လျှပ်စစ်သုံး ခရီးသည်တင်လေယာဉ်ကဏ္ဍ ဘယ်လောက်တိုးတက်နေပြီလဲ

ကမ္ဘာတစ်ဝန်းက အစိုးရတွေက ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု တားဆီးရေးအတွက် ကာဗွန်ထုတ်လွှတ်မှု လျှော့ချဖို့ နည်းလမ်းမျိုးစုံ ရှာဖွေလာကြချိန်မှာ လျှပ်စစ်သုံး ခရီးသည်တင် လေယာဉ်တွေ အသုံးပြုတာကလည်း နည်းလမ်းတစ်ခုဖြစ်လာပါတယ်။

လေကြောင်းမှာ လျှပ်စစ်စွမ်းအင်သုံး မောင်းနှင်ဖို့ ကိစ္စအတွက် အဓိကတွေ့ နေရတဲ့ အခက်အခဲကတော့ ဓာတ်အားသွင်း ဘက်ထရီ ပြဿနာ ဖြစ်တယ်လို့ ဆိုပါတယ်။

အကြောင်းကတော့ လက်ရှိ နောက်ဆုံးပေါ် အကောင်းဆုံး ဘက်ထရီတွေတောင်မှ အလေးချိန်အလိုက် ပေးနိုင်တဲ့ စွမ်းအင်ပမာဏက သမားရိုးကျ လေယာဉ်ဆီထက် နည်းတဲ့အတွက် ခရီးရှည်သွားဖို့ ဆိုရင် ဘက်ထရီအလေးချိန် အများကြီးသယ်ရမယ့် အချက်ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံ စတွတ်ဂါ့တ် တက္ကသိုလ်က လေယာဉ်ပုံစံထုတ် ဌာန အကြီးအကဲ ဒေါက်တာ အန်ဒရေယက်စ် စထရိုးမေယာကတော့ သူတို့ ဌာနက လျှပ်စစ်လေယာဉ် ပုံဖော် စမ်းသပ်ခဲ့ရာမှာ ဘက်ထရီစနစ် အသစ်ကိုပါ ဖန်တီးခဲ့ရတယ်လို့ ဆိုပါတယ်။

သူတို့ ဌာနက ဖန်တီးခဲ့တဲ့ လေယာဉ်အတွက် ဘက်ထရီစနစ်သစ်ဆိုရင် အလေးချိန် တစ်ကီလိုဂရမ်အတွက် စွမ်းအင် watt hours ၂၀ဝ ရခဲ့ပါတယ်။

ဒါပေမဲ့ ခရီးသည်တင် လေယာဉ်ကြီးအတွက်ဆိုရင် ဘက်ထရီ အလေးချိန် တစ်ကီလိုဂရမ်အတွက် စွမ်းအင် watt hours ၁၀ဝ၀ ကနေ ၁၅၀ဝ လောက်အထိ လိုအပ်မယ်လို့ ဒေါက်တာ စထရိုးမေယာ က ဆိုပါတယ်။

ဒီလို အကန့်အသတ်တွေ ရှိနေပေမယ့်လည်း ခရီးတိုသွားနိုင်တဲ့ လျှပ်စစ်သီးသန့်သုံး လေယာဉ်တွေနဲ့ ခရီးရှည်သွားနိုင်တဲ့ လျှပ်စစ်နဲ့ သမားရိုးကျ လေယာဉ်ဆီ တွဲဖက် အသုံးပြုတဲ့ လေယာဉ်နှစ်မျိုးစလုံး အတွက် ဈေးကွက်အလားအလာ ရှိတယ်လို့လည်း သူက ပြောပါတယ်။

အထူးသဖြင့် ကားလမ်းနဲ့ အမြန်ရထားလမ်း ဖောက်လုပ်ဖို့ မလွယ်ကူတဲ့ တောတောင်ထူထပ်တဲ့ ဒေသတွေ အကြားနဲ့ ကျွန်းငယ်တွေများတဲ့ ဒေသတွေမှာ အခုလို လေယာဉ်တွေကို ခပ်စိပ်စိပ် အသုံးတွင်အောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။

အခုလို အခက်အခဲတွေ ရှိနေတဲ့ကြားက လျှပ်စစ်သုံး ခရီးသည်တင် လေယာဉ်ပုံစံထုတ်ဖို့ ကြိုးစားလာကြတဲ့အထဲမှာ Faradair ကုမ္ပဏီ၊ Wright Electric ကုမ္ပဏီနဲ့ Eviation ကုမ္ပဏီတို့လည်း အပါအဝင် ဖြစ်ပါတယ်။

Faradair ရဲ့ လျှပ်စစ်နဲ့ ဂက်စ်တွဲသုံး ခရီးသည်တင် လေယာဉ်သစ်

လျှပ်စစ်သုံး ခရီးသည်တင် လေယာဉ် ဖန်တီး ပုံစံထုတ်လုပ်ဖို့ သုတေသနဖော်ဆောင်နေကြတဲ့ ကုမ္ပဏီတွေထဲမှာ ယူကေနိုင်ငံက တက်သစ်စ ကုမ္ပဏီ Faradair လည်း အပါအဝင်ဖြစ်ပါတယ်။

Faradair ကုမ္ပဏီဟာ စီးပွားဖြစ် လျှပ်စစ်သုံး ခရီးသည်တင် ထုတ်လုပ်တဲ့သမိုင်းမှာ ရှေ့ဆောင် ပါဝင်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်အောင် ကြိုးစားနိုင်ဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။

Faradair ဟာ လောလောဆယ်မှာ ဓာတ်ငွေ့ နဲ့ လျှပ်စစ်တွဲဖက် အသုံးပြုတဲ့ ခရီးသည်တင် လေယာဉ်တစ်မျိုးကို ပုံစံထုတ်ပြီး ပြည်တွင်းဈေးကွက်မှာ ရောင်းချနိုင်ဖို့အထိ စီစဉ်နေပါတယ်။

အခုလို ထုတ်လုပ်ဖို့ စီစဉ်နေတဲ့ ခရီးသည်တင် လေယာဉ်ဟာ လူ ၁၉ ယောက် တင်ဆောင်နိုင်မှာ ဖြစ်ပြီး လျှပ်စစ်ဓာတ်အားသုံး မောင်းနှင်ပန်ကာနဲ့ ပျံသန်းနိုင်ဖို့ ပုံစံ ထုတ်ထားတယ်လို့ ဆိုပါတယ်။

ဒီလေယာဉ်အတွက် လိုအပ်တဲ့ လျှပ်စစ်ဓာတ်ကိုတော့ သဘာဝဓာတ်ငွေ့သုံး တာဘိုင်အင်ဂျင်က ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။

အခုလို စွမ်းအင်နှစ်မျိုးသုံးမယ့် ဒီလေယာဉ်ကို ပြေးလမ်းတိုတိုမှာ မြန်မြန်မြင့်တက် ပျံသန်းဖို့ ပင့်ပေးနိုင်အောင် လေယာဉ်တောင်ပံကို အဆင့် သုံးဆင့်ပုံစံ တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

အခုလို အဆင့် သုံးဆင့်ပါတဲ့ အတောင်ပံ ပုံစံကြောင့် အဆင့်မြင့်နည်းပညာတွေ ပါဝင်နေတဲ့ကြားက ပထမကမ္ဘာစစ်အတွင်းမှာ သုံးခဲ့တဲ့ တိုက်လေယာဉ်ပုံစံနဲ့လည်း သွားတူနေတာကို တွေ့ရပါတယ်။

Faradair ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် နီးလ် ကလောင်ဖလေ ကတော့ အခုလို လေယာဉ်အမျိုးအစားဟာ သမားရိုးကျ မောင်းနှင်ပန်ကာသုံး လေယာဉ်မျိုးတွေထက် လှုပ်ရှားရုန်းကန်ရတဲ့ စက်ပစ္စည်းပိုင်း သိပ်မပါတဲ့အတွက် မောင်းနှင် ကုန်ကျစရိတ် သက်သာမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပါဝင်တဲ့ နည်းပညာတွေကြောင့်လည်း အသံဆူညံမှု နည်းမှာ ဖြစ်ပြီး လေထုညစ်ညမ်းစေမှုလည်း နည်းလိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။

မစ္စတာ ကလောင်ဖလေ ရဲ့ အဆိုအရကတော့ လေယာဉ်တွေကို ဘတ်စ်ကားတွေလို တွင်တွင်ကျယ်ကျယ် မသုံးကြတာက အဓိကက ကုန်ကျစရိတ်ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပုံမှန်လေယာဉ်တွေ အမြောက်အများ အသုံးပြုမယ်ဆိုရင် အသံဆူညံမှုလည်း အများကြီးတက်လာမှာ ဖြစ်ပြီး ရေရှည်တောက်လျှောက် သုံးနိုင်သလားဆိုတဲ့ အချက်တွေကိုလည်း စဉ်းစားရသေးတယ်လို့ ဆိုပါတယ်။

အခုလို လက်ရှိ လေယာဉ်နည်းပညာအနေအထားကို သုံးသပ်ပြီးတဲ့အခါမှာ Faradair ကုမ္ပဏီက စီးပွားရေးအရ တွက်ခြေကိုက်တဲ့အပြင် အသံဆူညံမှုလည်း နည်းပါးပြီး ရေရှည် အသုံးပြုလို့ရနိုင်မယ့် လေယာဉ်ပျံကို ပုံစံထုတ် ဖန်တီးခဲ့တာလို့ မစ္စတာ ကလောင်ဖလေက ဆိုပါတယ်။

Faradair ကုမ္ပဏီက ပုံစံထုတ်ထားတဲ့ လေယာဉ်ပျံနဲ့ ဆိုရင် ဥပမာအားဖြင့် လန်ဒန်နဲ့ မန်ချက်စတာလို့ မြို့နှစ်မြို့ အကြား သွားလာမယ့် ခရီးအတွက် တစ်ကြောင်းကို ဗြိတိသျှစတာလင်ပေါင်ငွေ ၂၅ ပေါင်သာ ကျသင့်မှာ ဖြစ်ပြီး ရထားလက်မှတ်ထက် သက်သာမယ်လို့ သူက ဆိုပါတယ်။

ဝေးလံခေါင်ဖျားပြီး လူသူသွားရောက်ဖို့ ခက်ခဲတဲ့ နေရာတွေမှာ ဆိုရင်လည်း လေဆိပ်ငယ်လေးတွေမှာ အသုံးပြုနိုင်ပြီး ကားလမ်း၊ ရထားလမ်း အထူးတလည် ဖောက်လုပ်ရမယ့် ကုန်ကျစရိတ်တွေကို ရှောင်ရှားနိုင်စရာ ရှိတယ် ဆိုတဲ့အချက်ကိုလည်း မစ္စတာ ကလောင်ဖလေက အကျိုးကျေးဇူးအဖြစ် ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

Faradair ကုမ္ပဏီဟာ သူတို့ရဲ့ အဲဒီလေယာဉ်ပျံ အမျိုးအစားကို ၂၀၂၅ မှာ စတင် စမ်းသပ် ပျံသန်းနိုင်ဖို့ ရည်မှန်းထားပြီး ၂၀၂၇ ခုနှစ်လောက်မှာ ဒီလေယာဉ်အမျိုးအစားတွေ စီးပွားဖြစ် စတင် ပြေးဆွဲနိုင်ဖို့ ရည်မှန်းနေပါတယ်။

ခရီးသည် ၁၀ဝ အထိ တင်နိုင်မယ့် လျှပ်စစ်သုံး လေယာဉ်ဆောက်လိုသူ Wright Electric ကုမ္ပဏီ

အမေရိကန်နိုင်ငံ ကယ်လဖိုးနီးယားပြည်နယ် အခြေစိုက် Wright Electric ကုမ္ပဏီ ဆိုရင်လည်း လျှပ်စစ်စွမ်းအင် သီးသန့် သုံးမယ့် ခရီးသည် ၁၀ဝ တင် လေယာဉ်တွေကို ၂၀၂၅ ပတ်ဝန်းကျင်လောက်မှာ ထုတ်လုပ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။

ဒီလေယာဉ်ဟာ လက်ရှိ British Aerospace 146 လေယာဉ်ပုံစံကို အခြေခံမှာ ဖြစ်ပြီး အဲဒီ လေယာဉ်ရဲ့ တာဘိုပန်ကာ အင်ဂျင်လေးလုံးနေရာမှာ လျှပ်စစ်ဓာတ်အားသုံး မော်တာတွေ တပ်ဆင်မယ်လို့ ဆိုပါတယ်။

ဒီလေယာဉ်တွေ ထုတ်လုပ်မယ့် Wright Electirc ကုမ္ပဏီဟာ Easyjet လေကြောင်းလိုင်းနဲ့ လုပ်ငန်းချိတ်ဆက် လုပ်ဆောင်နေပြီး တစ်နာရီသာကြာမယ့် လေကြောင်း ခရီးစဉ်တွေမှာ ပြေးဆွဲနိုင်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

အခုလို တစ်နာရီသာ ကြာမယ့် လေကြောင်းခရီးစဉ်မျိုးတွေကတော့ လန်ဒန်-ပါရီ၊ နယူးယောက်-ဝါရှင်တန် နဲ့ ဟောင်ကောင်-တိုင်ပေ တို့လို ခရီးစဉ်တွေ ဖြစ်ပါတယ်။

အခုလို ခရီးလမ်းကြောင်းမျိုးအတွက် ပုံစံထုတ်မယ့် လျှပ်စစ်လေယာဉ်ကို စမ်းသပ်ရာမှာ သမရိုးကျ အင်ဂျင် လေးလုံးကို တစ်လုံးစီ လျှပ်စစ်သုံး အင်ဂျင်နဲ့ အစားထိုးမှာဖြစ်တဲ့အတွက် စွမ်းအင်နှစ်မျိုးသုံး အရောစနစ်နဲ့ အခြေခံတယ်လို့ ဆိုနိုင်ကြောင်း Wright Electric ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် ဂျက်ဖရီ အန်ဂလာက ဆိုပါတယ်။

လေကြောင်းကုမ္ပဏီတွေနဲ့ ဆွေးနွေးတဲ့အခါမှာ လျှပ်စစ်သုံး ခရီးသည်တင် လေယာဉ်နဲ့ ပတ်သက်ပြီး လုံးဝ လျှပ်စစ် သီးသန့်သုံးမဟုတ်ဘဲ စွမ်းအင်နှစ်မျိုး ပေါင်းစပ် အသုံးပြုတဲ့ လေယာဉ်နဲ့ စတာမျိုး အကြံပြုတာလည်းရှိတဲ့အတွက် ဒါကိုလည်း လက်ခံစဉ်းစားနေတယ်လို့ သူက ဆက်ပြောပါတယ်။

ခရီးရှည်သွားနိုင်ဖို့ အဓိကထားတဲ့ လျှပ်စစ်လေယာဉ် ထုတ်လိုသူ Eviation ကုမ္ပဏီ

ခရီးရှည်သွားနိုင်တဲ့ လျှပ်စစ်လေယာဉ် ပုံစံထုတ်ဖို့ ကြိုးစားဖူးတဲ့ ဒေါက်တာ အန်ဒရေယက်စ် စထရိုးမေယာရဲ့ အဆိုအရ လက်ရှိ နောက်ဆုံးပေါ် နည်းပညာနဲ့ ဆိုရင် ခရီးသည် ၆ ယောက်ကနေ ၁၉ ယောက်အထိ တင်ဆောင်နိုင်တဲ့ ခရီးဝေးသွား လျှပ်စစ်သီးသန့်သုံး လေယာဉ် ထုတ်ဖို့ ဖြစ်နိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။

ဒေါက်တာ စထရိုးမေယာရဲ့ အခုလို ယူဆချက်နဲ့ ကိုက်ညီတဲ့ သဘောတရားကို အခြေခံပြီး လျှပ်စစ်လေယာဉ်ထုတ်ဖို့ ပြင်ဆင်နေတဲ့ ကုမ္ပဏီကတော့ Eviation ကုမ္ပဏီ ဖြစ်ပါတယ်။

အစ္စရေး အခြေစိုက်ဖြစ်တဲ့ Eviation ကုမ္ပဏီဟာ ခရီးသည် ကိုးယောက် တင်ဆောင်နိုင်တဲ့ the Alice လေယာဉ်ကို ပုံဖော် ဆောက်လုပ်ဖို့ ကြိုးစားနေတာ နှစ်အတော်တန် ကြာပြီဖြစ်ပြီး လျှပ်စစ်စွမ်းအင် သီးသန့် သုံးပြီး မိုင် ၆၀ဝ အထိ သွားနိုင်အောင် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

The Alice လေယာဉ်ကို ပေတစ်သောင်းလောက်အထိ အမြင့်မှာ တစ်နာရီ ၂၇၆ မိုင်နှုန်းနဲ့ သွားနိုင်အောင် ဖော်ဆောင်နေကြပြီး လက်ရှိ လပိုင်းအတွင်း စတင် အစမ်းပျံသန်းနိုင်ဖို့ ပြင်ဆင်နေပါတယ်။

The Alice လေယာဉ်ရဲ့ ပုံစံကတော့ မောင်းနှင်ပန်ကာ သုံးလုံးကို သမားရိုးကျ မဟုတ်ဘဲ လေယာဉ် အမြီးမှာ တစ်ခုနဲ့ လေယာဉ်တောင်ပံတချက်စီမှာ လေယာဉ်ဦးတည်သွားရာဘက်ရဲ့ ဆန့်ကျင်ဘက်မှာ တပ်ဆင်ထားတာကို တွေ့ရပါတယ်။

Eviation ကုမ္ပဏီအနေနဲ့ ဒီ the Alice လေယာဉ်တွေကို အမေရိကန်ပြည်တွင်း လေကြောင်းပြေးဆွဲတဲ့ Cape Air ကုမ္ပဏီက ဆယ်ဂဏန်းထက်မနည်း ဝယ်ယူမယ်ဆိုတဲ့ သဘောတူညီချက်လည်း ရရှိပြီးဖြစ်တယ်လို့ Eviation ကုမ္ပဏီက ဆိုပါတယ်။

ကာဗွန်ထုတ်လွှတ်မှု လျှော့ချရာမှာ လျှပ်စစ်သုံး လေယာဉ်ဘက်ကို အာရုံမစိုက်သေးတဲ့ Airbus

ဥရောပ လေကြောင်းဆိုင်ရာ ကုမ္ပဏီကြီး ဖြစ်တဲ့ Airbus ကတော့ လက်ရှိ လျှပ်စစ်လေယာဉ်နည်းပညာအရ ကမ္ဘာတိုက်ကြီးများ ဖြတ်ကျော်ပျံသန်းနိုင်တဲ့အထိ ရှည်လျားတဲ့ လေယာဉ်ခရီးစဉ်ကြီးတွေမှာ အသုံးဝင်ဖို့ မဖြစ်နိုင်သေးတာကို မူတည်ပြီး သူတို့ရဲ့ လျှပ်စစ်လေယာဉ် ပုံစံထုတ်ရေး အစီအစဉ်ကို ဖျက်သိမ်းထားပုံ ရပါတယ်။

၂၀၁၇ ခုနှစ်မှာ Airbus ဟာ Rolls-Royce နဲ့ Siemens ကုမ္ပဏီတို့နဲ့ ပူးပေါင်းပြီး British Aerospace 146 လေယာဉ်ပုံစံကိုပဲ အခြေခံတဲ့ တပိုင်း လျှပ်စစ်သုံး လေယာဉ် E-Fan X ကို သုတေသန စလုပ်ခဲ့ပေမယ့် ၂၀၂၀ မှာ ပြန်လည် ဖျက်သိမ်းထားခဲ့တာ ဖြစ်ပါတယ်။

Airbus အနေနဲ့ လက်ရှိ အချိန်ကာလနဲ့ ကိုက်ညီတဲ့ နည်းပညာအရ ၂၀၅၀ မှာ ကာဗွန် ထုတ်လွှတ်မှု သုည ဖြစ်ရေးကိုပဲ အာရုံစိုက် လုပ်ဆောင်နေတယ်လို့ Airbus ရဲ့ နည်းပညာသစ် သုတေသန ဌာန Airbus Upnext ရဲ့ အမှုဆောင် အရာရှိချုပ် ဆန်ဒရာ ဘော်ရှေဖာက ဆိုပါတယ်။

အခုလို လုပ်ဆောင်ရာမှာ လေယာဉ်လောင်စာကို ပြည့်မြဲစွမ်းအင် အရင်းအမြစ်နဲ့ အလေအလွင့် ပစ္စည်းတွေကနေ ထုတ်လုပ်ဖို့ ရေတိုပစ်မှတ်ထားနေပြီး ၂၀၃၅ မှာတော့ ပထမဆုံး ကာဗွန် ထုတ်လွှတ်မှု လုံးဝမရှိတဲ့ ဟိုက်ဒရိုဂျင် စွမ်းအင်သုံး လေယာဉ်ကို ဈေးကွက်ထဲရောက်လာအောင် ကြိုးစားမှာ ဖြစ်တယ်လို့ သူက ရှင်းပြထားပါတယ်။