိုရှယ်လစ်စနစ်ပဲ" လို့ သူက ဆိုခဲ့ပါတယ်။
စနစ်ပြောင်းလဲဖို့အတွက် သူသုံးတဲ့တခြားလက်နက်က ဒီမိုကရေစီ ဖြစ်ပါတယ်။ ပြည်သူ့ကိုယ်စားလှယ်ကွန်ဂရက်မှာ ပထမဆုံးအကြိမ် လွတ်လွတ်လပ်လပ် မဲပေးခွင့် ပြုခဲ့ပါတယ်။
ခက်ခဲတဲ့စမ်းသပ်ချက်
မတူညီတဲ့လူမျိုးအသီးသီးပေါင်းစပ်နေတဲ့ ဆိုဗီယက်ယူနီယံမှာ တင်းကျပ်ထားတာတွေကို ဖြေလျှော့ပေးလိုက်တဲ့အခါ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ ၁၉၈၆ ခုဒီဇင်ဘာလမှာ ခါဇက်စတန်မှာ အဓိကရုဏ်းတွေ ပေါ်ပေါက်လာပါတယ်။
ဂေါ်ဘာချော့က စစ်အေးကို အဆုံးသတ်ချင်ပါတယ်။ တာလတ်ပစ်နျူးကလီးယားလက်နက်ဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုပြီး လက်နက်အမျိုးစားတခုလုံးကို ဖျက်သိမ်းဖို့ အမေရိကန်သမ္မတ ရော်နယ်ရေဂင်နဲ့ အောင်အောင်မြင်မြင် ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ပါတယ်။
ဆိုဗီယက်တပ်ဖွဲ့ရဲ့အင်အားကိုလည်း တဖက်သတ်ဖြတ်တောက်လျှော့ချပေးခဲ့ပြီး အာဖဂန်နစ္စတန်ကနေ ပြန်ဆုတ်ပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သူ့အတွက်အခက်အခဲဆုံးစမ်းသပ်ချက်ကတော့ ဆိုဗီယက်ယူနီယံထဲမှာ ထည့်သွင်းထားတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။
ပွင့်လင်းမှုနဲ့ ဒီမိုကရေစီဖွင့်ပေးလိုက်တဲ့အခါမှာ အဲဒီနိုင်ငံတွေက လွတ်လပ်ရေး တောင်းဆိုလာကြပါတယ်။ အစပိုင်းမှာ ဂေါ်ဘာချော့ဟာ အဲဒီလှုပ်ရှားမှုတွေကို အင်အားသုံး နှိမ်နင်းခဲ့ပါတယ်။
ဆိုဗီယက်နိုင်ငံတွေ ပြိုကွဲမှုဟာ မြောက်ပိုင်း ဘောလ်တစ်နိုင်ငံတွေက စတင်ပါတယ်။ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ အက်စတိုးနီးယားတို့ဟာ ဆိုဗီယက်ယူနီယံကနေ ခွဲထွက်ကြပါတယ်။ အဲဒီအရှိန်ဟာ ဝါဆောစာချုပ်အဖွဲဝင်နိုင်ငံတွေဆီအထိ ဆက်လက် ဂယက်ရိုက်သွားခဲ့ပါတယ်။
အဲဒီပြိုကွဲမှုတွေရဲ့ အထွဋ်အထိပ်ကတော့ ဘာလင်တံတိုင်း ပြိုလဲမှုဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာ လူထုဆန္ဒပြပွဲတွေ ဖြစ်ပွားပြီး ဆိုဗီယက်ရဲ့အမာခံ အရှေ့ဂျာမနီကလူတွေဟာ အနောက်ဂျာမနီဘက်သွားရောက်ခဲ့ကြ ပါတယ်။
အရင်က အဲသလို အဖြစ်အပျက်မျိုးဖြစ်လာခဲ့ရင် ဆိုဗီယက်ယူနီယံက တင့်ကားတွေ စေလွှတ်မှာဖြစ်ပေမဲ့ ဂေါ်ဘာချော့ကတော့ တင့်ကားတွေ မစေလွှတ်ဖို့ တားမြစ်ခဲ့ပါတယ်။ ဂျာမနီပေါင်းစည်းမှုဟာ ဂျာမနီရဲ့ ပြည်တွင်းရေးလို့ သူက ကြေညာခဲ့ပါတယ်။
၁၉၉၀ ခုနှစ်မှာ ဂေါ်ဘာချော့ နိုဘယ်ငြိမ်းချမ်းရေးဆုရပါတယ်။ အရှေ့အနောက်ဆက်ဆံရေးကို အခြေအမြစ်ကနေ ပြောင်းလဲပစ်ရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့လို့ ပေးတာလို့ ဆုရွေးချယ်ရေးအဖွဲ့က ဆိုပါတယ်။
၁၉၉၁ ခုနှစ်သြဂုတ်လမှာတော့ ဆိုဗီယက်ယူနီယံလူဟောင်းတွေက သည်းမခံနိုင်ကြတော့ပါဘူး။ သူတို့ဟာ စစ်ရေးအသုံးပြုအာဏာသိမ်းပြီး ဂေါ်ဘာချော့ကို ဖမ်းဆီးလိုက်ပါတယ်။ အဲဒီအချိန်မှာ မော်စကိုပါတီခေါင်းဆောင် ဘောရစ္စယဲ့ဆင်က အာဏာသိမ်းပွဲကို အဆုံးသတ်ပြီး ဆန္ဒပြသူတွေကို ဖမ်းဆီးလိုက်ပါတယ်။ ဂေါ်ဘာချော့ကိုတော့ လွတ်မြောက်ရေးကို လိုချင်ရင် နိုင်ငံရေးအာဏာအားလုံးနီးပါးကို စွန့်လွှတ်ဖို့ ဖိအားပေးခဲ့ပါတယ်။

နောက် ၆ လအကြာမှာတော့ ဂေါ်ဘာချော့ဟာ အာဏာလက်မဲ့ ဖြစ်သွားပါတယ်။ ကွန်မြူနစ်ပါတီလည်း တရားမဝင် အကြေညာခံလိုက်ရပါတယ်။ ရုရှားဟာ အားလုံးအသစ်ပြန်စခဲ့ပြီး သူ့ရဲ့အနာဂတ်ဟာ မရေရာမှုများစွာရင်ဆိုင်ခဲ့ရပါတယ်။
နောက်ပိုင်းနှစ်များ
မစ်ခ်ဟိုင်းဂေါ်ဘာချော့ဟာ ရုရှားအရေး နိုင်ငံတကာအရေးတွေမှာ ဝေဖန်ရေးတွေ ဆက်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့သူ့သြဇာဟာ ရုရှားမှာထက် နိုင်ငံတကာမှာပဲ တွင်ကျယ်ခဲ့ပါတယ်။
၁၉၉၆ ခုနှစ်မှာ သူဟာ ရုရှားသမ္မတရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ပေမဲ့ စုစုပေါင်း ရတဲ့မဲက ၅ ရာခိုင်နှုန်းတောင်မကျော်ပါဘူး။
၁၉၉၀ ခုနောက်ပိုင်းတွေမှာ သူဟာ နိုင်ငံတကာရေးရာတွေနဲ့ ဆက်လက်ပတ်သက်နေပြီး ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံခဲ့ပါတယ်။ ရုရှားမဟုတ်သူတွေအကြားမှာ သူဟာ သူရဲကောင်းဆက်ဖြစ်နေခဲ့ပြီး ဆုတွေအများအပြားဆက်ရခဲ့ပါတယ်။
၁၉၉၉ ခုနှစ်မှာ သူ့ဇနီးရီဆာဟာ သွေးကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂေါ်ဘာချော့ဟာ သမ္မတပူတင်ကို ပြင်းပြင်းထန်ထန် ဝေဖန်သူတယောက် ဖြစ်ပါတယ်။ ဖိနှိပ်တဲ့အစိုးရကို ဦးဆောင်သူလို့ သူက စွပ်စွဲပါတယ်။
အမှုဆောင်လက်တဆုပ်စာရဲ့လက်ထဲမှာ နိုင်ငံရေးအာဏာအားလုံးကို အပ်နှင်းထားတာဟာ ဒီမိုကရေစီအတုအယောင်အဖြစ် ပြောင်းလဲနေတာလို့ သူက ဝေဖန်ပါတယ်။
ဒါပေမဲ့ ၂၀၁၄ ခုနှစ်မှာ ခရိုင်းမီးယားကို ရုရှားအောက်ပြန်သွတ်သွင်းတဲ့ လူထုဆန္ဒခံယူပွဲ အပေါ် ဂေါ်ဘာချော့က ထောက်ခံခဲ့ပါတယ်။
"ဆိုဗီယက်ဥပဒေကို အခြေခံပြီး အရင်က ခရိုင်းမီးယားကို ယူကရိန်းအောက်လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ လူထုရဲ့သဘောဆန္ဒကို မတောင်းခံခဲ့ပါဘူး။ အခုလူထုဆန္ဒခံယူပွဲလုပ်တာဟာ အမှားကို ပြန်ပြင်တာပါပဲ" လို့ သူက ဆိုခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မတ်လမှာ ကျရောက်တဲ့ ဂေါ်ဘာချော့ရဲ့ အသက် ၉၀ မွေးနေ့မှာ သမ္မတပူတင်ကလည်း ချီးမွမ်းဂုဏ်ပြုခဲ့ပါတယ်။ "ကျွန်တော်တို့နိုင်ငံအတွက်ရော၊ ကမ္ဘာအတွက်ပါ အကျိုးသက်ရောက်မှုများစွာဖြစ်ပေါ်စေခဲ့တဲ့ ထူးချွန်တဲ့ ခေတ်သစ်နိုင်ငံရေးခေါင်းဆောင်တယောက်" လို့ သူက ဆိုခဲ့ပါတယ်။
ဂေါ်ဘာချော့ကိုယ်တိုင်ကရော သူ့ရဲ့နိုင်ငံရေးအနှစ်သာရကို ဘယ်လိုရှုမြင်ပါသလဲ။ သူဟာ အာဏာရှင်စနစ်နဲ့ စစ်အေးကို အဆုံးသတ်ပေးပြီး နျူးကလီယားလက်နက်ကို လျှော့ချနိုင်ခဲ့သူလို့ သူ့ကိုယ်သူ ဆိုပါတယ်။
ဒါပေမဲ့ ရုရှားနိုင်ငံသား အမြောက်အမြားကတော့ သူဟာ ဆိုဗီယက်ယူနီယံကို ပြိုကွဲစေသူလို့ အပြစ်တင်နေကြဆဲ ဖြစ်ပါတယ်။
မစ်ခ်ဟိုင်းဂေါ်ဘာချော့ကိုယ်တိုင်ကလည်း ကွန်မြူနစ်စနစ်ရဲ့ ဗဟိုဦးစီးစနစ်ကို မဖျက်ဆီးဘဲ သူ့ရဲ့ပြုပြင်ရေးတွေကို ဆောင်ရွက်လို့ မဖြစ်နိုင်ဘူးဆိုတဲ့အချက်ကို နားလည်သိရှိခဲ့ပုံ မပေါ်ပါဘူး။








