ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဥရောပအကြီးဆုံး နျူစက်ရုံက ယူကရိန်းစစ်ပွဲကြောင့် ဘယ်လောက်အန္တရာယ်ကြီးနိုင်သလဲ
ယူကရိန်းနိုင်ငံ ဇာပိုရီးရှားမြို့မှာရှိတဲ့ ဥရောပမှာ အကြီးဆုံး နျူးကလီးယားစွမ်းအင်ထုတ် စက်ရုံရှိတဲ့နေရာဟာ ရုရှားနဲ့ ယူကရိန်းတို့ စစ်ပွဲဖြစ်ပွားရာ ရှေ့တန်းစစ်မျက်နှာနဲ့ နီးနေတဲ့အတွက် မတော်တဆမှု တခုခုဖြစ်ပြီး ဘေးအန္တရာယ်တွေ ရှိလာမှာကို နိုင်ငံတကာအသိုင်းအဝိုင်းက ပိုပြီး စိုးရိမ်လာကြပါတယ်။
ဒီဇာပိုရီးရှား နျူးကလီးယားစက်ရုံမှာ ထိခိုက်မှုတခုခု ဖြစ်လာမယ်ဆိုရင် ဒါဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံသလို ဖြစ်တဲ့အထိ အန္တရာယ်ရှိနေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ပြောဆိုခဲ့ပါတယ်။
တူရကီသမ္မတ ရီဂျက် တာရစ် အယ်ဒိုဝန်က ဆိုရင်လည်း ယခင် ဆိုဗီယက်ပြည်ထောင်စုလက်ထက်က လက်ရှိ ယူကရိန်းပိုင်နက်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့အဆိုးဆုံး ဆိုနိုင်တဲ့ ချာနိုဘိုင်း နျူးကလီးယားစက်ရုံ မတော်တဆမှုလို အလားတူဖြစ်လာမှာကို ဘယ်သူမှ လိုလားမှာ မဟုတ်ဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဘယ်လို နှစ်ဖက် အပြန်အလှန် စွပ်စွဲမှုတွေ ရှိနေသလဲ
ရုရှားဟာ ယူကရိန်းနဲ့ စစ်ပွဲနဲ့ အစမှာကတည်းက ဒနီပါမြစ် ဘယ်ဘက် ကမ်းခြေက အဲဒီစက်ရုံရှိရာနေရာကို သိမ်းပိုက်ခဲ့ပြီး ဒီစက်ရုံက ယူကရိန်းဝန်ထမ်းတွေကိုပဲ ဆက်လက် လုပ်ငန်းလည်ပတ်စေခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ရုရှားရော ယူကရိန်းရော နှစ်ဖက်စလုံးက ဒီစက်ရုံရာ ဒေသတဝိုက်ကို လက်နက်ကြီးတွေနဲ့ အကြိမ်ကြိမ် ပစ်ခတ်နေတယ်ဆိုပြီး အပြန်အလှန် စွပ်စွဲနေကြပါတယ်။
ရုရှားရော ယူကရိန်းပါ နှစ်ဖက်စလုံးက အပြန်အလှန်ဆွတဲ့အနေနဲ့ ပစ်ခတ်နေကြတယ်လို့ စွပ်စွဲနေကြရာမှာ ရုရှားဟာ ဒီစက်ရုံဝင်းအတွင်းကို တိုက်ခိုက်ပြီး ယူကရိန်းကို အပြစ်တင်ဖို့ ရုပ်သံပါ ရိုက်ကူးပြီးနေပြီလို့ ယူကရိန်းဘက်က စွပ်စွဲထားပါတယ်။
ရုရှားကတော့ ယူကရိန်းဘက်က ရုရှားကို တမင်ဆွပေးနေတယ်ဆိုတဲ့ လုပ်ဆောင်မှုတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ စာရေးသားတင်ပြထားပါတယ်။
အဲဒီစာအရ ယူကရိန်းဘက်က ဒီစက်ရုံဝင်းအတွင်းကို ပစ်ခတ်မှုတွေ ဆက်လုပ်နေတယ်လို့ ရုရှားက ထပ်မံစွပ်စွဲထားပြီး ရေဒီယိုသတ္တိကြွမှု ယိုစိမ့်တဲ့အထိ ဖြစ်စေတဲ့ အသေးစား မတော်တဆမှု ဖြစ်အောင် ယူကရိန်းက လုပ်ဆောင်ပြီး ရုရှားကို နျူးကလီးယားအကြမ်းဖက်မှုနဲ့ စွပ်စွဲဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။
ချာနိုဘိုင်း နျူစက်ရုံ မတော်တဆမှုလို ကမ္ဘာ့အဆိုးဆုံး ဖြစ်တဲ့အထိ ဆိုးရွားသွားနိုင်သလား
ဇာပိုရီးရှားနျူးကလီးယားစက်ရုံ ထိခိုက်မှု တခုခုဖြစ်လာမယ်ဆိုရင် ချာနိုဘိုင်းနျူစက်ရုံ မတော်တဆမှုလို ကမ္ဘာ့အဆိုးဆုံး ဖြစ်လာမလား ဒါမှမဟုတ် ဂျပန်နိုင်ငံ ဖူကူရှီးမား နျူးကလီးယား စက်ရုံ မတော်တဆမှုလောက်အထိ ဆိုးရွားမလားဆိုတာကို နိုင်ငံတကာက စိုးရိမ်နေကြပါတယ်။
ယူကေအခြေစိုက် the Nuclear Energy Futures အကြီးအကဲ မာ့ခ် ဝန်မန်ကတော့ ဇာပိုရီးရှားနျူစက်ရုံရဲ့ အခြေအနေဟာ ချာနိုဘိုင်းနဲ့ ဖူကူရှီးမား မတော်တဆမှုတွေရဲ့ အခြေအနေနဲ့ ထပ်တူမကျဘူးလို့ ဆိုပါတယ်။
ဇာပိုရီးရှားနျူးကလီးယားစက်ရုံဟာ ၁၉၈၀ နောက်ပိုင်း ဆောက်လုပ်တာ ဖြစ်တဲ့အတွက် သိပ်ခေတ်နောက်မကျသေးဘူးလို့ ဆိုနိုင်ပြီး ခြောက်ပေနီးပါး ထုအထူရှိတဲ့ အထူးကွန်ဂရစ်နဲ့ ကာရံထားရာမှာ ငလျင်ဒဏ် ခံနိုင်အောင်လည်း စီမံထားတာ ဖြစ်တဲ့အတွက် တိုက်ရိုက်ထိမှန်တဲ့ ဒဏ်အတော်များများ ခံနိုင်ရည် ရှိတယ်လို့ မာ့ခ် ဝန်မန်က ဆိုပါတယ်။
ချာနိုဘိုင်းနျူစက်ရုံဆိုရင် ဆောက်လုပ် ပုံဖော်ထားမှုမှာပါ အမှားအယွင်းတွေ ရှိခဲ့တာကလည်း အခြေအနေတွေ ဆိုးရွားသွားရတဲ့ အကြောင်းရင်းတခုဖြစ်တယ်လို့ သူကဆိုပါတယ်။
ဒါ့အပြင် ဇာပိုရီးရှားနျူစက်ရုံဟာ ဖူကူရှီးမား နျူစက်ရုံမှာလို ဂျန်နရေတာတွေက ရေမြှုပ်နိုင်တဲ့ နေရာမှာ ရှိနေတာမဟုတ်တဲ့အတွက် အလားတူ ထိခိုက်မှုမျိုး မရှိနိုင်ဘူးလို့ မာ့ခ် ဝန်မန်က ထပ်ပြောပါတယ်။
တကယ်တမ်းဆိုရင် ၂၀ဝ၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုနောက်ပိုင်းမှာ နျူးကလီးယားစက်ရုံတွေလည်း အခုလို လေယာဉ်ကြီးတွေနဲ့ ထိုးဆင်း တိုက်ခိုက်ခံရရင် အန္တရာယ်ရှိမလားဆိုတာ စစ်ဆေးခဲ့ပြီးသား ဖြစ်ရာမှာ အန္တရာယ်မရှိနိုင်ဘူးဆိုတဲ့ အဖြေထွက်ခဲ့ပြီးသား ဖြစ်ပါတယ်။
ဘယ်လို အခြေအနေမျိုးတွေကြောင့် ဇာပိုရီးရှားနျူစက်ရုံ ထိခိုက်နိုင်ခြေ ရှိတာလဲ
ရုရှားရဲ့ နျူးကလီးယားကာကွယ်ရေးတပ်ဖွဲ့ ဦးဆောင်သူ ဗိုလ်မှူးချုပ် အီဂေါ ကရီးလော့ဗ်ကတော့ ဇာပိုရီးရှားနျူစက်ရုံရဲ့ ထောက်ပံ့ရေးစနစ်တချို့ အဝေးပစ် လက်နက်ကြီး အမြှောက်ကျည်ဆန်တချို့ကြောင့် ပျက်စီးမှုတချို့ ရှိနေတယ်လို့ ဆိုပါတယ်။
ဒီလို နျူဓါတ်ပေါင်းဖို အအေးခံတဲ့ ပိုက်လိုင်းနဲ့ ဂျန်နရေတာ အလုပ်မလုပ်ရင် နျူဓါတ်ပေါင်းဖို အပူချိန်တက်ပြီး နျူးကလီးယား လောင်စာတွေ စပြီး အရည်ပျော်တာမျိုး ဖြစ်လာနိုင်ပါတယ်။
ယူကရိန်းနိုင်ငံ နျူးကလီးယားဌာနကတော့ ဒီနျူစက်ရုံကို ပေးနေတဲ့ ဓါတ်အားလိုင်း ၄ ခု ရှိတဲ့အထိက သုံးခုမှာ ဒုံးကျည်ထိခိုက်မှုကြောင့် ပျက်စီးမှု ရှိတယ်လို့ ဆိုပါတယ်။
အခုလို နောက်ဆုံးဓါတ်အားလိုင်းမှာပါ အထိအခိုက် ရှိလာမယ်ဆိုရင် နျူးကလီးယား လောင်စာတွေ အရည်ပျော်ရင် ရေဒီယိုသတ္တိကြွ ပစ္စည်းတွေ ထွက်မလာဖို့ တားဆီးရာမှာ ဒီဇယ်ဂျန်နရေတာတွေနဲ့ ရေရှည်တောင့်မခံနိုင်မှာကို ယူကရိန်း နျူးကလီးယား ဌာနက စိုးရိမ်နေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ တဖက်မှာလည်း ဇာပိုရီးရှားနျူစက်ရုံရဲ့ နျူဓါတ်ပေါင်းဖို ခြောက်ခုထဲက နှစ်ခုသာ လည်ပတ်မှုရှိတဲ့အတွက် ဒီဇယ်ဂျန်နရေတာတွေသာ ကောင်းကောင်း အလုပ်လုပ်သေးရင် ရေဒီယိုသတ္တိကြွမှု ပြဿနာ ကြီးကြီးမားမား မရှိနိုင်ဘူးလို့ သက်ဆိုင်ရာ ပညာရှင်တွေက သုံးသပ်ထားပါတယ်။
အသုံးပြုပြီးသွားတဲ့ နျူးကလီးယားလောင်စာတွေ ထိန်းသိမ်းတဲ့ အပိုင်းကို ထိခိုက်မှုကြောင့် အန္တရာယ်ဖြစ်မှာကိုလည်း စိုးရိမ်ကြပေမယ့် နျူဓါတ်ပေါင်းဖို အအေးခံတဲ့ အပိုင်း ထိခိုက်မှုလောက်တော့ မဆိုးရွားနိုင်ဘူးလို့ ယူကေနိုင်ငံ ရှက်ဖီးတက္ကသိုလ်က နျူးကလီးယား ဆွေးမြေ့ပျက်စီးခြင်းဆိုင်ရာ ပါမောက္ခ ကလဲ ကော့ဟီးလ်က ဆိုပါတယ်။
ဇာပိုရီးရှားစက်ရုံကို ထိခိုက်မိသွားရင် ဘာတွေ ဖြစ်လာနိုင်သလဲ
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အရာရှိတွေကတော့ ဇာပိုရီးရှား စက်ရုံမှာ နျူးကလီးယား မတော်တဆမှု ဖြစ်သွားမယ်ဆိုရင် ရေဒီယိုသတ္တိကြွတဲ့ အခိုးအငွေ့ တိမ်တိုက်တွေ ဘယ်လို ပြန့်သွားနိုင်သလဲဆိုတဲ့ မြေပုံကို ထုတ်ပြန်ထားပါတယ်။
အဲဒီ မြေပုံအရဆိုရင် ဒီစက်ရုံရဲ့ မတော်တဆမှုကြောင့် ပြန့်သွားမယ့် ရေဒီယိုသတ္တိကြွ အငွေ့တွေဟာ ယူကရိန်းပြည်တွင်းသာမကပဲ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ဟန်ဂေရီ၊ ပိုလန်နဲ့ ဆလိုဗားကီးယားနိုင်ငံတွေကိုပါ ရောက်ရှိသွားနိုင်တယ်လို့ ဆိုပါတယ်။
ဇာပိုရီးရှားနျူစက်ရုံမှာ ဖြစ်နိုင်ခြေရှိတဲ့ ထိခိုက်မှုမျိုးကတော့ နျူးကလီးယား ဓာတ်ပေါင်းဖိုကို ဓာတ်အားပေးတဲ့ စနစ်နဲ့ အရန်ထားတဲ့ ဂျန်နရေတာစနစ်တွေ ဓာတ်အားမရဘူးဆိုရင် နျူဓါတ်ပေါင်းဖိုကို အေးအောင်လုပ်ပေးတဲ့စနစ် ပျက်စီးပြီး ရေဒီယိုသတ္တိကြွပစ္စည်းတွေ လေထဲ ပျံ့နှံ့မှု ဖြစ်နိုင်တယ်လို့ ပါမောက္ခ ကော့ဟီးလ်က ပြောဆိုထားပါတယ်။
အခုလို ရေဒီယိုသတ္တိကြွ အငွေ့တွေ ထွက်လာနိုင်ခြေရှိရာမှာ အဲဒီအချိန်မှာ ဖြစ်ပေါ်နေတဲ့ လေတိုက်မှု လမ်းကြောင်းက ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်နိုင်သလဲ ဆိုတာကို အဆုံးအဖြတ်ပေးမှာ ဖြစ်တယ်လို့ ပါမောက္ခ ကော့ဟီးလ်က ဆိုပါတယ်။
စစ်မျက်နှာ အနီးမှာ အခုလို နျူးကလီးယားစက်ရုံ ရှိနေတာမျိုးကြောင့် တခုခု မှားယွင်းလွဲချော်သွားနိုင်ခြေ ရှိနေရာမှာ ရုရှားဘက်ကပြောတဲ့ ဥရောပအလယ်ပိုင်း နိုင်ငံတွေအထိ ထိခိုက်နိုင်ခြေ ရှိသလောက် ရုရှားနိုင်ငံထဲကိုလည်း နျူးကလီးယားအဆိပ်သင့်မှုတွေ ဝင်လာနိုင်ခြေ အလားတူ ရှိနေတယ်လို့ ဒေါက်တာ ကော့ဟီးလ်က ဆိုပါတယ်။
နျူးကလီးယား မတော်တဆမှု ဖြစ်မလာအောင် ဘာတွေ လုပ်ဆောင်နေကြသလဲ
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကတော့ ဇာပိုရီးရှားနျူးကလီးယားစက်ရုံအခြေအနေကို စစ်ဆေးဖို့ ကုလသမဂ္ဂအရာရှိတွေကို ဝင်ခွင့်ပြုမယ်လို့ ပြောဆိုခဲ့ပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နဲ့ မစ္စတာ ပူတင်တို့ ဖုန်းဆက် စကားပြောဆိုအပြီးမှာ အခုလို ကြေညာချက် ထွက်ပေါ်ခဲ့တာ ဖြစ်ပြီး ကုလသမဂ္ဂက စုံစမ်းစစ်ဆေးသူတွေကို မဖြစ်မနေ လိုအပ်တဲ့ အထောက်အကူတွေ ပေးမှာ ဖြစ်တယ်လို့လည်း ရုရှားဘက်က ပြောပါတယ်။
အခုလို ရုရှားဘက်က ကြေညာချက်ကို ကုလသမဂ္ဂရဲ့ နိုင်ငံတကာ အနုမြူစွမ်းအင်အဖွဲ့ IAEA က ကြိုဆိုခဲ့ပြီး IAEA ရဲ့ ညွှန်ကြားရေးမှူး ရာဖယ် ဂရော့စီကလည်း အခုလို စုံစမ်းစစ်ဆေးမယ့် ခရီးစဉ်ကို သူကိုယ်တိုင် ဦးဆောင်ဖို့လည်း ဆန္ဒရှိတယ်လို့ ဆိုပါတယ်။
အခုလို အခြေအနေကို ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇလန်းစကီးကလည်း ကြိုဆိုခဲ့ပေမယ့် အသေးစိတ် ဘယ်လိုဖြစ်လာမလဲ ဆိုတာကတော့ စီမံနေရဆဲ ဖြစ်တယ်လို့ သူ့ရဲ့ ညစဉ်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကတော့ ဒီဒေသတဝိုက် တိုက်ခိုက်နေကြမှုတွေ ရပ်ဖို့နဲ့ ရုရှားက အဲဒီ စက်ရုံနဲ့တကွ ဒေသတဝိုက်ကနေ တပ်တွေ ဆုတ်ခွာပေးပြီး လုံခြုံစိတ်ချရတဲ့ စစ်ကင်းမဲ့ဇုန် သတ်မှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
အခုလို စစ်ကင်းမဲ့ဇုန် သတ်မှတ်ဖို့ ကိစ္စကို ရုရှားဘက်က ငြင်းဆိုထားပြီး ဒီလို လုပ်လိုက်ရင် ဒီစက်ရုံရှိရာ နယ်မြေက ပိုပြီး အကာကွယ်မဲ့၊ အထိခိုက်လွယ်တဲ့ အနေအထားဖြစ်သွားမယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းနဲ့ ပြန်ကြားရေး လက်ထောက် ဒါရိုက်တာ အိုင်ဗန် နက်ချေရက်ဗ်က ပြောဆိုထားပါတယ်။
ဇာပိုရီးရှား နျူးကလီးယား စက်ရုံ အချက်အလက်
ဇာပိုရီးရှား နျူကလီးယား စက်ရုံကို ၁၉၈၄ နဲ့ ၁၉၉၅ ခုနှစ်အကြား ကာလမှာ ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။
ဒီနျူစက်ရုံမှာ နျူကလီးယား ဓာတ်ပေါင်းဖို ၆ ခု ရှိပြီး စုစုပေါင်း လျှပ်စစ် မဂ္ဂါဝပ် ၅၇၀ဝ ထုတ်လုပ်နိုင်ပါတယ်။
ဒီစက်ရုံဟာ ယူကရိန်းတောင်ပိုင်းမှာ တည်ရှိတာဖြစ်ပြီး စစ်မဖြစ်ခင်မှာ ယူကရိန်းနိုင်ငံ ဓာတ်အား လိုအပ်ချက်ရဲ့ ၂၀ ရာခိုင်နှုန်းကို ပေးနေတယ်လို့ ဆိုပါတယ်။
လောလောဆယ်မှာ ရုရှားစစ်တပ်ရဲ့ စောင့်ကြပ်မှုအောက်အတွင်း လုပ်နေရတဲ့ စက်ရုံဝန်ထမ်းတွေ အနေနဲ့ ဒီစက်ရုံကို ရုရှားက လုံးဝ ခေတ္တ ရပ်ဆိုင်းလိုက်ပြီး ယူကရိန်းအစား ရုရှားဘက်ကို ဓာတ်အားသွယ်လိုက်မှာကိုလည်း စိုးရိမ်နေကြပါတယ်။